လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များ

ကျန်းမာရေး ကောင်းဖို့ရာအတွက် “မိုးမှာ ပိတ်ချင်း၊ နွေမှာ ချင်း (ဂျင်း)၊ ဆောင်းတွင်း ငရုတ်ကောင်း”  ဆိုတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။ လူအတော်များများဟာ ငရုတ်ကောင်းရဲ့ ဆေးဖက်ဝင်ပုံကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ငရုတ်ကောင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုနဲ့ ကင်ဆာ ဆန့်ကျင်တဲ့အစွမ်းတို့ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေတာကြောင့် အောက်ပါအကျိုးကျေးဇူးတို့ကို ရရှိနိုင်ပါတယ်။

(၁) အစာကြေစေပါတယ်

ငရုတ်ကောင်းမှုန့်ကို ဟင်းချိုထဲ ထည့်သောက်ရင် အစာခြေစနစ် ပြဿနာတွေနဲ့ အူလမ်းကြောင်း ပိုးဝင်မှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကိုလည်း ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်ဟာ အစာအိမ်ကနေ ဟိုက်ဒရိုကလိုရစ် အက်စစ် ထွက်ရှိစေပြီး ဒီအက်စစ်ဟာ အစာတွေကို ကြေညက်ဖို့အတွက် လိုအပ်ပါတယ်။ ငရုတ်ကောင်းဟာ အစာအိမ်ထဲမှာ အစာတွေ ကြာကြာမရှိစေတာကြောင့် လေပွတာနဲ့ အစာအိမ်ဝေဒနာတို့ ကင်းဝေးစေတာပါ။

(၂) အစာစားချင်စိတ် မရှိတာကို လျော့ပါးစေပါတယ်

ငရုတ်ကောင်းဟာ လျှာအရသာခံအဖုတွေကို လှုံ့ဆော်ပေးတာကြောင့် အစာစားချင်စိတ်မရှိဘဲ ခံတွင်းပျက်တဲ့ ဝေဒနာကို သက်သာစေပါတယ်။

(၃) ကိုယ်ပူကျစေပါတယ်

ကိုယ်ပူပြီး ဖျားနေချိန်မှာ ငရုတ်ကောင်းစေ့ အနည်းငယ်ထည့်ကာ ပြုတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပေးရင် ကိုယ်ပူကြီးတာကို သက်သာစေပါတယ်။

(၄) သွားကိုက်တာကို သက်သာစေပါတယ်

သွားကိုက်နေချိန်မှာ ငရုတ်ကောင်းစေ့ ထည့်ပြုတ်ထားတဲ့ ကြက်သီးနွေးရေနဲ့ အာလုတ်ကျင်းပေးပါက သွားကိုက်ဝေဒနာကို သက်သာစေပါတယ်။

(၅) ဝမ်းချုပ်တာကို သက်သာစေပါတယ်

တစ်နေ့ နှစ်ကြိမ်လောက် ငရုတ်ကောင်းခတ်ထားတဲ့ ဟင်းရည်ပူပူကို သောက်ပေးရင် ဝမ်းချုပ်ခြင်း ကင်းစေပါတယ်။

(၆) အအေးမိတာနဲ့ ချောင်းဆိုးတာကို ကင်းဝေးစေပါတယ်

ငရုတ်ကောင်း အနည်းငယ်ငုံပေးတာကြောင့် ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်း ယားယံတာတို့ကို သက်သာစေပါတယ်။ ငရုတ်ကောင်းပါတဲ့ ရေနွေးကြမ်းကို တစ်နေ့နှစ်ကြိမ် သောက်ရင်လည်း အအေးမိဝေဒနာကို သက်သာစေပါတယ်။

(၇) ကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ထွက်သွားစေပါတယ်

ငရုတ်ကောင်းပါတဲ့ ဟင်းရည်ကိုသောက်တာကြောင့် ချွေးထွက်များစေပြီး ဆီးသွားစေတာကြောင့် ကိုယ်တွင်းမှ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ကင်းစင်သွားစေပါတယ်။

(၈) ပြတ်ရှရာကို အနာကျက်လွယ်စေပါတယ်

အသေးအမွှား ပြတ်ရှ ဒဏ်ရာတွေအတွက် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ဖြူးပေးရင် သွေးထွက်တာကို တိတ်စေပြီး ပိုးသေကာ ချက်ချင်း အနာကျက်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။ ငရုတ်ကောင်းမှာ ဘက်တီးရီးယားသတ်တဲ့ ဂုဏ်သတ္တိပါဝင်လို့ပါ။

(၉) ကင်ဆာကို ကာကွယ်ပေးပါတယ်

 ငရုတ်ကောင်းမှုန့်ဟာ ရင်သားကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။ ငရုတ်ကောင်းမှာပါတဲ့ Piperine ဓာတ်ဟာ ရင်သားကင်ဆာအကျိတ်ကို ကြီးထွားမှု မဖြစ်လာအောင် ကာကွယ်ပေးနိုင်တယ်လို့ မစ်ချီဂန် ကင်ဆာစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။ ငရုတ်ကောင်းကို နနွင်းမှုန့်နဲ့ တွဲသုံးရင် ကင်ဆာကာကွယ်နိုင်တဲ့ အစွမ်းက ပိုရှိလာပါတယ်။

(၁ဝ) နှာခေါင်းပိတ်တာကို သက်သာစေပါတယ်

ငရုတ်ကောင်းမှာပါတဲ့ သဘာဝ နှာစေးပျောက် အာနိသင်ဟာ ချွဲအမြှေးပါးတွေကို လှုံ့ဆော်မှုဖြစ်စေပြီး အရည်ကျဲကျဲ နှာရည်တွေကျကာ နှာခေါင်းပိတ်တာ သက်သာသွားစေနိုင်ပါတယ်။ နှာခေါင်းပိတ်နေရင် ကြက်သား စွပ်ပြုတ်ထဲကို ငရုတ်ကောင်းမှုန့် ဖြူးပြီး စားပေးပါ။ အသက်ရှူလမ်းကြောင်း တစ်လျှောက် ကျန်းမာစေပြီး အသက်ဝဝရှူနိုင်ပါလိမ့်မယ်။

