လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

Candy Crush အတွက် ဒေါ်လာ 4000



သားကြီးဖြစ်တဲ့ Lucas ဟာ မိုဘိုင်းနဲ့ ဂိမ်းဆော့တဲ့အခါမှာ ငွေကုန်ကျတတ်တာကို ဖခင်ဖြစ်သူ Mr. Sean Choeng ဟာ မသိတာတော့ မဟုတ်ပါဘူး။ တခါတခါမှာ ဒေါ်လာ ၁၀၀ လောက်ထိကို သူ့ရဲ့ iTunes အကောင့်ကနေ ခရက်ဒစ်ကဒ်နဲ့ ပေးရလေ့ရှိတယ်။
ဒီလမှာတော့ သူ့ဘ၀မှာ အကြီးအကျယ် တုန်လှုပ်နောင်တ ရစေလောက်အောင် သားဖြစ်သူက လုပ်ထည့်လိုက်တယ်။ ဘဏ်ကဒ်ထဲကနေ ဒေါ်လာ လေးထောင့် သုံးရာ $ 4,300 ဖြတ်ယူလိုက်လို့ပါပဲ။
ဒီကနေ့ ကမ္ဘာကျော်နေတဲ့ မိုင်းဘိုင်း app တစ်ခုဖြစ်တဲ့ Candy Crush Saga ဂိမ်း အတွက် အကွက်သစ်တွေရွှေ့နိုင်ဖို့ရယ်။ ပါဝါတွေ တိုးလာစေဖို့ရယ်အတွက် ဒီလောက်အထိကို ငွေတွေ ပေးခဲ့ရတာဖြစ်တယ်လို့တော့ ကလေးငယ်က မလိမ်မိုး မလိမ်မာ ၀န်ခံပြောဆိုခဲ့တယ်။
Forbes.com မဂ္ဂဇင်းရဲ့ စစ်တမ်းအရ တရက်ကို ဖေ့ဘုတ်သုံးသူ ၉ ဒသမ ၇ သန်းလောက် အထိ ဒီဂိမ်းကို ကစားကြပါတယ်တဲ့။ ထိပ်တန်း Apple App တစ်ခု ပါပဲ။
အခုလောလောဆယ်မှာတော့ Mr Choeng ဟာ သူ့သားရဲ့ Mobile App ဂိမ်းအတွက် ဒေါ်လာ လေးထောင်ကျော် (မြန်မာငွေ ၁၀ သိန်းကျော်) အတွက် ရတက်မအေး ဖြစ်နေပေမယ့်လို့ အချိုကသော မိဘများက လူမိုက်တွေနဲ့ပေါင်း၊ လမ်းသလားနေမယ့်အစား အခုလို အိမ်ထဲမှာ ကစားနေတာက ခပ်ကောင်းကောင်းလို့ ပြောနေကြပြန်ပါတယ်။
ပညာရေးအကြံပေးများနဲ့ စိတ်ပညာရှင်များကတော့ အခုလို သတိပေး အကြံပြု ထားပါတယ်။ နာရီပေါင်းများစွာ ဂိမ်းကစားနေတဲ့ ကလေးတွေဟာ တကယ့်ပြင်ပ လက်တွေ့ကမ္ဘာအပေါ်မှာ အရှိအတိုင်း အာရုံ ခံစားနိုင်မှု ပျောက်ကွယ်နိုင်ကြောင်းပါ။

Android ဟူသည်



Android ကို Google က ပိုင်ဆိုင်ပါတယ် google ဆိုတာကတော့ အင်တာနက်သုံးသူတိုင်း မသိသူမရှိလောက်ပါဘူး။ Google က 17.8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်။ သူထုတ်ချင်တာ က မိုဘိုင်း device တွေပေါ်မှာသုံးဖို့ OS တစ်ခု ထုတ်ချင်တာဖြစ်တဲ့ အတွက် Android ကို စအကောင်အထည်ဖော်ခဲ့ကတည်းက Android Inc ကိုဝယ်ခဲ့တာပါ။

ဒါပေမယ့် အချိန်အတန်ကြာ ငြိမ်နေခဲ့ပါတယ် သူစီးပွားရေးဈေးကွက်ကို ဘယ်လိုဝင်ရမလဲ စဉ်းစားနေတာနေမှာပေါ့ ဒါပေမယ့် 2007 ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာပဲ iOS နဲ့ မောင်းနှင်တဲ့ iPhone ကို စတင်မိတ်ဆက်ပေးခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ် အဲဒီအချိန်က စပြီး Google ကလည်း Android ကိုအကောင်အထည်ဖော်ဖို့ အတွက် 2007 ခုနှစ်မှာ Open Handset Alliance (OHA) ဆိုတဲ့ အဖွဲ့ကို ထူထောင်လိုက်ပြီး ၂၀၀၈ မှာ Android ကိုစတင်ပွဲထုတ်ခဲ့ပါတယ်။


ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ


အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းစံနေပြီ ထင်ပါတယ်။ ထောင် ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါတယ်။

ရုရှားဖွား အမေရိကန်ရောက် ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက အွန်လိုင်းကနေ တရားမဝင် ငွေလွဲပေးတဲ့ Money Mule အလုပ်လုပ်ခဲ့တာပါ။ ကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံက ဘဏ်တွေကို ဖောက်ခဲ့ပါတယ်။

Password အမှားတွေရိုက်၊ Zeus (Trojan horse) တွေသွင်းပြီး ငွေတွေ ယူလို့ ကြိုးစားတာ အမေရိဒေါ်လာ ၃ သန်းတန်ဖိုးရှိပါတယ်။ သို့ပေမယ့် သူတကယ် အလကားရသွားတာက အမေရိကန်ဒေါ်လာ ၃သောင်းခွဲ ပါ။ ဘဝ တစ်လျှောက်ကလည်း Money Mule အလုပ်မှာ Percentage နဲ့ ရပါတယ်။

