လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

LGနှင့် Googleတို့ ပူးပေါင်း ထုတ်လုပ်ထားသော Nexus 4


LG အီလက်ထရောနစ် ကုမ္ပဏီနှင့် Google တို့ ပူးပေါင်း ထုတ်လုပ်လိုက်သည့် နောက်ဆုံးပေါ် စမတ်ဖုန်း အမျိုးအစားသစ် ဖြစ်သည့် LG Nexus 4 ကို ၂၀၁၃ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်ပြီး LG အမှတ်တံဆိပ် product များကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်း ရောင်းချခွင့် ရရှိထားသော TMW Enterprise Limited မှ မြန်မာနိုင်ငံအတွက် တရားဝင် တင်သွင်ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရပြီး ၎င်း LG Nexus 4 ဖုန်းများအတွက် အာမခံသက်တမ်း တစ်နှစ်အပြင် ပါဝင်သော Accessories များအတွက်လည်း ၆ လ အာမခံသက်တမ်း ပါရှိကြောင်း သိရသည်။

အဆိုပါ LG Nexus 4 Smart Phone တွင် Android Version 4.2 Jelly Bean Plus OS နှင့် Qualcomm Snapdragon S4 Processor ကို အသုံးပြုထားပြီး Display Size 4.7 Inches ဖြစ်ကာ Corning Gorilla Glass 2 ဖန်သားမျက်နှာပြင်ကို အသုံးပြု ထားသောကြောင့် ဖုန်းမျက်နှာပြင် အစင်းအခြစ်ရာများ ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်လည်း ဖြစ်သည်။ ကင်မရာမှာ rear 8 Mp နှင့် 1.3 Front ဖြစ်ကာ RAM 2GB ဖြစ်သည်။
“Nexus 4 ကို နိုင်ငံတကာမှာ Shortage ဖြစ်နေတဲ့ ကြားကနေပြီး မြန်မာနိုင်ငံမှာ Officially Launch လုပ်တဲ့ တစ်ခုတည်းသော Android Verison 4.2 (Jelly Beam Plus) အသုံးပြုထားတဲ့ Smart Phone အဖြစ် ဒီနိုင်ငံမှာရှိတဲ့ Smart phone User များနဲ့ LG Customer များလက်ထဲသို့ ပို့ဆောင်ပေးချင်လို့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်” ဟု TMW Enterprise Limited ၏ အမှုဆောင် ဒါရိုက်တာ မခိုင်သစ်လွင်မှ ပြောသည်။

“Google နဲ့ LG တို့ ဒီဇိုင်း ရေးဆွဲထားတဲ့ Google ရဲ့ စတုတ္ထမြောက် Nexus အမှတ်တံဆိပ် Android Smart Phone ဖြစ်တဲ့ Nexus 4 မှာ LG ရဲ့ အမြင့်မားဆုံး ကိုယ်ပိုင်နည်းပညာတွေ၊ Hardware တွေ၊ Google ရဲ့ အကောင်းဆုံး Application တွေအပြင် အမြန်ဆုံး Android Version စတာတွေကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ဖန်တီးထားတဲ့ အတွက် အပြည့်ဝဆုံး စွမ်းဆောင်မှုနဲ့ နည်းပညာများကို သုံးစွဲသူရဲ့ လက်ဖဝါးပေါ်မှာ တစ်ပြိုင်တည်း ထိတွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။
LG Nexus 4 Smart Phone ကို TMW Enterprise Limited မှ အာမခံ ၁ နှစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ၄၃၉၀၀၀ ကျပ်ဖြင့် LG ၏ Offical Facebook Page ဖြစ်သော www.facebook.com/LGmobilemyanmar တွင် Pre-Order ပြုလုပ်နိုင်ပြီး မတ်လ ၉ ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ LG Showroom များ၊ Wai Yan Electronics Showroom များအပြင် ဖုန်းဆိုင်များတွင်လည်း TMW Enterprise Limited မှ ဖြန့်ဖြူးသော ပစ္စည်း အစစ်အမှန်များကို မေးမြန်းဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