သဘာဝရဲ့အားအင် မှ ကူးယူဖော်ပြပါသည်။

ရေတွင်းတူးရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားနည်း


ဂန့်ဂေါဘက်က ရွာတစ်ရွာတွင် ရေတွင်းတူးရာ တစ်ရွာလုံး ရေတွင်းတူးရန် နှစ်နေရာ ရှာရာ ယခုနေရာကျမှ ရေတွေ့တော့သည်ဟု သိရသည်။ ရေ ရှိ-မရှိ၊ ရေ ရ-မရကို “ကြေးနီချောင်း”ဖြင့် ရှာရသည်ဟု သိရသည်။
ရေတွင်းမှာ အတောင် (၂၈)တောင် အနက်ရောက်၌ ရေတွေ့သည်။ ရေမှာ ကြည်လင်သော ရေကောင်းရေသန့် ရသည်။ ကျောက်တုံးကျောက်ခဲချည်းပဲ ထော်လာဂျီ ငါးစီးတိုက်ခန့် ရသည်။ ဤသို့ ကျောက်သဲရမှတော့ အဘယ်မှာ ရေမကောင်းဘဲ နေမည်နည်း။
ရေတွင်းတူးသူများမှာ (၄)ယောက်ရှိသည်။ ရပ်ကွက်ကပါ ဝိုင်းကူကြသည်။ ရေတွင်းမှာ နက်သဖြင့် နံနက် ၆-နာရီမှ ၁၂-နာရီထိ တစ်ကြိမ်၊ ညနေ ၂-နာရီမှ ၆-နာရီထိတစ်ကြိမ် နှစ်ကြိမ်ဆင်းတူးကြသည်။
တွင်းထဲသို့ မဆင်းမီ ဖယောင်းတိုင် မီးထွန်းချကြည့်ရာ မီးသေသွား၏။ အောက်ဆီဂျင်မရှိ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားရန် ငှက်ပျောလက်အစိုများကို ခုတ်၍ ကြိုးဖြင့်ချည်ကာ ရေတွင်းထဲသို့ ချလိုက်တင်လိုက် အကြိမ်ကြိမ် ပြုလုပ်ရ၏။ နာရီဝက်ခန့်ကြာ၏။ ပြီးမှ မီးထွန်းကြည့်ရာ မီးမသေမှ တွင်းထဲ ဆင်းဆင်းတူးရ၏။
ဤနည်းဖြင့် ငှက်ပျောလက်အစိုများဖြင့် ရေတွင်းထဲ ချလိုက်တင်လိုက်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို ဖယ်ရှားပြီး တူးတူးသွားရာ ရက်ပေါင်း ၂၀-နီးပါး တူးသောအခါမှ ရေတွေ့၍ ရေရလာသည်။ ရေမှာ ကျောက်ခဲ ကျောက်တုံးများကြားမှ ထွက်လာသောရေဖြစ်၍ ရေကြည်ရေသန့် ရလေသည်။
ကာဗွန်ဒိုင်အောက်ဆိုဒ်မှာ နံနက်ခင်း အအေးဓာတ်ရှိလျှင် နည်းပါးပြီး၊ ညနေပိုင်း အပူချိန်များလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် များပါသည်။ သို့အတွက် ရေတွင်းနက်နက် တူးပါက ပထမဦးစွာ ဖယောင်းတိုင် မီးထွန်းချကြည့်ပါ။ မီးသေက တွင်းထဲ မဆင်းပါနှင့်ဦး။
ငှက်ပျောလက်အစိုများ (၄-၅-၁၀)လက်ခန့်ကို ခုတ်ယူပြီးမှ ချလိုက်တင်လိုက် လုပ်ခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို အပေါ်သို့ ဖယ်ထုတ်ပါ။ အနည်းဆုံး နာရီဝက်ခန့်ကြာ ပြုလုပ်ရပါသည်။ ထိုသို့ ပြုလုပ်ပြီးမှ ဖယောင်းမီး ချကြည့်၍ မီးမသေမှ ရေတွင်းထဲ ဆင်းတူးပါ။
ဤသို့ဖြင့် အသက်ဘေးမှ ကင်းဝေးပြီး ရေတွင်းနက်နက် တူးနိုင်ကြောင်း ကိုယ်တွေ့မျက်မြင် ရေးသားလိုက်ရပါသတည်း။