မိသားစု ဆင်းရဲပြီး မိခင်တစ်ဦးတည်းရှိပါတယ်။ နယူးယောက်တက္ကသိုလ် တက်ပြီး Programming ကိုတော့ အပြင်မှာ သင်တာ ဖြစ်ပါတယ်။ ငွေ အလကားရတဲ့ နည်းလမ်းဆိုတော့ လုပ်ရင်းနဲ့ တစ်နေ့တော့ မိပါလေရော၊ မိတဲ့ အချိန်မှာ Money Mule လုပ်ငန်းနဲ့ တရားမဝင်ငွေ အလွဲအပို့လုပ်ထား တာ အတော်လေးများနေပါပြီ။ ဒါကြောင့် အမှုကြီးသွားခြင်း ဖြစ်ပါတယ်။

ထောင်ဒဏ်လည်းများ ဒဏ်ငွေလည်း များပါတယ်။ http://vk.com/svechinskaya_k ဒါကတော့ သူ့ရဲ့ Social account စာမျက်နှာလေးပါ။ သူမဟာ ယနေ့တိုင် ကမ္ဘာ့စွဲဆောင်မှုအရှိဆုံး (The World Sexiest Model) အဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။

TechSpaceJournal

ကျောက်ကပ်ရောဂါဘယ်လိုကာကွယ်ကြမလဲ

ကျောက်ကပ်တွင် ဖြစ်တတ်သော ပြဿနာများ ထိုကဲ့သို့ ခန္ဓာကိုယ်၏ အညစ်အကြေးစွန့်ခြင်း ၊ ထိန်းညှိခြင်း စသော လုပ်ငန်း တာဝန်များကို တရံမလပ် ထမ်းဆောင် နေရသော ကျောက်ကပ်သည် တစ်ခါတစ်လေ တွင် နေမကောင်းခြင်း စသော ကိစ္စရပ်များနှင့် လုပ်ငန်း တာဝန်များ လစ်ဟင်းတတ်သည်။ ရဲဘော်ကြီးကျောက်ကပ် နေမကောင်းရခြင်း အကြောင်းရင်း များထဲမှ အဓိက ဖြစ်တတ်သော အကြောင်းရင်းမှာ - ဆီးကျောက်တည်ခြင်း ဖြစ်သည်။

ဆီးကျောက်တည်ခြင်း နှင့် ပတ်သက်သော အသေးစိတ်ကို မူ မရှင်းလင်းတောပါ့။ အချို့သော တုံးတိုက်တိုက် ကျားကိုက်ကိုက် လူများသည် မိမိကိုယ်ကို မိမိ ကျောက်တစ်လုံး သူဌေးဖြစ်မှန်း မသိ ဖြစ်နေတတ်ကြသည်။ အဘယ်ကြောင့် ဆိုသော် ဘသားချော ကျောက်တုံးသည် သူရှိကြောင်း အချက်မပေးဘဲ တိတ်ဆိတ်စွာ နေထိုင်လေ့ ရှိသည်။

ဓါတ်မှန် ရိုက်မှသာ မတော်တဆ မောင်ကျောက်တုံး ကို တွေ့ကြရသူများလဲ မနည်းမနော ရှိသည်။ မောင်ကျောက်တုံးသည် ကျောက်ကပ်မှ ဆီးထွက်ရာ ထွက်ပေါက်အထိ လမ်းကြောင်း တစ်လျှောက် မည်သည့် နေရာတွင်မဆို နေထိုင်လေ့ ရှိသည်။ (နေရာမရွေးပါ)။ အဓိက ၄င်း နေထိုင်သော နေရာများမှာ ကျောက်ကပ် ၊ ဆီးပို့ပြွန် တစ်လျှောက် နှင့် ဆီးအိမ် ထဲတွင်ဖြစ်သည်။

အကယ်၍ ကျောက်တစ်လုံး သူဌေးဖြစ်နေပါက ကျောက်သူဌေး လက္ခဏာ များဖြစ်သော အလွန်အမင်း ခါးနာခြင်း၊ ရုတ်တရက် ဗိုက်အောင့်ခြင်း ၊ ဆီးသွားရ ခက်ခြင်း ၊ ဆီး မကုန်ခြင်း ၊ ဆီးသွားစဉ် ရပ်သွား၍ နောက်ပုံစံ တစ်မျိုးပြောင်း၍ ဆီးသွားရခြင်း စသည့် လက္ခဏာများ ပြနိုင်သည်။ အလွန်အမင်း နာကျင် ခံစားရနိုင်သည်။ သို့သော် စိတ်မပူပါနှင့်။ ခွဲစိတ်၍ မောင်ကျောက်တုံး ထုတ်လိုက်ခြင်း အားဖြင့် ကျောက်သူဌေး၏ လက္ခဏာများ ယူပစ်သလို ပျောက်ကင်း သွားနိုင်ပါသည်။

အကယ်၍ မောင်ကျောက်တုံး ရောက်နေလျှင် ၄င်း က မည်သည့် ပြဿနာများကို မီးထွန်း ရှာတတ်ပါ သနည်း။

ရေမြောင်းတစ်ခု ရေစီးရေလာ မကောင်းလျှင် အမှိုက်များ စုပုံပြီး ပိုးမွှားများ ပိုမိုပေါက်ဖွား တတ်သကဲ့သို့ ရေမြောင်းနှင့် တူသော ဆီး လမ်းကြောင်းတွင်လဲ ဧည့်သည် မောင်ကျောက်တုံး ရှိနေပါက ရောဂါပိုးများ ပိုမို ပေါက်ဖွားတတ်သည်။ ဆီးလမ်းကြောင်း သည် နဂိုကပင် ရောဂါပိုးများ ကြိုက်နှစ်သက်သော အပန်းဖြေစခန်း တစ်ခုဖြစ်သည်။ အကယ်၍ မောင်ကျောက်တုံး ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ၊ ခရီးသွား ရောဂါပိုးများ ဝင်ရောက် အပန်းဖြေပါက ချမ်းတုန် ဖျားခြင်း ၊ ဆီးပူခြင်း ၊ ဆီးကျဉ်ခြင်း ၊ ဆီးအောင့်ခြင်း ၊ ဆီးသွား အားမရခြင်း စသည်တို့ ဖြစ်နိုင်သည်။ မောင်ကျောက်တုံး ရှိပါက ခရီးသွား ပိုးမွှားများသည် ပိုမိုလည်ပတ်လေ့ ရှိကြသည်။ ထို အခါမျိုးတွင် ၄င်း ပိုးမွှားများကို ထိရောက်စွာ ခုခံတွန်းလှန် တိုက်ခိုက် ချေမှုန်းပစ်ရန်လိုအပ်သည်။