MyanmarMobileApp

ကျောင်းသားဗဟိုပြု မြန်မာမှုနှင့်ဝေး

ယခုအခါ ကျောင်းသားဗဟိုပြု (ကလေးဗဟိုပြု) သင်ကြား သင်ယူမှုအကြောင်း အလေးတယူဖြင့် အော်နေကြ သည်။ ယနေ့မြန်မာ့ပညာရေး တွင် ကျောင်းအဆောက်အအုံ ရုပ်ပိုင်းဆိုင်ရာ အနေအထား၊ စာသင်ခန်းဖွဲ့စည်းမှု၊ ကျောင်းသားဆရာ အချိုးများ၊ ကျောင်းသားကို ဗဟိုပြုနိုင်ရန်အတွက် ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ အနေ အထား၊ သိမြင်တတ်ကျွမ်း နားလည်ခံယူထားမှု၊ လက်တွေ့ အကောင်အထည်ဖော်ပေးနိုင်သည့် စိတ်ထား၊ လုပ်ဆောင်နိုင်သည့် စွမ်းအားတို့ကို ပြန်လည် သုံးသပ်ပြီးမှသာလျှင် မြန်မာနိုင်ငံတွင် ကျောင်းသားကို ဗဟိုပြု ကာ သင်ကြားမှု သင်ယူမှု ပြုနိုင်သည်၊ မပြုနိုင်သေးကို ဆုံးဖြတ်သင့်ပါသည်။ လက်ရှိ ပညာရေးလောကတွင် တာဝန်ယူနေသူများ အနေဖြင့်လည်း လူကြီးအလိုကျ ဖြစ်နိုင်ပါသည်ဟု အစီရင်ခံနေမည့်အစား ပကတိအရှိ တရားနှင့် ထင်ဟပ်သည့် လက်တွေ့ဘဝကို ပီပြင်စွာတင်ပြပြီး အကောင်းဆုံး ကုစားသင့်သည်ဟု မြင်ပါသည်။

တက်ညီလက်ညီ ရှိပြီလား

ကျောင်းသားဗဟိုပြု သင်ကြားမှုတွင် ကျောင်းသားသည်

-       ဆရာအပေါ် မမှီခိုရပါ
-       ဆရာ သင်ကြားမည်ကို စောင့်စားနေစရာ မလိုပါ
-       ဆရာ့ထံမှ သဘောတူညီမှုကို ရယူစရာမလိုပါ
-       အမှတ်ခြစ်ပေး စစ်ဆေးမည်ကို မျှော်လင့်နေစရာ မလိုပါ
-       ဆရာ့ထံမှ အကြံပေးချက် မလိုပါ
-       ချီးကျူးမြှောက်ပင့်စကား ကြားရန်မလိုပါ

စာသင်ခန်းအတွင်း သီးခြားစီထိုင်၊ ကိုယ့်အတွေးနှင့်ကိုယ် မှိုင်နေ၍လည်းမရပါ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပေါင်းကူး ဆက်သွယ် ယှက်နွှယ်နေသည့်သဘောတွေ သက်ဝင်နေရပါလိမ့်မည်။ တစ်ဦးနှင့်တစ်ဦး မျှဝေစိတ်၊ ခွဲဝေခံစားစိတ်၊ တစ်ဦးထံမှတစ်ဦး သင်ယူလေ့လာလိုစိတ်၊ ကူညီယိုင်းပင်းလိုစိတ်များ ရှိနေရမည်။ အချင်းချင်း မဖြေရှင်းနိုင်သည့်အခါမှသာ ဆရာ့ထံ လှမ်းပြီး အကူအညီတောင်းမည်။ ဆရာသည် အဖြေကို အပြည့်အဝပြော ရန်မဟုတ်။ သဲလွန်စများ ချန်ထားခဲ့ပြီး အချင်းချင်း ပြန်လည် ညှိနှိုင်း ဖြေရှင်းခိုင်းရမည်။ ပထမဦးဆုံး ရင်ဆိုင်ရ မည့် ထိုပြဿနာနှင့်ပင် ကျွန်တော်တို့ မြန်မာ့လူ့ဘောင်ပညာရေးနှင့် အလှမ်းဝေးနေပြီဖြစ်သည်။

အတန်းအရွယ်အစား သတ်မှတ်ချက်အတိုင်း ထားနိုင်သလား

ကျောင်းသားဗဟိုပြု သင်ယူမှုစနစ်အတွက် စံပြုထားသော အတန်းတစ်တန်းအတွင်းရှိ ကျောင်းသား အရေ အတွက်မှာ သတ်မှတ်ချက်အရ ၁၂ ယောက်ဖြစ်ပါသည်။ ၁၂ ယောက်ထားရခြင်းမှာ ၆ ယောက် ၂ အုပ်စု၊ ၃ ယောက် ၄ အုပ်စု၊ ၄ ယောက် ၃ အုပ်စု သို့မဟုတ် ၂ ယောက် ၆ အုပ်စုစီထားပြီး စီစဉ်နိုင်ရန်ဖြစ်သည်။ ထို့ပြင် ၁၂ ယောက်သည် စာသင်ခန်းတစ်ခုအတွင်း ပြောရ ဆိုရ အော်ရသည်မှ ကြားနိုင်စွမ်း၊ နားစိုက်နိုင်စွမ်း၊ ခံယူနိုင်စွမ်း အကောင်းဆုံး ဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ မြန်မာ့ကျောင်းများတွင် စာသင်ခန်းတစ်ခန်း ကျောင်း သား ၁၂ ယောက်နှုန်းဖြင့် သင်ယူနိုင်စွမ်း ရှိနေပြီလော။