ဝင်းသူ

iPhone 6 နှင့် iPhone 6 Plus ကြေညာပြီ

iPhone 6 နဲ့ iPhone 6 Plus ဆိုပြီးတော့ Apple မှ တရားဝင် ကြေညာလိုက်ပါပြီ။





၁) ပထမဆုံး ပေါ်ခဲ့ဖူးတဲ့ iPhone ထက် Processor က အဆ ငါးဆယ် မြန်ပါတယ်။
၂) 3D အမြင်ကဲ့သို့ ကောင်းမွန်သော မြင်ကွင်းကို ဂိမ်းအတွက် ထောက်ပံ့ထားသည်။
၃) Graphic က ပထမဆုံး iPhone ထက် ၈၄ ဆ ကြည်လင်သည်။
၎) A8 Chip က ယခင် Processor ထက် ၂၅ ရာခိုင်နှုန်းပိုမြန်၍ graphic ကို ၅၀ ရာခိုင်နှုန်း တက်စေ။
၅) iPhone 6 တွင် pixel တစ်သန်း ပါဝင်ပြီး iPhone 6Plus တွင် pixel ၂ သန်း ပါဝင်သည်။
၆) ကမ္ဘာ့ ဂိမ်း Developer ကုမ္ပဏီကြီး ၂၅ ခုမကနဲ့ သဘောတူညီချက်ရယူထားတာမို့ ဂိမ်မာ များအတွက် iPhone 6 နဲ့ 6 Plus ဟာ ဂိမ်းဆော့စရာ ပစ္စည်း တစ်ခုလည်း ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
၇) iPhone 6 က ၄.၇ လက်မ၊ iPhone 6S က ၅.၅ လက်မ အရွယ် ရှိပါတယ်။
၈) M8 coprocessor မှ accelerometer, gyroscope, and compass တို့မှ Motion data များကို အဆက်မပြတ်ရယူနိုင်။ Sensor နည်းပညာ မြင့်တက်လာမှုကို Apple တို့ ရည်ညွန်းဖော်ပြခဲ့ပါတယ်။
၉) 802.11ac အရည်အသွေး ရှိတဲ့ Wi-Fi ပစ္စည်းဟာ လက်ရှိ iPhone 5S ထက် သုံးဆ မြန်တာကြောင့် အင်တာနက်လိုင်း စွဲအား အင်မတန် ကောင်းတဲ့ စမတ်ဖုန်း ဖြစ်လာပါလိမ့်မယ်။
၁၀) iPhone 6 မှာ 8MP iSight camera, 1.5µ pixels, ƒ/2.2 aperture ရှိပြီး Digital image stabling နည်းပညာ ပါဝင်ပါတယ်။
၁၁) ဗီဒီယို ရိုက်တဲ့အခါပဲ ဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်တဲ့ အခါပဲ ဖြစ်ဖြစ် ပြုံးနေတဲ့ ပုံတွေ၊ အကောင်းဆုံး ရိုက်ချက်ပုံတွေကို အကြံပေးတာမျိုးအထိ ကင်မရာမှာ မှတ်ဥာဏ် ပါဝင်လာပါတယ်။ 120 fps သို့မဟုတ် 240 fps အရည်အသွေးနဲ့ slow motion ဗီဒိယို ရိုက်နိုင်ပါတယ်။
၁၂) ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေမယ့် ကျန်းမာရေး App ဖြစ်တဲ့ Health App ဆိုတာလေး ပါဝင်လာပါပြီ။
၁၃) ကြိုတင် မှာယူမှုကို စက်တင်ဘာလ ၁၂ ရက်နေ့ဆိုရင် စလုပ်နိုင်ပါပြီ။
၁၄) စက်တင်ဘာလ ၁၇ ရက်နေ့က စလို့ iOS 8 ကို အခမဲ့ Download ဆွဲနိုင် ပါပြီ။
၁၅) Tim cook မှတ်ချက် - “These iPhones obviously have bigger displays, but more importantly, they’re amazing products in every single way.”
၁၆) ပိုက်ဆံအိတ်တွေကို အစားထိုးမယ့် အရာတစ်ခုလို့ Apple က စပြီး Payment အတွက် သုံးစရာ device တစ်ခု ဖြစ်အောင် ဖန်တီးထားကြောင်းလည်း ဆိုပါတယ်။
၁၇) iPhone 6 Plus ကို ၂ နှစ် စာချုပ်နဲ့ ရောင်းဈေးက 16GB ကို ၂၉၉ ဒေါ်လာ၊ 64GB ကို ၃၉၉ ဒေါ်လာ၊ 128GB ကို ၄၉၉ ဒေါ်လာ စီ ရှိပါတယ်။ စာချုပ်မပါ ၇၄၉ ဒေါ်လာ။
၁၈) iPhone 6 နဲ့ iPhone 6 Plus ဟာ memory တူရင် ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၀၀ သာ ကွာပါတယ်။ iPhone 6 ကို ၂ နှစ် စာချုပ်နဲ့ ရောင်းဈေးက 16GB ကို ၁၉၉ ဒေါ်လာ၊ 64GB ကို ၂၉၉ ဒေါ်လာ၊ 128GB ကို ၃၉၉ ဒေါ်လာ စီ ရှိပါတယ်။ စာချုပ်မပါ ၆၄၉ ဒေါ်လာ။
၁၉) ငွေပေးချေကဒ် အမျိုးမျိုးတို့ကို သယ်သွားစရာမလိုတော့ပဲလိုအပ်တာတွေကို Apple ထဲမှာပဲ save ပြီး သုံးနိုင်ပြီး Apple Pay ဆိုတဲ့ ငွေပေးချမှု ဝန်ဆောင်မှု ပါဝင်လာခြင်း ဖြစ်ပါတယ်။ Master Card, Visa, American Express အပြင် ကမ္ဘာ့ထိပ်သီးဘဏ် ၁၁ ခုကျော်နဲ့ ချိတ်ဆက်ထားပြီး ဒါကိုလည်း တိုးချဲ့သွားမှာကြောင့် နိုင်ငံတိုင်း အသုံးပြုနိုင်တဲ့ အနေအထား တစ်ခု အထိ ရောက်လာ နိုင်ပါတယ်။ လက်ဗွေနှိပ်ရုံနဲ့ ငွေပေးချေမှု၊ လွဲပြောင်းမှုကို ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်။
၂၀) Apple Pay ကို iPhone 6 နဲ့ 6 Plus မှာ သုံးနိုင်ပြီး အောက်တိုဘာက စလို့ အမေရိကန်မှာ စသုံးနိုင်မှာ ဖြစ်ပါတယ်။ McDonald, Nike, Disney Land တို့လို အပြင် အခြား ကမ္ဘာ့ ထိပ်သီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ကုမ္ပဏီများမှာ ဈေးဝယ်တဲ့အထိ ဝယ်ယူတဲ့အခါ အသုံးပြု နိုင်ပါတယ်။ Apple store တွေမှာလည်း သုံးနိုင်ပါတယ်။ အဓိက concept က အစောက ပြောခဲ့သလိုပဲ ပိုက်ဆံအိတ်ကို အစားထိုးမယ့် ပစ္စည်း ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

အဌာရသ (၁၈)ရပ် ဟူသည်

၁။ အကြားအမြင်သုတ အတတ်၊
၂။ ဓမ္မသတ်တတ်ကျွမ်းမှု အတတ်၊
၃။ သချာင်္ဆိုင်ရာ အတတ်၊
၎။ စူး၊ ဆောက် အစရှိသော ဗိသုကာ အတတ်၊
၅။ လောကနီတိ အတတ်၊
၆။ ယတြာ အတတ်၊
၇။ ကဗျာ၊ ဂီတ၊ လင်္ကာ၊ ပညာ အတတ်၊
၈။ လက်ပစ် အတတ်၊
၉။ လေးမြှား အတတ်၊
၁၀။ စကားဟောင်း ရှေးကျမ်းဂန် အတတ်၊
၁၁။ ဆေးပညာ အတတ်၊
၁၂။ ရယ်ရွှင်ဖွယ် အတတ်၊
၁၃။ ဗေဒင် အတတ်၊
၁၄။ လှည့်ပတ်ဖြားယောင်းတတ်သော မာယာ အတတ်၊
၁၅။ ဆန်းကျမ်း အတတ်၊
၁၆။ သံတမာန် အတတ်၊
၁၇။ မန္တန် အတတ်၊
၁၈။ သဒ္ဒါတတ်ကျွမ်းမှု အတတ်။

Express Times

သင်ဒါတွေဖတ်ပြီး အံ့သြသွားနိုင်လေရဲ့

၁။ သမိုင်းဝင်မိုနာလီဇာပန်းချီကားကို ပထမမြောက်ပြင်သစ်ဘုရင်က ရေချိုးခန်းထဲမှာ ချိတ်ထားရန် ၀ယ်ခဲ့ခြင်းသာဖြစ်သတဲ့
၂။ တရုတ်ပြည်က မဟာတံတိုင်းကြီးကို တည်ဆောင်ဖို့အတွက် .နှစ်ပေါင်း ၁၇၀၀ အချိန်ယူရတယ်တဲ့
၃။ ပုရွက်ဆိတ်တွေက ၂၄ နာရီ မအိပ်ဘဲ အလုပ်လုပ်ပါတယ်တဲ့
၎။ ရှေးတုန်းက အီဂျစ်ပြည်က သိပ္ပံပညာရှင်တွေဟာ ကျောက်တုံးတွေကိုခေါင်းအုံးပြီးအိပ်ချင်းဟား တွေးခေါ်မှုနိုးကြားစေဖို့ အတွက်ဖြစ်သတဲ့
၅။ ကြက်တကောင်ရဲ့ အချိန်အကြာဆုံးပျံသန်းနိုင်မှုက ၁၃စက္ကန့်ပဲ ရှိသတဲ့
၆။ တယ်လီဖုန်းကို စတီထွင်ခဲ့တဲ့ ဂရေဟမ်ဘဲလ်က ဖုန်းမြည်သံကြားရင် ရူးချင်တဲ့အတွက် သူ့အခန်းထဲမှာ ဖုန်းမထားပါဘူးတဲ့
၇။ ဒိုင်းနမိုက်ပြုလုပ်တဲ့အခါမှ မဖြစ်မနေထည့်ရတဲ့အရာတခုရှိပြီး လူတိုင်းလည်းစားတဲ့အရာဖြစ်ပါတယ် အဲဒါကတော့ မြေပဲဆန်ပါပဲ
၈။ ပြင်သစ်ဘုရင် လူဝီဆယ့်ငါးဟာ တစ်သက်မှာ ရေ ၃ ကြိမ်ပဲ ချိုးဘူးသူဖြစ်ပါတယ်တဲ့
၉။ မိုးကြိုးပစ်ရင် မိန်းမတစ်ယောက်ထက် ယောက်ကျားတစ်ယောက်က ၄ ဆပိုပြီးမှန်နိုင်ချေရှိပါသတဲ့
၁၀။ ကိုကာကိုလာရဲ့ မူလအရောင်က အစိမ်းရောင်ဖြစ်သတဲ့
၁၁။ ကမ္ဘာပေါ်မှာ အများဆုံးရှိတဲ့ အမည်က မိုဟာမက်ဆိုတဲ့ အမည်ပဲဖြစ်ပါတယ်
၁၂။ ကင်းမြီးကောက်တကောင် ပေါ်ကို အရက်လောင်းချလိုက်ရင် သူ့ကိုယ်သူ ကိုက်သေပါသတဲ့
၁၃။ လူတွေ ကိုယ့်ကိုကိုယ် အများဆုံးသတ်သေတဲ့နေ့ က စစ်တမ်းအရ တနင်္လာနေ့ဖြစ်ပါသတဲ့
၁၄။ ညာသန်တွေက ဘယ်သန်တွေထက် သက်တမ်းစေ့ဆိုရင် ၇ နှစ်ပိုရှည်ပါသတဲ့