မောင်ကျောက်တုံး ကို အပြင်သို့ ထွက်အောင် ကုသရာတွင်မူ မောင်ကျောက်တုံး၏ အရွယ်အစား ပေါ်တွင် များစွာ မူတည်သည်။ အကယ်၍ ငယ်သေးလျှင် အလိုလို ကျသွားနိုင်သည်။ ရေများများ သောက်ခြင်း ၊ ဆီးသွားချင်မှန်း သိသည်နှင့် ချက်ချင်း သွားလိုက်ခြင်း တို့ဖြင့် ပျောက်ကင်း သွားနိုင်သည်။ ကြီးလျှင် တတ်ကျွမ်းသူများနှင့် ပြသ၍ ကုသမှု ခံယူသင့်သည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ ဟူသော ဆိုရိုး စကားအတိုင်း မောင်ကျောက်တုံး အလည်လာမှုကို ကာကွယ်ချင်ပါက ~

၁။ ရေကိုကျိုချက်သောက်ခြင်း

၂။ အကယ်၍ မကျိုချက်နိုင်ပါက ကျောက်ချဉ် စသည်ဖြင့် အနည်ကျစေပြီးမှ သောက်သုံးခြင်း။

၃။ တတ်နိုင်လျှင် အမှန်အကန် ပေါင်းခံထားသော ရေသန့်ကိုသာ သောက်သုံးခြင်း။

၎။ တစ်နေ့လျှင် အနည်းဆုံး ရေ ၆ လီတာ သောက်သုံးပေးခြင်း။

၅။ ဆီးသွားချင်သည့် ဆန္ဒ ဖြစ်ပေါ်လာပါက မည်သည့် အကြောင်းကြောင့်မျှ အောင့် မထားဘဲ ဆီးသွားခြင်း ကိုသာ ဦးစားပေး ပြုလုပ်ခြင်း။

၆။ နံနက စောစော အိပ်ယာမှ နိုးသည်နှင့် ရေသောက်ခြင်း။

စသည့် အကျင့်ကောင်း အကျင့်မွန်များကို ကျင့်သုံးခြင်းဖြင့် ဧည့်သည် ကိုကျောက်တုံး လာခြင်းကို တားဆီးနိုင်သည်။

မောင်ကျောက်ကပ် သည် ရောဂါဖြစ်စတွင် သူ၏ လုပ်ငန်းများကို မလုပ်တော့သဖြင့် ဆီးများလာခြင်း ၊ ညဘက် ဆီး ခဏခဏ သွားလိုခြင်း စသည်တို့ ဖြစ်လာနိုင်သည်။ နံနက်စောစော အိပ်ယာမှ ထစတွင် မျက်လုံး တစ်ဝိုက် ဖောယောင်ရာမှ တစ်ကိုယ်လုံး ဖောယောင်ခြင်း တို့ ဖြစ်နိုင်သည်။ ၄င်း အခြေအနေတွင် အချိန်မီ ဆရာဝန် များထံ ပြသ၍ လိုအပ်သည့် ကုသမှု ကို ခံယူသင့်သည်။ ထိုအခြေအနေတွင် မှ ကျောက်ကပ်ကို ဂရုမစိုက်လျှင် ဆီး လုံးဝ မသွားနိုင်သည် အထိ ဖြစ်သွားနိုင်သည်။

ထို့ကြောင့် မိမိ၏ သက်တမ်းတစ်လျှောက် တွင် မိမိအား အစဉ်အမြဲ ကူညီနေသော ကျောက်ကပ် ကို စောင့်ရှောက်ရန် အတွက် ~
၁။ ရေများများသောက်ပါ။
၂။ ဆီးသွားခြင်းကို ဦးစားပေးပါ။
၃။ ရေခဲချောင်း ၊ ဆူးပုတ် ၊ ဒညင်းသီး ၊ ချဉ်ဖတ် ၊ ဆိုးဆေးပါသော အစားအစာများ ကို ရှောင်ပါ။
၎။ မလိုအပ်ပဲ အကိုက်အခဲ ပျောက်ဆေးများ ကို အလွန်အကျွံ သောက်သုံးခြင်း မပြုရပါ။
၅။ ရေကို ကျိုချက်သောက်ပါ။
၆။ မိမိကိုယ်ကို ဂရုစိုက်ပါ။
၇။ ရဲဘော်ကြီး နေမကောင်းကြောင်း လက္ခဏာ များဖြစ်သော ဆီးများလာခြင်း ၊ ညဘက် ဆီး ခဏခဏသွားခြင်း ၊ ဆီး ကျန်ခြင်း ၊ ဆီးပူ ဆီးအောင့် ခြင်း ၊ ဆီး သွားရခက်ခြင်း စသည်တို့ ဖြစ်လာပါက တတ်ကျွမ်းသူများနှင့် စောလျှင်စွာ ကုသမှုခံ ယူရင်း မိမိကိုယ်ကို စောင့်ရှောက်ပါ။

သဘာဝရဲ့အားအင်

အမေရိကန်၏ ရွေ့လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan


ရွေ့လျားနေသော စစ်တပ်ကြီးဖြစ်ပါသည်။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင် စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွေ့လျားနေတဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။

ဆောက်လုပ်ခြင်း

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလက စဆောက်တာ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရေချနိုင်ခဲ့ပါတယ်။ ဆောက်ဖို့အတွက် ဒီဇိုင်းဆွဲတာတို့၊ ဖန်တီးတာတို့ အားလုံးကို တစ်ဦးတစ်ယောက်တည်းက မဟုတ်ပဲ အားလုံး အိုင်ဒီယာပေါင်းစပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်္ဘောနာမည်ကို အမေရိကန် သမ္မတဟောင်း Ronald Reagan ကိုဂုဏ်ပြုတဲ့အနေနဲ့ USS Ronald Reagan (CVN-76) လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ အဲ့တုန်းက သမ္မတဟောင်း Ronald ရှိနေသေးပြီး သက်ရှိထင်ရှားရှိတဲ့ သမ္မတကို ဂုဏ်ပြုပေးတဲ့ ပထမဆုံး သင်္ဘော ဖြစ်ခဲ့ပါတယ်။