မြန်မာ့စာသင်ခန်းများ၏ လက်ရှိအခြေအနေတွင် စာသင်သား ပျမ်းမျှ ၅၀ နှုန်းလောက်ဖြင့် သင်ကြားနေရသည်။ ကျောင်းများတွင် အခန်းဖွဲ့သင်ကြားနိုင်ခြင်းမရှိ။ ကျောင်းသားအရွယ်အစား များလျှင် ဆရာ၏ စွမ်းဆောင်နိုင် အား၊ ကလေးများ၏ ကြိုးပမ်းအားထုတ်နိုင်စွမ်းနှင့် သင်ယူနိုင်မှုအချိန်တို့ကို ပိုပေးရပေလိမ့်မည်။ ဆရာသည် အုပ်စုလိုက် ခွဲထားသော ကျောင်းသားများကို စောင့်ကြည့်နေရမည်ဖြစ်သဖြင့် ကျောင်းသားများလေ မထိ ရောက်လေ ဖြစ်နိုင်သည်။ အုပ်စုများလျှင်ဆရာ၏  စစ်ဆေးသုံးသပ်နိုင်စွမ်း၊ အကဲဖြတ်နိုင်စွမ်း ပိုင်းဖြတ်နိုင်စွမ်း တို့ မထိရောက်နိုင်ပေ။

ခံယူနိုင်စွမ်း မတူညီမှုကို သိပါသလား

စာသင်ခန်းတစ်ခုအတွင်း ကျောင်းသားတိုင်းသည် တစ်ဦးနှင့်တစ်ဦး ဉာဏ်ရည်မတူကြပေ။ ဘာသာရပ်တစ်ခု တည်းကို သင်ကြားမှုချင်းအတူတူ အားလုံး တစ်ပြိုင်နက်တည်း သိမြင်တတ်သွားလိမ့်မည်ဟု ယူဆ၍မဖြစ်ပေ။ ဉာဏ်ရည်အလိုက် ခံယူမှုကွာခြားနိုင်ပါသည်။ ပင်ကိုယ်ဉာဏ်၊ စိတ်ဓာတ်ခွန်အား၊ ကာယစွမ်းအားအလိုက် သင်ယူနိုင်စွမ်း တူညီနိုင်မည်မဟုတ်ပေ။

လက်ရှိမြန်မာ့ပညာရေးစနစ်တွင် တော်သူကို တစ်တန်းထား၊ ညံ့သူကို တစ်တန်းထား ခွဲခြားဆက်ဆံမှုများ ရှိနေသေးသည်။ တော်သူနှင့် ညံ့သူ ရောထားလျှင်လည်း တော်သူက ညံ့သူကို လက်တွဲကူနိုင်သည့် အနေ အထားတစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိရမည်။ တော်သူနှင့် ညံ့သူခွဲထားလိုက်ခြင်းကို စိတ်ဓာတ်များကို ရိုက်ချိုး လိုက်သလိုဖြစ်သွားစေသည်။

တော်သူနှင့် ညံ့သူကို တွဲပေးထားပြီး အကူအညီပေးနိုင်စေရန် စီစဉ်ပေးရမည်။ တစ်ဦးချင်း စွမ်းဆောင်မှုကို အသိအမှတ်မပြု၊ အဖွဲ့လိုက် စွမ်းဆောင်နိုင်မှု၏ ရလဒ်ကို အသိအမှတ် ပြုပေးရမည်။ သို့မှသာ မြန်မာ့လူ့ဘောင် ရှိ လူငယ်များတွင် အားနည်းနေသေးသော အသင်းအဖွဲ့စိတ်ဓာတ် (teamwork) လည်း ပြန်လည် အားကောင်း လာပေလိမ့်မည်။

ပြဿနာတစ်ခုကို အမြန်ဆုံး ဖြေရှင်းပြနိုင်သူကို ဂုဏ်ပြုမည့်အစား၊ အားကိုးအားထား အပြုထိုက်ဆုံး၊ အမှန်ဆုံး အုပ်စုကို အသိအမှတ်ပြုခြင်းက ပိုပြီး ထိရောက်စေနိုင်ပါသည်။