The Express Times 

ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်အကြောင်း တစေ့တစောင်း

(၁) ဧ၀ရတ်တောင်ကို မည်သည့်တောင်တက်သမားမျှ မတက်ရောက်ခဲ့သော နောက်ဆုံးနှစ်မှာ ၁၉၇၄ ခုနှစ်ဖြစ်သည်။
(၂) ၁၉၇၈ခုနှစ်တွင် Reinhold Messner သည် အဖော်ဖြစ်သူ Peter Habeler နှင့်အတူ ဧ၀ရတ်တောင်အား အောက်ဆီဂျင် ဗူးမပါဘဲ ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့သည်။ နောက်ထပ် နှစ်နှစ်အကြာတွင် Messner သည် အောက်ဆီဂျင်ဗူးမပါဘဲ တစ်ဦးတည်း ထပ်မံတက်ရောက်နိုင်ခဲ့ ပြန်သည်။
(၃) ၁၈၅၆ ခုနှစ်တွင် အနားယူသွားပြီဖြစ်သည့်အပြင် ယင်းတောင်ထိပ်ကို မြင်ပင်မမြင်ဖူးခဲ့သော ဝေလလူမျိုး ဆာဗေးတိုင်း တာရေး အကြီးအကဲ George Everest ကို ဂုဏ်ပြု၍ ဧ၀ရတ်တောင် (Everest Mt.) ဟု အမည်ပေးခဲ့သည်။
(၄) ဧ၀ရတ်တောင်ထိပ်ပေါ်ပထမဆုံးခြေချခဲ့သော Edumund Hillary သည် သားဖြစ်သူ Peter Hillary နှင့် အတူ ၁၉၉၀ ပြည့်နှစ်တွင် ယင်းတောင်ကို ထပ်မံတက်ရောက်ရာ ထိုသို့တက်ရောက်သည့် ပထမဆုံးသော သားအဖအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။
(၅) ဧ၀ရတ်တောင်တည်ရှိမှုကို ၁၈၅၀ ပြည့်နှစ်များဆီက အိန္ဒိယတိုင်းတာရေး ဆာဗေးကြောင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
(၆) ဧ၀ရတ်တောင်၏ အမြင့်ကို ပထမဆုံး တွက်ထုတ်ခဲ့သူမှာ အိန္ဒိယ သင်္ချာပညာရှင် Radhanath Sikdar ဖြစ်သည်။ သူက ၂၉၀၀၂ ပေအဖြစ်တွက်ချက်ခဲ့ရာ ကမ္ဘာ့အမြင့်ဆုံးဖြစ်ခဲ့သည်။ (လက်ရှိအချိန် တွင် ၂၉၀၃၅ ပေအဖြစ် အတည်ပြုထားသည်။)
(၇) ၁၉၃၃ ခုနှစ်တွင် ဧ၀ရတ်တောင်ထိပ်ပေါ်မှ ပထမဆုံးအကြိမ် လေယာဉ်ဖြတ်ပျံခဲ့သည်။ ယင်းလေယာဉ်ကို မောင်းနှင်ခဲ့သော လေယာဉ်မှူးမှာ Douglas Douglas-Hamilton နှင့် David Fowler MacIntyre တို့ဖြစ်သည်။
(၈) ထိုသို့ပျံသန်းပြီး ၁၈ နှစ်ကြာသောအခါ Douglas ၏ မြေးဖြစ်သူ Charles Douglas-Hamilton က လေကြောင်း ခရီးသည် အနေဖြင့် ဧ၀ရတ်တောင်ထိပ်မှ ဖြတ်သန်းခဲ့ပြန်သည်။
(၉)၂၀၀၅ ခုနှစ် မေလတွင် Didier Delsalle သည် ဧ၀ရတ်တောင်ထိပ်သို့ ဆင်းသက်သည့် ပထမဆုံးသော ရဟတ် ယာဉ်မှူးဖြစ်လာသည်။
(၁၀) ဧ၀ရတ်တောင်တက်ခရီးသမိုင်းတွင် လူအများဆုံး သေဆုံးခဲ့သောနှစ်မှာ ၁၉၉၆ ခုနှစ်ဖြစ်ပြီး တောင်တက်သမား (၁၅)ဦး သေဆုံးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် တောင်တက်သမား ၁၁ ဦးသေဆုံးခဲ့သည်။
(၁၁) ဧ၀ရတ်တောင်၏ အန္တရာယ်အကြီးဆုံး ဧရိယာမှာ ရေခဲပြိုကျသည့် khumbu ဒေသဖြစ်ပြီး မျှော်မှန်းမထားနိုင်သော ရေခဲကျဆင်းမှုက အန္တရာယ် အကြီးမားဆုံးဖြစ်စေသည်။
(၁၂) ဧ၀ရတ်တောင်အား တက်ရောက်ခဲ့သည့် အသက်အကြီးဆုံး တောင်တက်သမားမှ ဂျပန်နိုင်ငံမှ အသက် ၈၀ အရွယ် Yuichiro Miura ဖြစ်သည်။
(၁၃) Yuichiro Miura သည် ဒေါင်လိုက်အမြင့်ပေ ၄၂၀၀ မှ စကိတ်ဖြင့် ဆင်းနိုင်ခဲ့သော မှတ်တမ်းတင်ခဲ့သည်။ ယင်းစွမ်း ဆောင်မှုကို ဧ၀ရတ်တောင်မှ စကိတ်ဖြင့်ဆင်းသူ ဟူ၍ ရုပ်ရှင်ရိုက်ကူး ခဲ့ရာ ၁၉၇၅ ခုနှစ်၏ အကောင်းဆုံး အားကစားရုပ်ရှင် အကယ်ဒမီဆုရရှိခဲ့သည်။
(၁၄) ဧ၀ရတ်တောင်တွင် နာမည်အမျိုးမျိုးရှိသည်။ နီပေါနိုင်ငံတွင် Sagarmatha ဟုခေါ်ပြီး ကောင်းကင်၏နဖူး ဟု အဓိပ္ပါယ် ရသည်။ တိဗက်က Chomolangma ဟု သုံးနူန်းပြီး စကြာဝဌာ၏ မိခင် ဟု ဆိုလိုသည်။
(၁၅) ဧ၀ရတ်တောင်အား တက်ရောက်ခဲ့သည့် အငယ်ဆုံး တောင်တက်သမားမှာ အသက် ၁၃ နှစ်အရွယ် Jordan Romero ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် မေလတွင် အမေရိကန်လူငယ် Jordan Romero သည် ယခင်နီပေါမှ အသက် ၁၅ နှစ် Ming Kipa ၏ စံချိန်ကို ချိုးခဲ့ခြင်းဖြစ်သည်။