ကုန်ကျစရိတ်

အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျပါတယ်။ အားလုံးကို အမေရိကန် အိမ်ဖြူတော်နဲ့ အစိုးရတို့က ထောက်ပံ့ခဲ့ခြင်း ဖြစ်ပါတယ်။ ပင်လယ်ခရီးတစ်ခုသွားဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီကုန်ကျပါတယ်။

အော်ပရေးရှင်း

အော်ပရေးရှင်း ကောင်းကောင်းမသွားရသေးပါဘူး။ ကောင်းကောင်းဆိုတာ တိုက်ပွဲမဝင်ရသေးတာကို ဆိုလိုတာပါ။ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး ခရီးသွားရတာတွေချည်း များနေပါတယ်။ ၂၀၀၈ ခုနှစ်က ဖိလစ်ပိုင်မှာ မုန်တိုင်းဒဏ်ခံဒုက္ခသည်ကို သွားရောက်ကယ်ဆယ်ထောက်ပံ့ပြီး၊ ၂၀၁၀ ခုနှစ်နောင်းပိုင်းကျတော့ တောင်ကိုရီးယားကျွန်းဆွယ်မှာ စခန်းချပြီး ၂၀၁၁ ခုနှစ်တော့ ဂျပန် ဆူနာမီနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ခံ ဒေသတွေကို သွားရောက်ကူညီပါတယ်။ နီးစပ်ရာနိုင်ငံများသို့လည်း ငြိမ်းချမ်းရေး ခရီးစဉ်သွားရောက်လည်ပတ် တာမျိုးတို့ ပြုလုပ်ပါတယ်။ အခြားနိုင်ငံများသို့ ထောက်ပံ့ရေးအတွက် လည်း သွားရောက်ပြီး စစ်ဘက်အသုံးပြုမှုကတော့ မရှိသလောက်ပါပဲ။ စစ်ရေးလေ့ကျင့်မှု အနည်းစုမှာတော့ ထည့်သွင်း အသုံးပြုပါတယ်။ သို့ပေမယ့် ကုန်ကျစရိတ်များတဲ့အတွက် အကြီးစား စစ်ရေးလေ့ကျင့်မှုတွေမှာသာ ပါဝင်တာ ဖြစ်ပါတယ်။

သင်္ဘောအချက်အလက်

နျူကလိယ စွမ်းအင်သုံး သင်္ဘောဖြစ်တဲ့အတွက် ဘယ်တော့မှ မသေနိုင်သော သင်္ဘောလို့တောင် ပြောစမတ်ပြုပါတယ်။ သို့ပေမယ့် အနည်းဆုံး Life Span ၂၅ နှစ်သက်မှတ်ထားပါတယ်။ နျူကလိယ ဓာတ်ပေါင်းဖို ၂လုံး၊ ဓာတ်ငွေ့တာဘိုင် ၄ လုံး၊ ပန်ကာ ၄ လုံး တပ်ဆင်ပြီး ထုတ်လုပ်နိုင်တဲ့ အား စုစုပေါင်းက ၁၉၄ မက်ဂါဝပ် ရှိပါတယ်။ လုံးခြုံရေး အဆင့်မြင့်စက်ပစ္စည်းတွေဖြစ်တဲ့ ရေပေါ်၊ ရေအောက်၊ လေပေါ် ထောက်လှမ်းနိုင်သော ရေဒါအများကြီးတပ်ဆင်ထားပါတယ်။ ယင်းရေဒါများ ကလည်း အင်မတန် ကုန်ကျစရိတ် များပါတယ်။ လေယာဉ် တင် သင်္ဘောတစ်စီး (Super Carrier) တစ်ခုအနေနဲ့ တစ်နေရာရာမှာ အတိုက်ခိုက်ခံရ ရင် အားလုံးပျက်ဆီးမှာမို့ လုံခြုံရေးကိုတော့ အဆင့်အမြင့်ဆုံး ပစ္စည်းများနဲ့ အသုံးပြု တပ်ဆင်ပါတယ်။ သူတစ်ခါ ခရီးထွက်ရင် တစ်စီးတည်း မထွက်ပါဘူး။ ပတ်ပတ်လည်မှာ စစ်သင်္ဘောများ လိုက်ပါပြီး လေပေါ်မှာ လည်း တိုက်လေယာဉ်နဲ့ ကင်းလေယာဉ်များ လှည့်ပေးရပါတယ်။ အောက် မှာလည်း ရေငုပ်သင်္ဘော အနည်းဆုံး တစ်စီး လိုက်ရပါတယ်။ ဒါကြောင့်မို့ ကုန်ကျစရိတ်များခြင်း ဖြစ်ပါတယ်။ အမြန်ဆုံးသွားနှုန်းက တစ်နာရီ မိုင် ၄၀ ထက်မပိုလို့ ဖြစ်ပါတယ်။ အရှည်ပေ ၁ ထောင်ကျော်ရှိတဲ့ သင်္ဘောတစ်စီး ရွေ့ ဖို့ဆိုတာ တော်တော်လည်း ခရီးနှင်ရပါတယ်။

Super Carrier Ronald နှင့် အနာဂတ် ကမ္ဘာ

အမေရိကန် မှာ ရှိနေတာ Ronald တစ်စီးတည်းမဟုတ်ပါဘူး။ သူ့လိုပဲ အင်အားကြီး လေယာဉ်တင် စစ်သင်္ဘောကြီးတွေ အမြောက်အများ ရှိပါတယ်။ ယင်း မြောက်များလှတဲ့ စစ် ရေငုပ် သင်္ဘော၊ လေယာဉ် တင်သင်္ဘော၊ နျူကလိယစွမ်းအင်သုံး စစ်သင်္ဘောများကြောင့် အမေရိကန်ဟာ ယနေ့မှာ စူပါပါဝါ ပိုင်ရှင်လို့ ထင်ရှားကျော်ကြားနေခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတောင် စစ်သင်္ဘော၊ လေယာဉ်တင်သင်္ဘော၊ ရေငုပ်သင်္ဘောများ ကြိုးစားတည်ဆောက်နေပေမယ့် အမေရိကန်မှာ ရှိတဲ့အရေအတွက်ကို မှီနိုင်ဖို့ အချိန်ကာလတစ်ခု လိုအပ်နေပါသေးတယ်။ အနာဂတ်မှာလည်း ယင်ကဲ့သို့ အလားတူ အဆင့်မြင့် နျူကလိယ စစ်သင်္ဘောများတည်ဆောက် ဖို့ ပင်တဂွန်ကို စစ်အသုံးစရိတ်များ ဆက်လက်ချပေးထားတဲ့ အတွက် နောက်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့အကြီးဆုံး စူပါပါဝါကို အမေရိကန်က ပိုင်ဆိုင်နေအုံးမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။