တိတ်တိတ်နေ မဆူနဲ့ဟု ပြောနေသေးသလား

ကျောင်းသားဗဟိုပြု စာသင်ခန်းပုံစံသည် စားပွဲတွေ ကုလားထိုင်တွေကို ရွှေ့ချင်သလို ရွှေ့ထားမည်။ မကြာခဏ အခန်းတွင်းစာသင်ကြားမှုပုံစံ ပြောင်းလဲနိုင်သည်။ အစု အဖွဲ့အလိုက် ထိုင်ချင်သလို ထိုင်ကြမည်။ ပြောချင်တာတွေပြောလိမ့်မည်။ ဆွေးနွေးချင်တာတွေ ဆွေးနွေးလိမ့်မည်။ တစ်နေရာမှ တစ်နေရာ ခုန်ပေါက် ပြေးလွှား ပြာယာခတ်ကောင်း ခတ်နေနိုင်သည်။ ထိုစာသင်ခန်းမျိုးတွေ လက်ပိုက်၊ ပါးစပ်မလှုပ်နဲ့၊ ခေါင်းတွေ ငုံ့ထား၊ ဆူတယ် အိပ်နေဆိုသည့် ဆရာများနှင့် ကိုက်ညီမှုရှိနိုင်မည်မဟုတ်ပေ။

ဆရာကိုယ်တိုင် ကလေးတွေကြားတွင် လှုပ်ရှားပြေးလွှားနေရမည်။ ဟိုအုပ်စုဆီသွား၊ ဒီအုပ်စုဆီပြန်လာ၊ အော်တန်အော်၊ တားတန်တား ဆူညံမှုအား ကြည်နူးပျော်မွေ့သူဖြစ်ရန်လိုသည်။ စာသင်ခန်းသည် တရားမှတ် သည့်အခန်းနှင့် မတူရပေ။ စာသင်ခန်းသည် လှုပ်ရှားတက်ကြွ အားမာန်ပြည့်ဝနေရပေလိမ့်မည်။

အချိန်ပြောင်းခေါင်းလောင်း လိုသေးသလား

အတန်းတွင်း သင်ယူလေ့လာမှုပြုနေကြသည့် အုပ်စုများသည် အခြေအနေကွာခြားမှုများကြောင့် သင်ခန်းစာ တစ်ခုအပေါ် တုံ့ပြန်ပြီးစီးချိန် မတူနိုင်ပေ။ လုပ်ဆောင်မှုတစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော်ပြနိုင်သူ အုပ်စုများ ရှိနိုင်သလို၊ နောက်ကျစွာဖြင့် မပြီးသေးသည့် အဖွဲ့များလည်း ရှိနိုင်သည်။ မပြီးသည့် အဖွဲ့ကို တော်ပြီဟုပြောမည်လော။ အားလုံးကို တစ်တန်းတည်း အသိအမှတ်ပြုရန်အတွက် အချိန်စောင့်ပေးရပေလိမ့် မည်။ ထို့ကြောင့် ကျောင်းသားဗဟိုပြု သင်ယူမှုတွင် အချိန်အကန့်အသတ်မလိုပေ။

လုပ်ဆောင်မှုတစ်ခုကို စောစီးစွာပြီးသည့်သူများကို အခန်းအပြင် ထွက်ခိုင်းပြီး ခွဲခြားလိုက်မည့်အစား မပြီးသေး သည့် အဖွဲ့များ၏ လုပ်ဆောင်ချင်များကို လိုက်လံ အကဲဖြတ် သုံးသပ်ခိုင်းခြင်း၊ မပြီးရခြင်း၏ အကြောင်းတရား ကို ပြန်လည်သုံးသပ်ပြနိုင်စေရန် ရှုမြင်ခွင့်ပေးခြင်း၊ သို့မဟုတ် အကြံတောင်းလျှင် အကြံပေးခွင့်ပြုခြင်းတို့သည် ပြဿနာတစ်ရပ်ကို ပူးပေါင်းဆောင်ရွက်စေတတ်ခြင်း၏ လမ်းစများပင်ဖြစ်ပါသည်။

မြန်မာ့စာသင်ခန်းစနစ်တွင် တစ်ချိန် ၄၅ မိနစ်နှုန်းသတ်မှတ်ပါသည်။ အချိန်ပြောင်း ခေါင်းလောင်းမထိုးမီ ထွက်သွားတတ်သည့် ဆရာများနှင့် အချိန်ပြောင်း ခေါင်းလောင်းထိုးသည့်တိုင် စာဆက်သင်နေသော ဆရာ များ၊ အချိန်ပြည့်လျှင် အဖြေလွှာသိမ်းတတ်သည့် စနစ်များဖြင့် ကျောင်းသားတို့၏ ဉာဏ်ကို ပိုင်းဖြတ်နိုင်မည် မဟုတ်ပါ။