(၁၆) ဒူဘိုင်းနိုင်ငံက ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံနှင့် လူသား၏ တည်ဆောက်မှုတွင် အမြင့်ဆုံး အဖြစ် Burj Khalifa အဆောက်အဦးကို အမြင့် ၈၂၉ မီတာဖြင့်ဆောက်လုပ်နိုင်ခဲ့သည်။ သို့သော် ဧ၀ရတ်တောင်က ယင်းအဆောက်အအုံထက် ၁၀ ဆ ပိုမြင့်သည်။
(၁၇) ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အဦးဖြစ်သော တိုင်ပေမှ ၁၀၁ ထပ်အဆောက်အဦးသည် ၅၀၉ မီတာသာ မြင့်ရာ ဧ၀ရတ်တောင်ထိပ်ကို မီရန် ၁၇ဆ ထပ်မြင့်ရမည်ဖြစ်သည်။
(၁၈) ဧ၀ရတ်တောင်၏ အမြင့်ဆုံး အခြေပြုစခန်းမှ တောင်ထိပ်ရောက်ရန်ပင် ပုံမှန်အားဖြင့် ၁၂ နာရီခန့် ထပ်မံတက်ရောက် ရလေ့ရှိသည်။
(၁၉) ဧ၀ရတ်တောင်ထိပ်သို့ အကြိမ်အများဆုံး တက်ရောက်ခဲ့သူမှာ Lhakpa Tenzing Sherpa ဖြစ်ပြီး ၁၉၉၀ပြည့်နှစ်မှ စ၍ ၂၁ ကြိမ်တက်ရောက်ခဲ့သည်။
(၂၀) ဗြိတိန်အမြင့်ဆုံးစံချိန်အဖြစ် Kenton Cool က ဧ၀ရတ်တောင်ထိပ်အား ၁၁ကြိမ် တက်ရောက်ခဲ့ သည်။
(၂၁) ဧ၀ရတ်တောင်ထိပ်ရှိ အပှုချိန်သည် အေးခဲသည့်ပမာဏထက် မည်သည့်အခါကမျှ မြင့်မားလေ့ မရှိဘဲ ဆောင်းရာသီတွင် (-၃၆) ဒီဂရီ စင်တီဂရိတ်နှင့် နွေရာသီတွင် (-၁၉) ဒီဂရီစင်တီဂရိတ် ပျှဉ်းမျှ ရှိသည်။
(၂၂) ၂၀၁၂ ခုနှစ်တွင် နီပေါအမျိုးသမီး Churim Sherpa သည် (၅)ရက် သာခြား၍ ဧ၀ရတ်တောင်အား နှစ်ကြိမ်ဆက်တိုက် တက်ရောက်ခဲ့သည်။
(၂၃) ဧ၀ရတ်တောင်ထိပ်မှ ပထမဆုံးသော တွစ်တာမက်ဆေ့ကို Kenton Cool က ၂၀၁၁ ခုနှစ်တွင် ပေးပို့ခဲသည်။
(၂၄) Leanna Shuttleworth သည် ဧ၀ရတ်တောင်ကိုတက်ရောက်သည့် အငယ်ဆုံးသော ဗြိတိန်အမျိုးသမီးဖြစ်ခဲ့သည်။ သူသည် ၂၀၁၂ ခုနှစ်၊ အသက်၁၉နှစ်အရွယ်တွင် ဧ၀ရတ်တောင်ထိပ် သို့ တက်ရောက်နိုင်ခဲ့သည်။
(၂၅) ဧ၀ရတ်တောင်သည် ဆန့်ကျင်ဘက်မြေလွှာကြီးများ (tectonic plates) တွန်းတိုက်မှုကြောင့် နှစ် စဉ် ၄ မီလီမီတာ မြင့်တက်လျှက်ရှိသည်။
(၂၆) ဧ၀ရတ်တောင်ထိပ်ရှိ ကျောက်တုံးများသည် ပင်လယ် (marine limestone) များဖြစ်ပြီး လွန်ခဲ့သော နှစ်သန်းပေါင်း ၄၅၀ ခန့်က အနည်ကျခဲ့ခြင်းဟုယူဆကြသည်။
(၂၇) Edmund Hillary နှင့် Tenzing Norgayတို့ ဧ၀ရတ်တောင်ထိပ်သို့ တက်ရောက်ပြီးနောက်မှာ ပင် ဧ၀ရတ်တောင်၏ အနောက်ဘက် တောင်တန်းများမှ မတက်ရောက်နိုင်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။ သို့သော် ၁၉၆၃ ခုနှစ်တွင် အမေရိကန်လူမျိုးနှစ်ဦးဖြစ်သော Willie Unsoeld နှင့် Tom Hornbeinတို့က အဆိုပါ အနောက်ဘက်လမ်းကြောင်းမှ တက်ရောက်နိုင်ကြောင်း သက်သေထူနိုင်ခဲ့ကြသည်။
(၂၈)အံ့သြစရာ မကောင်းသောအချက်မှာ ဧ၀ရတ်တောင်တွင်လုပ်ဆောင်ခဲ့ရသော ကယ်ဆယ်ရေးများမှာ အမြင့်ဆုံး တောင်တက် ကယ်ဆယ်ရေးများဖြစ်နေခြင်းဖြစ်သည်။ ၂၀၀၁ခုနှစ်တွင် ဆောင်ရွက်ခဲ့သော ကယ်ဆယ်ရေးမှာ လမ်းပြတစ်ဦးနှင့် တောင်တက်သမားတစ်ဦးကို အမြင့်ပေ ၂၈၅ ၀၀ တွင် တစ်ညအိပ် ရှာဖွေကယ်ဆယ်ခဲ့ရခြင်းဖြစ်သည်။
(၂၉) ၂၀၀၆ခုနှစ်တွင် Edmund Hillary က ဗြိတိန်လူမျိုးတစ်ဦးကို ကယ်ဆယ်ရန်ပျက်ကွက်သဖြင့် တောင်တက်သမားများအား ပြစ်တင်ဝေဖန်ခဲ့သည်။ အသက် ၃၄ နှစ်ရှိသူ David Sharp သည် ဧ၀ရတ်တောင်တက်ခရီးတွင်သေဆုံးခဲ့သည်။
(၃၀) ကြမ္မာဆိုးငင်သော (၁၉၂၄ခုနှစ်) တောင်တက်ခရီးစဉ်တွင် ကိုဒက်ခ် (Kodak) ကင်မရာ သယ်ဆောင် သွားမှု ကြောင့် George Mallory နှင့် Andrew Irvine တို့နှစ်ဦးကို လူအများ သိရှိခဲ့ကြသည်။ သူတို့နှစ်ဦးတောင်ထိပ်အထိ တက်ရောက် နိုင်ခဲ့သည်ဟု တစ်ချို့ကယုံကြည်ကြသည်။
(၃၁) ဧ၀ရတ်တောင်ထိပ်သို့တက်ရောက်သောခရီးတွင် တောင်တက်သမားများသည် ပင်လယ် ရေ မျက်နှာပြင်တွင် အသက်ရှု သွင်းခိုက် ရရှိသော အောက်ဆီဂျင် ပမာဏအောက် သုံးပုံ တစ်ပုံသာ လျော့၍ ရရှိသည်။ ယင်းသို့ဖြစ်ရခြင်းမှာ လေထုဖွဲ့ စည်းပုံ ပြောင်းလဲသွားခြင်းကြောင့်မဟုတ်ဘဲ လေဖိအား သိသိသာသာလျော့ပါးသွးခြင်းကြောင့် အောက်စီဂျင်အား ရယူနိုင်စွမ်းနည်း ပါးသွားရခြင်းဖြစ်သည်။