International News for Myanmar

LGနှင့် Googleတို့ ပူးပေါင်း ထုတ်လုပ်ထားသော Nexus 4


LG အီလက်ထရောနစ် ကုမ္ပဏီနှင့် Google တို့ ပူးပေါင်း ထုတ်လုပ်လိုက်သည့် နောက်ဆုံးပေါ် စမတ်ဖုန်း အမျိုးအစားသစ် ဖြစ်သည့် LG Nexus 4 ကို ၂၀၁၃ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်ပြီး LG အမှတ်တံဆိပ် product များကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်း ရောင်းချခွင့် ရရှိထားသော TMW Enterprise Limited မှ မြန်မာနိုင်ငံအတွက် တရားဝင် တင်သွင်ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရပြီး ၎င်း LG Nexus 4 ဖုန်းများအတွက် အာမခံသက်တမ်း တစ်နှစ်အပြင် ပါဝင်သော Accessories များအတွက်လည်း ၆ လ အာမခံသက်တမ်း ပါရှိကြောင်း သိရသည်။

အဆိုပါ LG Nexus 4 Smart Phone တွင် Android Version 4.2 Jelly Bean Plus OS နှင့် Qualcomm Snapdragon S4 Processor ကို အသုံးပြုထားပြီး Display Size 4.7 Inches ဖြစ်ကာ Corning Gorilla Glass 2 ဖန်သားမျက်နှာပြင်ကို အသုံးပြု ထားသောကြောင့် ဖုန်းမျက်နှာပြင် အစင်းအခြစ်ရာများ ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်လည်း ဖြစ်သည်။ ကင်မရာမှာ rear 8 Mp နှင့် 1.3 Front ဖြစ်ကာ RAM 2GB ဖြစ်သည်။
“Nexus 4 ကို နိုင်ငံတကာမှာ Shortage ဖြစ်နေတဲ့ ကြားကနေပြီး မြန်မာနိုင်ငံမှာ Officially Launch လုပ်တဲ့ တစ်ခုတည်းသော Android Verison 4.2 (Jelly Beam Plus) အသုံးပြုထားတဲ့ Smart Phone အဖြစ် ဒီနိုင်ငံမှာရှိတဲ့ Smart phone User များနဲ့ LG Customer များလက်ထဲသို့ ပို့ဆောင်ပေးချင်လို့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်” ဟု TMW Enterprise Limited ၏ အမှုဆောင် ဒါရိုက်တာ မခိုင်သစ်လွင်မှ ပြောသည်။

“Google နဲ့ LG တို့ ဒီဇိုင်း ရေးဆွဲထားတဲ့ Google ရဲ့ စတုတ္ထမြောက် Nexus အမှတ်တံဆိပ် Android Smart Phone ဖြစ်တဲ့ Nexus 4 မှာ LG ရဲ့ အမြင့်မားဆုံး ကိုယ်ပိုင်နည်းပညာတွေ၊ Hardware တွေ၊ Google ရဲ့ အကောင်းဆုံး Application တွေအပြင် အမြန်ဆုံး Android Version စတာတွေကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ဖန်တီးထားတဲ့ အတွက် အပြည့်ဝဆုံး စွမ်းဆောင်မှုနဲ့ နည်းပညာများကို သုံးစွဲသူရဲ့ လက်ဖဝါးပေါ်မှာ တစ်ပြိုင်တည်း ထိတွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။
LG Nexus 4 Smart Phone ကို TMW Enterprise Limited မှ အာမခံ ၁ နှစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ၄၃၉၀၀၀ ကျပ်ဖြင့် LG ၏ Offical Facebook Page ဖြစ်သော www.facebook.com/LGmobilemyanmar တွင် Pre-Order ပြုလုပ်နိုင်ပြီး မတ်လ ၉ ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ LG Showroom များ၊ Wai Yan Electronics Showroom များအပြင် ဖုန်းဆိုင်များတွင်လည်း TMW Enterprise Limited မှ ဖြန့်ဖြူးသော ပစ္စည်း အစစ်အမှန်များကို မေးမြန်းဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

MyanmarMobileApp

ကျောင်းသားဗဟိုပြု မြန်မာမှုနှင့်ဝေး

ယခုအခါ ကျောင်းသားဗဟိုပြု (ကလေးဗဟိုပြု) သင်ကြား သင်ယူမှုအကြောင်း အလေးတယူဖြင့် အော်နေကြ သည်။ ယနေ့မြန်မာ့ပညာရေး တွင် ကျောင်းအဆောက်အအုံ ရုပ်ပိုင်းဆိုင်ရာ အနေအထား၊ စာသင်ခန်းဖွဲ့စည်းမှု၊ ကျောင်းသားဆရာ အချိုးများ၊ ကျောင်းသားကို ဗဟိုပြုနိုင်ရန်အတွက် ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ အနေ အထား၊ သိမြင်တတ်ကျွမ်း နားလည်ခံယူထားမှု၊ လက်တွေ့ အကောင်အထည်ဖော်ပေးနိုင်သည့် စိတ်ထား၊ လုပ်ဆောင်နိုင်သည့် စွမ်းအားတို့ကို ပြန်လည် သုံးသပ်ပြီးမှသာလျှင် မြန်မာနိုင်ငံတွင် ကျောင်းသားကို ဗဟိုပြု ကာ သင်ကြားမှု သင်ယူမှု ပြုနိုင်သည်၊ မပြုနိုင်သေးကို ဆုံးဖြတ်သင့်ပါသည်။ လက်ရှိ ပညာရေးလောကတွင် တာဝန်ယူနေသူများ အနေဖြင့်လည်း လူကြီးအလိုကျ ဖြစ်နိုင်ပါသည်ဟု အစီရင်ခံနေမည့်အစား ပကတိအရှိ တရားနှင့် ထင်ဟပ်သည့် လက်တွေ့ဘဝကို ပီပြင်စွာတင်ပြပြီး အကောင်းဆုံး ကုစားသင့်သည်ဟု မြင်ပါသည်။