ဆရာဆိုသည်မှာ အစစအရာရာ သိသူလား

ဆရာဆိုသည်မှာ သင်ကြားသူဆိုသည့် အစွဲကို ဖျောက်ရပေလိမ့်မည်။ ကျောင်းသားကို တတ်အောင် သင်သူ မဟုတ်၊ သင်ယူနိုင်ရန် လမ်းပြသူ၊ အထောက်အကူပေးသူအဖြစ် ခံယူနိုင်ရန် လိုသည်။ ကျောင်းသားဗဟိုပြု သင်ယူမှုတွင် ဆရာသည် ကျောင်းသား တစ်ယောက် လေ့လာသင်ယူမှု ကျွမ်းကျင်တတ်မြောက်မှု အမြန်ဆုံး ဖြစ်စေရန် ကူညီပေးနိုင်ရမည်။ အထူးသဖြင့် သတင်း အချက်အလက်များ၊ အသိပညာ ဗဟုသုတများ၊ အကြံဉာဏ်များ အကောင်းဆုံး၊ အမြန်ဆုံး၊ အလွယ်ဆုံး ရရှိနိုင်မည့်နေရာသို့ ညွှန်ပြပေးနိုင်သူ ဖြစ်ရန်လိုသည်။ ဆရာနှင့် ကျောင်းသားဆိုသည်မှာ သီးခြားမဟုတ်၊ အစုအဖွဲ့ အုပ်စုတစ်ခုအတွင်း တစ်သားတည်းဖြစ်နေစေရန် လိုသည်။

မြန်မာ့ပညာရေးစနစ်က ဆရာဆိုသည်မှာ အားလုံးတတ်ကျွမ်းသူဖြစ်နေသည်။ စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် ဘုရင်တစ်ဆူလိုဖြစ်နေပြီး၊ လေးစား၊ ကြောက်ရွံ့၊ ရိုသေနေရသည်။ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ဆိုသည့် မြန်မာ့ ပညာရေးလူ့ဘောင်တွင် အတန်းတွင်း ဆရာမှားလည်း မဝေဖန်ရဲ၊ မိမိသိထားသည်ကိုလည်း မဆွေးနွေးရဲ၊ ထလည်းမမေးရဲစေရန် အစဉ်အဆက် ဦးချိုးခံထားရသောကြောင့် လွတ်လပ်စွာ ပြောဆိုဝေဖန်ရဲသည့် စိတ်ဓာတ်တွေ ဆိတ်သုဉ်းနေရသည်။ တစ်ခေတ် တစ်ချိန်က စကားဟောင်းကို ပြန်သုံးရလျှင် ကျောင်းမှ ထွက်လာသူများသည် သခင်စိတ်ဖြင့် ရင်ကော့ မထွက်လာ၊ ကျွန်စိတ်ဖြင့် ခါးကိုင်းထွက်လာစေရန် နံနှိမ် ထားခြင်း ခံနေရသည်။

ခေတ်အမြင် ခေတ်အတွေးတွင် ဆရာသည် အလွတ်ရွတ်ပြရန်လည်းမဟုတ်၊ တပည့်ကို ကြက်တူရွေး စာအံသလို အလွတ်ဆိုခိုင်းရန်လည်းမဟုတ်။ အလွတ်ကျက်ဖြေ အမှတ်ပေးစနစ်လည်း ကျင့်သုံးရန်မလို။ ကျောင်းသူကျောင်းသားများ သိသင့်သိထိုက်၊ လေ့လာသင့် လေ့လာထိုက်သည့်နေရာကို ညွှန်ပြနိုင်သူတွေ ဖြစ်ရန်လိုသည်။

ဆရာတို့စိတ်ဓာတ် ပိုပြီး ပွင့်လင်းမြင်သာစွာရှိရန်နှင့် တပည့်များ သိစေရန် ဖော်ထုတ်ပြချိန်ရောက်ပြီ ထင်သည်။ မသိသည် ကို ဟိတ်ဟန်ကြီးတစ်ခွဲသားဖြင့် ၀င့်ကြွားနေစရာမလိုပေ။ “အေး ဆရာလည်း မသိသေးဘူးကွ၊ တို့ ပူးပေါင်းရှာကြည့်ကြတာပေါ့” ဆိုသည့် ရိုးသားသောစကားများဖြင့် မည်သည့်အချိန်တွင် တပည့်များကို ရင်ဆိုင် ကြမည်နည်း။