Credit- Htoo Foundation Blog

မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း

ခေါင်းစဉ်ဖတ်ရုံနှင့် အင်မတန် စိတ်ဝင်စားဖွယ် ကောင်းမည့် အကြောင်းအရာဖြစ်မှန်း စာဖတ်သူတို့ သိရှိမည်ဟု ယုံကြည်ပါသည်။
ယင်းသို့ ဗုဒ္ဓဘာသာမှ ခွဲထွက်လာသော ထိုလမ်းနှစ်သွယ်ကို ရေးသားသုံး သပ်ရန်မှာ အင်မတန်ခက်ခဲ လှသည်။ အကြောင်းမှာ- တစ်ဖက် စောင်းနှင်းဖော်ပြမိလျှင် မိမိဘာသာ သာ အမှန်၊ အခြားဘာသာ မှားယွင်းသည်ဟု မှားမှားယွင်းယွင်း သိမြင်စေသော အတ္တဝါဒီ သမား ဖြစ်နိုင်ခြင်း၊ ကွဲလွဲမှုများဖော်ပြရာ စာဖတ်သူတို့အား အမြင်လွဲမှား မှုများဖြစ်ပေါ်စေခဲ့လျှင် သံဃာသင်းခွဲသည် ဟူသော ကံကြီးတစ်ခုပါ ထိုက်ချေအုံးမည်။
သို့ဖြစ်ရာ မှန်ကန်သော အထောက်အထားများ ရရှိစေရန် စာအုပ်များ ဖတ်ရှုလေ့လာရပါသည်။ ထို့ကြောင့် စာရေးသူ တင်ပြသော မဟာယာန နှင့် ထေရဝါဒ အယူဖော်ပြ ချက်များမှာ ဗုဒ္ဓအဆုံး အမနှင့် ကျမ်းဂန်လာများ သာ ဖြစ်ကြောင်း သိစေလိုပါသည်။

ထေရဝါဒကို များများစားစား တင်ပြနေစရာမလို စာရေးသူတို့မြန်မာလူမျိုးအများစု ကိုးကွယ်နေသည့် ဘာသာဖြစ်ရာ သိရှိပြီးဟု ယုံကြည်သဖြင့် အကျဉ်းချုပ် အဓိပ္ပါယ်ကိုသာဖော်ပြလိုပါသည်။ ထို့နောက် မဟာယာနကို အကျယ်တစ်ပွင့်ဖော်ပြပါမည်။
ထေရဝါဒ ဟူသည် ထေရ နှင့် ဝါဒ ပေါင်းစပ်ထားသော မြင့်မြတ်သည့် အယူ (သို့) ရဟန်းမထေရ်တို့၏ဝါဒ (အယူ) ဟုဖြစ်သည်။ ထေရဝါဒ အယူအရ ခန္ဓာ၏ ဖြစ်ပျက်ကိုရှုပြီး သစ္စာလေးပါး သိမြင်ကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်စေသော အယူဖြစ်ပါသည်။ (ဒီထက်ပိုမိုကျယ်ပြန့်စွာ လည်း ဖော်ပြနိုင်ပါသည်။) ဤသည် အများက သိမြင်ထားသော အကျဉ်းချုပ်အဓိပ္ပါယ်ဖြစ်သည်။ သာဝက လမ်းစဉ်ဖြစ်ပြီး သောတပန်၊ သကဒါဂန်၊ အနာဂန်၊ ရဟန္တာစသည့် အရိယာအဆင့်ဆင့်ဖြင့် လောကီမှ နိဗ္ဗာန်သို့ကျွတ်တမ်းဝင်စေ သော လမ်းစဉ်ဖြစ်သည်။

မဟာယန ဟူသည်ကား ဗောဓိသတ္တယာန ခေါ် ဘုရားအလောင်းလမ်းစဉ်ကို ဦးစားပေးသော ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သည်။ မဟာ (ကြီးကျယ်မြင့်မြတ်သော) ယာန (ဝါဒ)(လမ်းစဉ်) ဟုခေါ်ဆိုရသည့် အကြောင်းနှစ်ချက်ရှိသည်။ ၁။ သတ္တဝါအများကိုကယ်တင်နိုင်သဖြင့် ကြီးကျယ်များပြားသော အနက်၊ ၂။ သမာရိုးကျဗုဒ္ဓဘာသာ (ထေရဝါဒနှင့် ဟိနယာန) တို့ထက်သာလွန်မြင့်မြတ်သည့်ရည်မှန်းချက်ရှိသော အနက်… ထိုအနက်နှစ်ခုကြောင့် မဟာဟုခေါ်ဆိုခြင်းဖြစ်သည်။
သဒ္ဓရ်မပုဏ္ဍရိက ကျမ်းတွင် မဟာယနဝါဒကို အလွယ်နည်းဖြင့်သိရန် ပုံပြင်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အိမ်ကြီးတစ်အိမ်တွင် ကလေးငယ်များ ကစားနေစဉ် ထိုအိမ်ကြီး မီးလောင်သည်ဆိုပါစို့။ ကလေးငယ်များက ဘာမျှ လုပ်တတ်ကြလိမ့်မည်မဟုတ်။ ထိုအခါ အားကောင်းမောင်းသန်ဖခင်ဖြစ်သူက ကလေးငယ်များနှင့်တကွ ကစားစရာများကိုပါ ယာဉ်ရာထားကြီးပေါ်တင်ပြီး မီးဘေးလွတ်ကင်းရာ သို့ထွက်ခဲ့သည်။ ထိုပုံပြင်၌ မီးလောင်နေသာ အိမ်ကြီး ကို ဒေါသမီး၊ လောဘမီး၊ မောဟမီး ဟုန်းဟုန်းတေက်လောင်မြိုက် နေသော ဤကမ္ဘာလောကကြီး၊ ကလေးငယ်များကို ပုထုဇဉ်လူသားများ၊ ကယ်တင်သူ ဖခင်ကို ဘုရားလောင်း၊ ကယ်တင်ရာ ယာဉ်ကို ဘုရားအလောင်းကျင့်စဉ် (ဗောဓိသတ္တယန) စသည့် ဥပမာများဖြင့် ဖော်ပြထားလေသည်။ ကလေးငယ်များ ကစားနေသော ကစားစရာယာဉ်များတွင် လူတကယ်စီးနိုင်လောက် သော လှည်းရုပ်များလည်းရှိမည်ဖြစ်သော်လည်း ထိုလှည်းကလေးများသည် ထကယ့်အရေးအကြောင်းရှိလာပါ မူကား အကူအညီရနိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းပြထားသည်။
ထို့ကြောင့် မဟာယန အယူအရ တစ်ဦးတစ်ယောက်တည်း နိဗ္ဗာန်သို့ရောက် ရန်ကျင့်ခြင်းသည် မမြင့်မြတ်၊ မိမိကိုယ်တိုင် ဘုရားဖြစ်မှသာ လောကကို ကယ်တင်နိုင်ပြီး အားလုံးကျွတ်အောင်ပြုနိုင်အပ်ပေသည်ဟု ယုံကြည်ကြသည်။