တက်ညီလက်ညီ ရှိပြီလား

ကျောင်းသားဗဟိုပြု သင်ကြားမှုတွင် ကျောင်းသားသည်

-       ဆရာအပေါ် မမှီခိုရပါ
-       ဆရာ သင်ကြားမည်ကို စောင့်စားနေစရာ မလိုပါ
-       ဆရာ့ထံမှ သဘောတူညီမှုကို ရယူစရာမလိုပါ
-       အမှတ်ခြစ်ပေး စစ်ဆေးမည်ကို မျှော်လင့်နေစရာ မလိုပါ
-       ဆရာ့ထံမှ အကြံပေးချက် မလိုပါ
-       ချီးကျူးမြှောက်ပင့်စကား ကြားရန်မလိုပါ

စာသင်ခန်းအတွင်း သီးခြားစီထိုင်၊ ကိုယ့်အတွေးနှင့်ကိုယ် မှိုင်နေ၍လည်းမရပါ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပေါင်းကူး ဆက်သွယ် ယှက်နွှယ်နေသည့်သဘောတွေ သက်ဝင်နေရပါလိမ့်မည်။ တစ်ဦးနှင့်တစ်ဦး မျှဝေစိတ်၊ ခွဲဝေခံစားစိတ်၊ တစ်ဦးထံမှတစ်ဦး သင်ယူလေ့လာလိုစိတ်၊ ကူညီယိုင်းပင်းလိုစိတ်များ ရှိနေရမည်။ အချင်းချင်း မဖြေရှင်းနိုင်သည့်အခါမှသာ ဆရာ့ထံ လှမ်းပြီး အကူအညီတောင်းမည်။ ဆရာသည် အဖြေကို အပြည့်အဝပြော ရန်မဟုတ်။ သဲလွန်စများ ချန်ထားခဲ့ပြီး အချင်းချင်း ပြန်လည် ညှိနှိုင်း ဖြေရှင်းခိုင်းရမည်။ ပထမဦးဆုံး ရင်ဆိုင်ရ မည့် ထိုပြဿနာနှင့်ပင် ကျွန်တော်တို့ မြန်မာ့လူ့ဘောင်ပညာရေးနှင့် အလှမ်းဝေးနေပြီဖြစ်သည်။

အတန်းအရွယ်အစား သတ်မှတ်ချက်အတိုင်း ထားနိုင်သလား

ကျောင်းသားဗဟိုပြု သင်ယူမှုစနစ်အတွက် စံပြုထားသော အတန်းတစ်တန်းအတွင်းရှိ ကျောင်းသား အရေ အတွက်မှာ သတ်မှတ်ချက်အရ ၁၂ ယောက်ဖြစ်ပါသည်။ ၁၂ ယောက်ထားရခြင်းမှာ ၆ ယောက် ၂ အုပ်စု၊ ၃ ယောက် ၄ အုပ်စု၊ ၄ ယောက် ၃ အုပ်စု သို့မဟုတ် ၂ ယောက် ၆ အုပ်စုစီထားပြီး စီစဉ်နိုင်ရန်ဖြစ်သည်။ ထို့ပြင် ၁၂ ယောက်သည် စာသင်ခန်းတစ်ခုအတွင်း ပြောရ ဆိုရ အော်ရသည်မှ ကြားနိုင်စွမ်း၊ နားစိုက်နိုင်စွမ်း၊ ခံယူနိုင်စွမ်း အကောင်းဆုံး ဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ မြန်မာ့ကျောင်းများတွင် စာသင်ခန်းတစ်ခန်း ကျောင်း သား ၁၂ ယောက်နှုန်းဖြင့် သင်ယူနိုင်စွမ်း ရှိနေပြီလော။

မြန်မာ့စာသင်ခန်းများ၏ လက်ရှိအခြေအနေတွင် စာသင်သား ပျမ်းမျှ ၅၀ နှုန်းလောက်ဖြင့် သင်ကြားနေရသည်။ ကျောင်းများတွင် အခန်းဖွဲ့သင်ကြားနိုင်ခြင်းမရှိ။ ကျောင်းသားအရွယ်အစား များလျှင် ဆရာ၏ စွမ်းဆောင်နိုင် အား၊ ကလေးများ၏ ကြိုးပမ်းအားထုတ်နိုင်စွမ်းနှင့် သင်ယူနိုင်မှုအချိန်တို့ကို ပိုပေးရပေလိမ့်မည်။ ဆရာသည် အုပ်စုလိုက် ခွဲထားသော ကျောင်းသားများကို စောင့်ကြည့်နေရမည်ဖြစ်သဖြင့် ကျောင်းသားများလေ မထိ ရောက်လေ ဖြစ်နိုင်သည်။ အုပ်စုများလျှင်ဆရာ၏  စစ်ဆေးသုံးသပ်နိုင်စွမ်း၊ အကဲဖြတ်နိုင်စွမ်း ပိုင်းဖြတ်နိုင်စွမ်း တို့ မထိရောက်နိုင်ပေ။

ခံယူနိုင်စွမ်း မတူညီမှုကို သိပါသလား

စာသင်ခန်းတစ်ခုအတွင်း ကျောင်းသားတိုင်းသည် တစ်ဦးနှင့်တစ်ဦး ဉာဏ်ရည်မတူကြပေ။ ဘာသာရပ်တစ်ခု တည်းကို သင်ကြားမှုချင်းအတူတူ အားလုံး တစ်ပြိုင်နက်တည်း သိမြင်တတ်သွားလိမ့်မည်ဟု ယူဆ၍မဖြစ်ပေ။ ဉာဏ်ရည်အလိုက် ခံယူမှုကွာခြားနိုင်ပါသည်။ ပင်ကိုယ်ဉာဏ်၊ စိတ်ဓာတ်ခွန်အား၊ ကာယစွမ်းအားအလိုက် သင်ယူနိုင်စွမ်း တူညီနိုင်မည်မဟုတ်ပေ။