ယခုတင်ပြခဲ့သည့် အချက်များသည် ကျောင်းသားဗဟိုပြု သင်ယူမှုထဲမှ အနည်းငယ်မျှသော အခြေခံအချက် လေးများသာ ဖြစ်ပါသည်။ ဆင်ခြင် သုံးသပ်စရာ များစွာ ရှိပါသေးသည်။ ကျောင်းသားကို ဗဟိုပြုချင်သူများ အတွက် ထင်သာမြင်သာရှိသော အချက်များကို ထုတ်ပြခြင်းသာ ဖြစ်ပါသည်။ ခေတ်မီရန်အတွက် ဗဟိုပြုခြင်း ကို မျက်စိမှိတ်အော်၍မရပါ။ အခြေခံအချက်များ သို့မဟုတ် (infrastructure) တို့ ပြည့်စုံမှုရှိ မရှိကို သုံးသပ် ကြည့်ပြီးမှသာ မြန်မာမှုကို မည်သို့ပြုသင့်ကြောင်း ဆုံးဖြတ်သင့်ပါသည်။

မောက္ခပညာရေး

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကိုစမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလာဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။

ကွန်ပျူတာနှင့် Laptop များမှ ထွက်ပေါ်လာသည့် Wireless ဖမ်းယူမှုလှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့်အမျိုးသားများအနေနှင့် Laptop များကိုပေါင်ပေါ်တင်ကာ သုံးစွဲပါကသုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကိုစမ်းသပ်လေ့လာမှုအရ ယခုသုတေသနရလဒ်ကိုပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fi လှိုင်းများသည် DNAကို အနည်းဆုံး(၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေပြီး (၄)နာရီမျှ ပေါင်ပေါ် တင်သုံးပါက သုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင်ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်သည် အမျိုးသားတစ်ဦး၏ မျိုးဆက်ပျံ့ပွားရေး စွမ်းဆောင်မှုကို အကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင့် အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာ ကွန်ရာဒိုအဗန်ဒါနို ဦးဆာင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြား ဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။“ကျွန်တော်တို့ တွေ့ရှိတဲ့အချက်အလက်တွေအရ WiFi ကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။

ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုးမလုပ်ဖို့ပါ။ ဒါဟာ သုက်သွေးDNAတွေကိုပျက်စီးစေနိုင်ပါတယ်” ဟု အဗန်ဒါနိုကရှင်းပြခဲ့သည်။

ယခင်သုတေသနရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှ ထွက်ပေါ်သော အပူသည် အမျိုးသားများ၏ သုက်ပိုးများကို ထိခိုက် ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိထားပြီး ဖြစ်သည်။

သဘာဝရဲ့အားအင်

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....

၎) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ် ဆိုရင် ဆေးထိုးအပ် ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့် တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....

၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Myawady News

အန္တရာယ်ကင်းအောင် စားသောက်နည်းများ

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အ...နှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။
ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။ အဆိပ်အတော်ကများသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။
စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။
သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

၎။ ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ်ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက်ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။
ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။

၅။ အထက်အညာဒေသ အိမ်ရှင်မများသည် မန်းကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ရှိပါသည်။
မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှသ့်ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။

၆။ လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြားကြပါသည်။
မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။
အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။

တနည်းမှာ---ဒညင်းသီးပြုတ်မှ အညှောက်ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ။

Today Myanmar

မယား (၇)ခုနှစ်မျိုး

“ပထမအရေးကြီးဆုံးမှာ မိမိနှင့်သင့်လျော်မည့်အိမ်ထောင်ဖက်ကိုဂရုစိုက်၍ရွေးချယ်ခြင်းဖြစ်တယ်…။ ဒုတိယအရေးကြီးဆုံးမှာ အိမ်ထောင်ကျပြီးနောက် လင်နှင့်မယားနှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ရိုသေကိုင်းရှိုင်းခြင်းပင်ဖြစ်တယ်။”

မြတ်ဗုဒ္ဓကသုဇာတာကို အကြောင်းပြုပြီး မယား(၇)ခုနစ်မျိုးရှိကြောင်းပြောပြထားပါတယ်။

၁။သူသတ်နှင့်တူသော မယား။ (Hostile wife)
သူသတ်နှင့်တူသောမယား ဟူသည် မယားဖြစ်သူသည် အစီးအပွားကိုစောင့်ရှောက်လေ့မရှိဘူး၊ မိမိလင်မှတစ်ပါး တစ်ခြားသောယောက်ျားကို တပ်မက်ခြင်း သဘောရှိသော မယားကို သူသတ်နှင့် တူသောမယား ဟုခေါ်ပါတယ်။

၂။ခိုးသူနှင့်တူသောမယား။(Stealing wife)