နိဗ္ဗာန်သို့ရောက်ရန် ကျင့်စဉ် သုံးနည်း (ဝါဒ ၃ဝါဒ) ရှိသည်။
၁။ သာဝကယာန ( သာဝက ရဟန်းဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း) ၂။ မစ္စေကဗုဒ္ဓယာန (ပစ္စေက ဗုဒ္ဓဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း) ၃။ ဗောဓိယာန (ဘုရားအဖြစ်မှ နိဗ္ဗာန်ဝင်ခြင်း) (ယင်းလမ်းစဉ်ကို နောက်ပိုင်း ဘုရားလောင်းကျင့်စဉ် (သမ္မာသမ္ဗောဓိ) ဟုလည်းခေါ်သည်။) စသည်တို့ဖြစ်သည်။
ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီး နှစ် ၁၀၀ ခန့်တွင် ပထမ သံဃာယနာတင်ပြီးနောက်ပိုင်း ဟိနယာနဂိုဏ်းတစ်ခု ထေရဝါဒ မှခွဲထွက်လာသည်။ ဒုတိယ သံဃာယနာကာလတွင်း ဝိနည်းဆယ်ပါး တီထွင်ပြဋ္ဌာန်းမှုကြောင့် မူလထေရဝါဒဂိုဏ်း ရဟန္တာမထေရ်ကြီးတို့က မိမိတို့အား သံဃာကံထားပြီး သာသနာတော်သန့်စင်ခဲ့သည်ကို အငြိုးထားကာ ရဟန္တာဆိုသည်မှာ ကိလေသာမကုန်သေး။ သံယောဇဉ်မကုန်သေး။ ထို့ကြောင့် ဘက်လိုက်မှုပြုတတ်သေးသည်။ အမှားကိုလည်းပြုတတ်သေးသည်။ ထို့ကြောင့် အရိယာဂုဏ်ယုတ်လျော့ အောင်ပြောဆိုဝေဖန်ပြီးလျှင် မိမိတို့သည် ထိုပထမသံဂါယနာတင် ရဟန္တာအိုကြီးများ၏ သာဝက လမ်းစဉ်ကို မလိုက်လိုကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
ထို့ကြောင့် အစဦးပိုင်းတွင် ဟိနယာနဂိုဏ်းဝင်တို့သည် ပစ္စေကဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံအားထုတ်ရာ နောက်ပိုင်း ၄င်းထက်ပိုမြင့်မြတ်သော ဘုရားလမ်းစဉ် (ဝါ) ဘုရားလောင်းလမ်းစဉ် (သမ္မာသမ္ဗောဓိ) သဖြင့် မဟာယန အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ ထို့ကြောင့် ဟိနယာန ဂိုဏ်းပျောက်ကွယ်ခဲ့သည်။
ဤတွင် စိတ်ဝင်စားဖွယ်တစ်ချက်ဝင်လာသည်။ မြတ်စွာဘုရားရှင်သည် လူ့ပြည်၌ သာဝကလမ်းစဉ်ကို သာဟောကြားခဲ့သည်။ အတိအကျဆိုရသော် ဓမ္မက္ခန္ဓာ(တရားအစု) အားဖြင့် ၈၄၀၀၀ သာဖြစ်သည်။ ထို့ကြောင့် မဟာယန လက်စွဲကျင့်ကြံသော သမ္မာသမ္ဗောဓိလမ်းစဉ်ကို မည်သို့ရရှိသနည်းဖြစ်သည်။
မဟာယန ကျမ်းဂန်အရ မြတ်စွာဘုရားသည် သမ္မာသမ္ဗောဓိ (ဘုရားအလောင်း) လမ်းစဉ်ကို နဂါးပြည်တွင် ဟောခဲ့သည်။ အေဒီ ၁၀၀-၂၀၀ တွင် နာဂါရ်ဇုန ရဟန္တာသည် လောကီပညာရပ်တွင် သိဒ္ဓိပေါက်ပြီး နဂါးပြည်သို့ တက်ရောက်ကာ ဗောဓိသတ္တလမ်းစဉ်နှင့် သုညသဝါဒကို သင်ယူခဲ့သည်။ ထို့ကြောင့် သင်ယူထားသော ဝါဒကို ပြန်လည်ပြန့်ပွားစေရာ မာဓျမိက ဝါဒဟုသာ အမည်တွင်သည်။ အေဒီ(၂၇၀-၃၅၀)တွင် ယောဂစာရဂိုဏ်း အယူဝါဒတည်ထွင်သူ မေတ္တေယျနာထ မှ မာဓျမိက ဝါဒကို ဆက်လက်ထိန်းသိမ်းပြန့်ပွားခဲ့သည်။ ယခုအခါယင်း မေတ္တေယျသည် သုတိသာနတ်ပြည်တွင် စံမြန်းနေသော နောင်ပွင့်မည့် မေတ္တေယျဘုရားဟု မဟာယနတို့မှ ယုံကြည့်ထားကြသည်။ မာဓျမိကဝါဒ သည် အလယ်အလတ်ဖြစ်သော ပစ္စေကာဗုဒ္ဓါယာနအယူကို လက်ခံသဖြင့် ထိုထက်ပိုမြင့်မြတ်သော သမ္မာသမ္ဗောဓိ အယူသို့ကူးပြောင်းရာ မဟာယနပီပြင်လာခဲ့သည်။
မဟာယနတွင် ဒသဘူမိကဆယ်ဆင့်တရား၊ ဗောဓိသတ္တ၏ အဓိဋ္ဌာန်၊ ပါရမီခြောက်ပါးကျင့်စဉ်တရား စသည်ဖြင့်စသည်ဖြင့် ခိုင်မာသော တရားအုတ်မြစ်များ ရှိနေရာ ယနေ့တိုင် တည်မြဲရသော အကြောင်းအရင်းတစ်ရပ်ဖြစ်ပေသည်။
ဥပမာ- အတ္တနှင့် အနတ္တ အစွန်းနှစ်ဖက်၏ အလယ်ဗဟိုကျင့်စဉ်၊ အစွန်းတရားပယ်နည်း၊ ပတ်လည်ငြင်းပယ်နည်း ၈မျိုး၊ (Negation of Negation) နောက်ဆုံးတွင် အစွဲအားလုံးကင်းသော နိဗ္ဗာန်အစစ် (သုညတာ) သို့သိမြင်ရသည်ဟု ဆိုထား၏။
သို့သော် မဟာယနတွင် အများဝေဖန်စရာ အချက်များရှိနေသေးသည်။ ၄င်းမှာ ဘုရားလောင်း ကိုးကွယ်ခြင်းဖြစ်သည်။ မဟာယန၏ အယူမှာ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး လူ့ပြည်သို့ ဆင်းပြီး တရားမဟာခဲ့ ပုံရိပ်၊ ကာယအတုတို့ဖြင့်သာဖြစ်ပြီး ဘုရားလောင်းများကို တစ်ဆင့်ပါးပြီးလည်း ဟောတော်မူကြောင်ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းသည်လည်း အကြောင်းမဲ့မဟုတ်။ ဗုဒ္ဓကို ကာယသုံးပါးဖြင့် ခွဲပြထားပြီး ထိုကာယတို့အား လူတို့မဖူးတွေ့ရပုံ တို့ပါတိတိကျကျညွန်းဆိုထားကြသည်။
ထို့ကြောင့် အရေးအကြောင်းတစ်ခုခုလျှင် မြတ်စွာဘုရားမှမကယ်။ ဘုရားလောင်းများသာ လာရောက်ကယ်တင်ကြသည်ဟု ယုံကြည်သည်။ ဘုရားလောင်းများသည် နတ်သား၊ နတ်သမီးအဖြစ်လည်းကောင်း ဘဝအမျိုးမျိုးဖြစ်သည်ဟု ယုံကြည်ကြသည်။ လက်ရှိ တရုတ်တို့ကိုးကွယ်နေသာ ကွမ်ယင်မယ်တော်မှာ ဘုရားလောင်းဖြစ်သည်ဟုယုံကြည်ကြသည်။ မဟာယနတို့သည် အရိမေတ္တေယျ မပွင့်မီ ကာလ ကြားကာလမှ ဘုရားလောင်းများကို ဘေးဒုက္ခများမှ လွတ်မြောက်ရန် ကယ်တင်ပေးစေလိုခြင်းငှာ ကိုးကွယ်ဆည်းကပ်ကြလေသည်။
ထိုသို့ဘုရားလောင်းကိုးကွယ်ခြင်းသည် မဟာယနတွင် အင်မတန်ခေတ်စားပြီး အိန္ဒိယ မှ ဗြိဿနိုးကိုပင် အမည်ပြောင်းလဲခေါ်ဆိုကာ ဘုရားအလောင်းတော် အဖြစ်ကိုးကွယ်သည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာပြီး ဘုရားအလောင်းတော် ကိုကိုးကွယ်ရာတွင် ဘုရားအလောင်းတော်၏ မိဘုရား နတ်သမီးကိုပါကိုးကွယ်ခြင်းအထိ ဖြစ်လာသည်။ ယင်းကိုးကွယ်မှု သည် မြန်မာ သို့ ပုဂံခေတ်ကတည်းက စီးဝင်ပြီး ဂေါတမမြတ်စွာ ဘုရားအားထု လုပ်ရာ ဘေးတွင် နတ်သားနှင့် နတ်သမီးပါနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထို့မှ ကာမုဂုဏ်မွေ့လျော်မှုကိုဦးစားပေးလာကြရာ အယုတ်အညံ့ဆုံး လောကီ ရှုပ်ထွေးပွေလီမှုများ ပေါဝင်ဆက်စပ်လာတော့သည်။ ဘုရားအလောင်းများစွာကို နတ်ဘုရားမများဖြင့် စုံတွဲလိုက်ကိုးကွယ်တတ်အောင် ဘေးမှနေပြီး သွန်သင်ပေးသူတို့မှာ ဟိန္ဒူတန္တြဆရာများပင်ဖြစ်သည်။
အမှန်လျှင် ဗုဒ္ဓအယူဝါဒအရ ဘုရားလောင်းဟူသည် ဘုရားမဖြစ်သေး။ ကိလေသာမကုန်စင်သေး။ ထို့ကြောင့် ကိုးကွယ်ရန်မသင့်မြတ်ဟု ယူဆထားကြသည်။ ဤတွင်လည်း ထေရဝါဒနှင့် မဟာယနကွဲလွဲချက်ကိုလည်း တွေ့နိုင်သည်။