လက်ရှိမြန်မာ့ပညာရေးစနစ်တွင် တော်သူကို တစ်တန်းထား၊ ညံ့သူကို တစ်တန်းထား ခွဲခြားဆက်ဆံမှုများ ရှိနေသေးသည်။ တော်သူနှင့် ညံ့သူ ရောထားလျှင်လည်း တော်သူက ညံ့သူကို လက်တွဲကူနိုင်သည့် အနေ အထားတစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိရမည်။ တော်သူနှင့် ညံ့သူခွဲထားလိုက်ခြင်းကို စိတ်ဓာတ်များကို ရိုက်ချိုး လိုက်သလိုဖြစ်သွားစေသည်။

တော်သူနှင့် ညံ့သူကို တွဲပေးထားပြီး အကူအညီပေးနိုင်စေရန် စီစဉ်ပေးရမည်။ တစ်ဦးချင်း စွမ်းဆောင်မှုကို အသိအမှတ်မပြု၊ အဖွဲ့လိုက် စွမ်းဆောင်နိုင်မှု၏ ရလဒ်ကို အသိအမှတ် ပြုပေးရမည်။ သို့မှသာ မြန်မာ့လူ့ဘောင် ရှိ လူငယ်များတွင် အားနည်းနေသေးသော အသင်းအဖွဲ့စိတ်ဓာတ် (teamwork) လည်း ပြန်လည် အားကောင်း လာပေလိမ့်မည်။

ပြဿနာတစ်ခုကို အမြန်ဆုံး ဖြေရှင်းပြနိုင်သူကို ဂုဏ်ပြုမည့်အစား၊ အားကိုးအားထား အပြုထိုက်ဆုံး၊ အမှန်ဆုံး အုပ်စုကို အသိအမှတ်ပြုခြင်းက ပိုပြီး ထိရောက်စေနိုင်ပါသည်။

တိတ်တိတ်နေ မဆူနဲ့ဟု ပြောနေသေးသလား

ကျောင်းသားဗဟိုပြု စာသင်ခန်းပုံစံသည် စားပွဲတွေ ကုလားထိုင်တွေကို ရွှေ့ချင်သလို ရွှေ့ထားမည်။ မကြာခဏ အခန်းတွင်းစာသင်ကြားမှုပုံစံ ပြောင်းလဲနိုင်သည်။ အစု အဖွဲ့အလိုက် ထိုင်ချင်သလို ထိုင်ကြမည်။ ပြောချင်တာတွေပြောလိမ့်မည်။ ဆွေးနွေးချင်တာတွေ ဆွေးနွေးလိမ့်မည်။ တစ်နေရာမှ တစ်နေရာ ခုန်ပေါက် ပြေးလွှား ပြာယာခတ်ကောင်း ခတ်နေနိုင်သည်။ ထိုစာသင်ခန်းမျိုးတွေ လက်ပိုက်၊ ပါးစပ်မလှုပ်နဲ့၊ ခေါင်းတွေ ငုံ့ထား၊ ဆူတယ် အိပ်နေဆိုသည့် ဆရာများနှင့် ကိုက်ညီမှုရှိနိုင်မည်မဟုတ်ပေ။

ဆရာကိုယ်တိုင် ကလေးတွေကြားတွင် လှုပ်ရှားပြေးလွှားနေရမည်။ ဟိုအုပ်စုဆီသွား၊ ဒီအုပ်စုဆီပြန်လာ၊ အော်တန်အော်၊ တားတန်တား ဆူညံမှုအား ကြည်နူးပျော်မွေ့သူဖြစ်ရန်လိုသည်။ စာသင်ခန်းသည် တရားမှတ် သည့်အခန်းနှင့် မတူရပေ။ စာသင်ခန်းသည် လှုပ်ရှားတက်ကြွ အားမာန်ပြည့်ဝနေရပေလိမ့်မည်။

အချိန်ပြောင်းခေါင်းလောင်း လိုသေးသလား

အတန်းတွင်း သင်ယူလေ့လာမှုပြုနေကြသည့် အုပ်စုများသည် အခြေအနေကွာခြားမှုများကြောင့် သင်ခန်းစာ တစ်ခုအပေါ် တုံ့ပြန်ပြီးစီးချိန် မတူနိုင်ပေ။ လုပ်ဆောင်မှုတစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော်ပြနိုင်သူ အုပ်စုများ ရှိနိုင်သလို၊ နောက်ကျစွာဖြင့် မပြီးသေးသည့် အဖွဲ့များလည်း ရှိနိုင်သည်။ မပြီးသည့် အဖွဲ့ကို တော်ပြီဟုပြောမည်လော။ အားလုံးကို တစ်တန်းတည်း အသိအမှတ်ပြုရန်အတွက် အချိန်စောင့်ပေးရပေလိမ့် မည်။ ထို့ကြောင့် ကျောင်းသားဗဟိုပြု သင်ယူမှုတွင် အချိန်အကန့်အသတ်မလိုပေ။

လုပ်ဆောင်မှုတစ်ခုကို စောစီးစွာပြီးသည့်သူများကို အခန်းအပြင် ထွက်ခိုင်းပြီး ခွဲခြားလိုက်မည့်အစား မပြီးသေး သည့် အဖွဲ့များ၏ လုပ်ဆောင်ချင်များကို လိုက်လံ အကဲဖြတ် သုံးသပ်ခိုင်းခြင်း၊ မပြီးရခြင်း၏ အကြောင်းတရား ကို ပြန်လည်သုံးသပ်ပြနိုင်စေရန် ရှုမြင်ခွင့်ပေးခြင်း၊ သို့မဟုတ် အကြံတောင်းလျှင် အကြံပေးခွင့်ပြုခြင်းတို့သည် ပြဿနာတစ်ရပ်ကို ပူးပေါင်းဆောင်ရွက်စေတတ်ခြင်း၏ လမ်းစများပင်ဖြစ်ပါသည်။