ခိုးသူနှင့်တူသောမယား ဟူသည် မယားဖြစ်သူသည် မိမိလင်ယောက်ျား ရှာဖွေထားသော ပစ္စည်းများကို လင်မသိအောင် တစ်ခြားသော သူများကို ပေးတတ်သောမယားကို ခိုးသူနှင့်တူသောမယားဟုခေါ်ပါတယ်။

၃။အရှင်နှင့်တူသောမယား။(Uncomfortable wife)
အရှင်နှင့်တူသောမယားဟူသည် မယားဖြစ်သူသည် အလုပ်အကိုင်လုပ်ရန် အလိုမရှိ၊ ပျင်းရိတယ်၊ အစားကြီးတယ်၊ စိတ်လဲကြမ်းတယ်၊ ကိုယ်အမှုအရာမယဉ်ကျေး၊ စကားပြောကလဲ ရိုင်းစိုင်းတယ်၊ လင်ကိုလည်း အနိုင်ယူတတ်သော မယားကို အရှင်နှင့်တူသောမယားဟုခေါ်ပါတယ်။

၎။အမိနှင့်တူသောမယား။(Motherly wife)
အမိနှင့်တူသောမယားဟူသည် မယားဖြစ်သူသည် လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို အစဉ်စောင့်ရှောက်တတ်တယ်၊ အမိသည် သားကို စောင့်ရှောက်သကဲ့သို့ လင်ကို စောင့်ရှောက် တတ်ပါတယ်၊ ထိုသို့သော မယားကို အမိနှင့်တူသောမယားဟု ခေါ်ပါတယ်။
၅။နှမနှင့်တူသောမယား။(Sisterly wife)
နှမနှင့်တူသောမယားဟူသည် မယားဖြစ်သူသည် လင်ဖြစ်သူကို အစ်မကြီး နှမငယ်က မောင်တွေပေါ်၌ ရိုသေသကဲ့သို့ ထို့အတူ လင်ယောက်ျားအပေါ် ရိုသေတယ်၊ ထိုသို့သောမယားကို နှမနှင့်တူသော မယားဟုခေါ်ပါတယ်။

၆။အဆွေခင်ပွန်းနှင့်တူသောမယား။(Harmonious wife)
အဆွေခင်ပွန်းနှင့် တူသောမယားဟူသည် မယားဖြစ်သူသည် အဆွေခင်ပွန်းသည် ကြာမြင့်မှ ရောက်လာသော အဆွေခင်ပွန်းကိုမြင်၍ လွန်စွာ ၀မ်းမြောက်သကဲ့သို့ ထို့အတူ လင်ကိုမြင်လျှင် အလွန် ၀မ်းမြောက်တတ်တယ်၊ ထိုသို့သောမယားကို အဆွေခင်ပွန်းနှင့်တူသော မယားဟုခေါ်ပါတယ်။

၇။ကျွန်မနှင့်တူသော မယား။(Servant wife)
ကျွန်မနှင့်တူသော မယားဟူသည် မယားဖြစ်သူသည် လင်ယောက်ျားက မည်သို့ပင် ရိုက်နှပ်သတ်ပုတ်ပါသော်လည်း အမျက်ထွက်ခြင်းမရှိ၊ မပြစ်မှားသောစိတ်ရှိတယ်၊ လင့်အပေါ်ကို သည်းခံတတ်တယ်၊ လင်၏ အလိုသို့လိုက်တတ်တယ်၊ ထိုသို့သောမယားကို ကျွန်မနှင့်တူသော မယားဟုခေါ်ပါတယ်။

သူသတ်နှင့်တူသောမယား၊ ခိုးသူနှင့်တူသောမယား၊ အရှင်နှင့်တူသော မယားတို့သည် သီလမရှိသော သဘောရှိပါတယ်၊ ကြမ်းကြုတ်သော သဘောရှိပါတယ်၊ လင်ကိုရိုသေခြင်း မရှိကြပါဘူး၊ ထိုမယားသုံးမျိုးတို့သည် သေပြီးသည်မှနောက်၌ ငရဲသို့ရောက်ကြရမယ်။ အမိနှင့်တူသောမယား၊ နှမနှင့်တူသောမယား၊ အဆွေခင်ပွန်းနှင့်တူသောမယား၊ ကျွန်မနှင့်တူသော မယားတို့သည် သီလရှိသော သဘောရှိတယ်၊ ကြမ်းကြုတ်ခြင်းသဘော မရှိဘူး၊ လင်ကိုရိုသေတယ်၊ ထိုသို့သော မယားမျိုးတို့သည် သေပြီးသည်မှနောက်၌ နတ်ပြည်ကို ရောက်ကြရပါမယ်။