မဟာယန ယုံကြည်ကိုးကွယ်မှုကို နတ်ဘုရားကိုးကွယ်မှုဖြင့် အဆုံးသတ် ထားခြင်းကြောင့် အထင်အမြင်မသေးသင့်ပေ။ မဟာယနတွင်လည်း အခြား ငြင်းမရသော မှန်ကန်သည့် အချက်များ လည်းရှိနေသည်။ ကျင့်စဉ်အားဖြင့် ကွဲလွဲမှုများရှိသော်လည်း ကိလေသာ ကုန်စဉ်ရန် ရည်မှန်းချက် တူညီကြသည်။ အခြားခြားသော တူညီမှုများလည်းရှိနေသည်။
သို့ရာတွင် အနောက်တိုင်းနိုင်ငံသားများသည် ဗုဒ္ဓဘာသာကိုလေ့လာစမ်းစစ်ပြီး မဟာယနသို့ ကူးပြောင်းသူများရှိသကဲ့သို့ ထေရဝါဒသို့ ကူးပြောင်းသူများ လည်းရှိနေသည်ကိုတွေ့သည်။
စာဖတ်သူုတိ့ အနေဖြင့် မိမိတို့ကိုးကွယ်သော ထေရဝါဒ၏ အနှစ်အရသာနှင့် သစ္စာလေးပါးကို ပိုင်းခြားသိမြင်ပြီး မဂ္ဂင်ရှစ်ပါး တရားအားဖြင့် ပွားများကျင့်ကြံကာ နိဗ္ဗာန်လမ်းသို့လျှောက်လှမ်းနိုင်ကြပါစေ။

(စာရေးဆရာ ဦးအောင်မြတ်မွန် ရေးသားသော 'နောင်ပွင့်မည့် အရိမေတိယျ ဘုရား' စာအုပ်မှ ကောက်နုတ်၍ ရေးသား ပူဇော် အပ် ပါသည်။)

Express Times မှ ကူးယူဖော်ပြပါသည်။
Related Posts Plugin for WordPress, Blogger...