မြန်မာ့စာသင်ခန်းစနစ်တွင် တစ်ချိန် ၄၅ မိနစ်နှုန်းသတ်မှတ်ပါသည်။ အချိန်ပြောင်း ခေါင်းလောင်းမထိုးမီ ထွက်သွားတတ်သည့် ဆရာများနှင့် အချိန်ပြောင်း ခေါင်းလောင်းထိုးသည့်တိုင် စာဆက်သင်နေသော ဆရာ များ၊ အချိန်ပြည့်လျှင် အဖြေလွှာသိမ်းတတ်သည့် စနစ်များဖြင့် ကျောင်းသားတို့၏ ဉာဏ်ကို ပိုင်းဖြတ်နိုင်မည် မဟုတ်ပါ။

ဆရာဆိုသည်မှာ အစစအရာရာ သိသူလား

ဆရာဆိုသည်မှာ သင်ကြားသူဆိုသည့် အစွဲကို ဖျောက်ရပေလိမ့်မည်။ ကျောင်းသားကို တတ်အောင် သင်သူ မဟုတ်၊ သင်ယူနိုင်ရန် လမ်းပြသူ၊ အထောက်အကူပေးသူအဖြစ် ခံယူနိုင်ရန် လိုသည်။ ကျောင်းသားဗဟိုပြု သင်ယူမှုတွင် ဆရာသည် ကျောင်းသား တစ်ယောက် လေ့လာသင်ယူမှု ကျွမ်းကျင်တတ်မြောက်မှု အမြန်ဆုံး ဖြစ်စေရန် ကူညီပေးနိုင်ရမည်။ အထူးသဖြင့် သတင်း အချက်အလက်များ၊ အသိပညာ ဗဟုသုတများ၊ အကြံဉာဏ်များ အကောင်းဆုံး၊ အမြန်ဆုံး၊ အလွယ်ဆုံး ရရှိနိုင်မည့်နေရာသို့ ညွှန်ပြပေးနိုင်သူ ဖြစ်ရန်လိုသည်။ ဆရာနှင့် ကျောင်းသားဆိုသည်မှာ သီးခြားမဟုတ်၊ အစုအဖွဲ့ အုပ်စုတစ်ခုအတွင်း တစ်သားတည်းဖြစ်နေစေရန် လိုသည်။

မြန်မာ့ပညာရေးစနစ်က ဆရာဆိုသည်မှာ အားလုံးတတ်ကျွမ်းသူဖြစ်နေသည်။ စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် ဘုရင်တစ်ဆူလိုဖြစ်နေပြီး၊ လေးစား၊ ကြောက်ရွံ့၊ ရိုသေနေရသည်။ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ဆိုသည့် မြန်မာ့ ပညာရေးလူ့ဘောင်တွင် အတန်းတွင်း ဆရာမှားလည်း မဝေဖန်ရဲ၊ မိမိသိထားသည်ကိုလည်း မဆွေးနွေးရဲ၊ ထလည်းမမေးရဲစေရန် အစဉ်အဆက် ဦးချိုးခံထားရသောကြောင့် လွတ်လပ်စွာ ပြောဆိုဝေဖန်ရဲသည့် စိတ်ဓာတ်တွေ ဆိတ်သုဉ်းနေရသည်။ တစ်ခေတ် တစ်ချိန်က စကားဟောင်းကို ပြန်သုံးရလျှင် ကျောင်းမှ ထွက်လာသူများသည် သခင်စိတ်ဖြင့် ရင်ကော့ မထွက်လာ၊ ကျွန်စိတ်ဖြင့် ခါးကိုင်းထွက်လာစေရန် နံနှိမ် ထားခြင်း ခံနေရသည်။

ခေတ်အမြင် ခေတ်အတွေးတွင် ဆရာသည် အလွတ်ရွတ်ပြရန်လည်းမဟုတ်၊ တပည့်ကို ကြက်တူရွေး စာအံသလို အလွတ်ဆိုခိုင်းရန်လည်းမဟုတ်။ အလွတ်ကျက်ဖြေ အမှတ်ပေးစနစ်လည်း ကျင့်သုံးရန်မလို။ ကျောင်းသူကျောင်းသားများ သိသင့်သိထိုက်၊ လေ့လာသင့် လေ့လာထိုက်သည့်နေရာကို ညွှန်ပြနိုင်သူတွေ ဖြစ်ရန်လိုသည်။

ဆရာတို့စိတ်ဓာတ် ပိုပြီး ပွင့်လင်းမြင်သာစွာရှိရန်နှင့် တပည့်များ သိစေရန် ဖော်ထုတ်ပြချိန်ရောက်ပြီ ထင်သည်။ မသိသည် ကို ဟိတ်ဟန်ကြီးတစ်ခွဲသားဖြင့် ၀င့်ကြွားနေစရာမလိုပေ။ “အေး ဆရာလည်း မသိသေးဘူးကွ၊ တို့ ပူးပေါင်းရှာကြည့်ကြတာပေါ့” ဆိုသည့် ရိုးသားသောစကားများဖြင့် မည်သည့်အချိန်တွင် တပည့်များကို ရင်ဆိုင် ကြမည်နည်း။

ယခုတင်ပြခဲ့သည့် အချက်များသည် ကျောင်းသားဗဟိုပြု သင်ယူမှုထဲမှ အနည်းငယ်မျှသော အခြေခံအချက် လေးများသာ ဖြစ်ပါသည်။ ဆင်ခြင် သုံးသပ်စရာ များစွာ ရှိပါသေးသည်။ ကျောင်းသားကို ဗဟိုပြုချင်သူများ အတွက် ထင်သာမြင်သာရှိသော အချက်များကို ထုတ်ပြခြင်းသာ ဖြစ်ပါသည်။ ခေတ်မီရန်အတွက် ဗဟိုပြုခြင်း ကို မျက်စိမှိတ်အော်၍မရပါ။ အခြေခံအချက်များ သို့မဟုတ် (infrastructure) တို့ ပြည့်စုံမှုရှိ မရှိကို သုံးသပ် ကြည့်ပြီးမှသာ မြန်မာမှုကို မည်သို့ပြုသင့်ကြောင်း ဆုံးဖြတ်သင့်ပါသည်။

မောက္ခပညာရေး
Related Posts Plugin for WordPress, Blogger...