မြတ်ဗုဒ္ဓက ဒေသနာအဆုံးမှာ သုဇာတာကိုမေးပါတယ်၊ သမီးသုဇာတာရော ဘယ်လိုမယားမျိုးထဲ ပါသလဲလို့မေးတော့- တပည့်တော်မကို ကျွန်မနှင့်တူသော မယားဖြစ်ကြောင်း ၀န်ခံသွားပါတယ်။
မိမိက ဘယ်လိုမယားဖြစ်သလဲ ဆိုတာ မြတ်ဗုဒ္ဓဓမ္မဖြင့် တိုင်းတာကြည့်ပါ၊ မိမိက မပြည့်စုံသေးဘူး၊ လိုအပ်နေတယ် ဆိုလျှင်ပြုပြင်ယူလိုက်ပါ။ အရင်တုန်းက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ သိလိုက်တဲ့အချိန်မှာ ပြုပြင်လိုက်မယ် ဆိုလျှင် နောက်မကျသေးပါဘူး။ မိမိက ဘယ်လိုမယားဖြစ်သလဲ ဆိုတာ တစ်ခြားသူတွေ မသိရင်တောင် မိမိကိုယ်တိုင်တော့ သိမှာပါ၊ အခု(၇)ခုနှစ်မျိုးထဲကဘယ်ထဲမှာပါနေသလဲဆိုတာကိုပေါ့။ တစ်ခြားသူလိမ်လို့ ရကောင်းရမယ်၊ မိမိကိုယ်တိုင်းမှလိမ်လို့မရတာ။ မိမိကိုယ်စောင့်နတ် က သိပါတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းသော မိသားစုဘ၀ ကိုပိုင်ဆိုင်ချင်တယ်၊  မိမိလင်ယောကျာ်းနှင့် အတူတကွ ရာသက်ပန်ပေါင်းသင်း ဆက်ဆံချင်တယ်ဆိုလျှင် မြတ်ဗုဒ္ဓ၏ အဆုံးမနှင့် ညီအောင်နေသွားလိုက်ပါ။ လင်နှင့်မယားပေါင်းသင်း ဆက်ဆံကြရာတွင် ရေရှည်မှာ ကျသောအခါ ကိစ္စအသေးအဖွဲများကို အများအစားတွေ့ရတတ်ပါတယ်၊ ထိုကိစ္စလေးတွေကို ဂရုမစိုက်သော လင်မယားသည် ဒုက္ခရောက်တတ်ကြောင်းကိုမှတ်သားဖူးတယ်။ အဲဒါလေးကို သူမပြောပြထားတာက- “သူအချစ်ပြယ်လို့ ကျွန်မ စိတ်မညစ်ပါ၊ အသေးအဖွဲ ကလေးတွေကြောင့်သာ ကျွန်မတို့ အချစ် ပြယ်ရတာ” ပါတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် လင်ကလည်း လင့်ဝတ္တရားကျေပွန်မယ်၊ မယားကလည်း မယာကျင့်ဝတ် ကျေပွန်မယ် ဆိုလျှင်သာယာသော မိသားစုဘ၀လေးကို ပိုင်ဆိုင်ရမှာသေချာပါတယ်။ ဒီတော့- မိမိနှင့်သင့်လျော်မည့် အိမ်ထောင်ဖက်ကို ဂရုစိုက်၍ ရွေးချယ်ခြင်းသည် ပထမအရေးကြီးဆုံးဖြစ်တယ်၊ ဒုတိယအရေးကြီးဆုံးမှာ အိမ်ထောင်ကျပြီးနောက် လင်မယားနှစ်ဦးသည် တစ်ဦးကို တစ်ဦး ရိုသေကိုင်းရှိုင်းခြင်းပင် ဖြစ်ပါတယ်။ စာဖတ်သူအားလုံး ဒီစာစုလေးကိုဖတ်ပြီး ဓမ္မအသိလေးတွေ ရသွားကြပါစေ၊ ရသည့်အလျောက် ကျင့်နိုင်ကြပါစေ၊ ကျင့်သည့် အလျောက် မဂ်ဖိုလ်နိဗ္ဗာန်၏ အထောက်ပံ့ကောင်းတွေဖြစ်ပါစေ ဟုဆန္ဒပြုလိုက်ရပါတယ်။
လပြည့်ဝန်း [သာစည်]
ကျမ်းကိုး။ ။အဂုင်္တ္တိုရပ်ပါဠိတော်၊အဗျာကတ၀ဂ်၊ ဘရိယာသုတ်။
မိတ္တဗလဋီကာ (ဦးနု)
Family counseling (Sarath Chadrasekara)

ဓမ္မလမ်းပြကြယ်
Related Posts Plugin for WordPress, Blogger...