လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

သင့်မျက်နှာလေးကို အလှပလေးတွေတိုးလာအောင်

သွားလေးတွေ ပုလဲစီသလို လှပအောင်...

ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့်ဖို့ ဈေးကြီးတဲ့ သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့။ သံပုရာ ရည်တစ်ဇွန်း၊ ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်ဖြူဖွေး တောက်ပ နေစေရမယ် လို့ အာမခံပါတယ်။

အသားမာတက်ပြီး အမဲစွဲနေရင်...

ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို့ကေင်းပါတယ် လို့  ညည်းနေမယ့်အစား ဒါလေး နဲ့  လုပ်ကြည့် လွယ်လွယ်လေးပါ။
သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီသံပုရာခြမ်းနဲ့ နေ့ စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲအသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။

မျက်ကွင်းညိုရင်...

မျက်ဝန်းတ၀ိုက် ညိုပြီး အကြည့်ရဆိုးနေလို့ မိတ်ကပ်လိမ်းရင်လည်းမျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့ စိတ်ညစ်နေ တဲ့သူတွေ အတွက် မျက်ကွင်းညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့  ဈေးကြီးတာတွေ ၀ယ်မသုံးပါနဲ။ မီးဖိုထဲက အာလူး တစ်လုံးနဲ့ တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာအသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့ ဆုပ်ပြီး အရည် ညှစ်ပြီးရင်အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်ထားပါ။ အဲဒါကို နေ့ စဉ် (သို့ ) ရက်ခြား ဆိုသလို အုံပေးရင်မျက်ကွင်းညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။

ရင်းနေတဲ့ ၀က်ခြံများ ညှိုးသွားအောင်...

ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။လွယ်ပါတယ်။ ၀က်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့ တို့ပေးပါ။ဝက်ခြံ ညှိုးခြောက်ပြီး သူ့အလို လို အဆံ ထွက်သွားပါလိမ့်မယ်။

အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ...


ဒီကိစ္စကို ခရမ်းချဉ်သီးက လုံးဝ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်း သီးသန့်နဲ့ မျက်နှာကိုပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့ ဆေးချပါ။ အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့ သွားလိမ့်မယ်။

နေလောင်ရင် နွားနို့ သုံး...

နွားနို့နဲ့ ရေချိုးပြီးအသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာရှိခဲ့ပါတယ်။ နွားနို့နဲ့ ရေချိုးပါလို့တော့ မတိုက်တွန်း ချင်ပါဘူး။ အကုန်အကျ များလို့  ချောက်တွန်းတယ် ထင် မှာ စိုးလို့ ပါ။ ဒါပေမယ့် ပင်လယ်ကမ်းစပ် သွားလို့ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ပဲ အသားမဲမဲနွားနို့ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။ (မလိမ်း ပါနဲ့  နှမျောစရာကြီး) ပြီးမှ ဂွမ်းစလေးနဲ့  နေလောင်တဲ့ နေရာကိုပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊ အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။

Today Myanmar

သတ္တ၀ါများကို ညှာတာသနားပါ (This has to STOP)

ဒီဗီဒီယိုဖိုင်လေးတွေကြည့်ပြီး လူသားတွေကသာ ကမ္ဘာပေါ်မှာ အရက်စက်ဆုံး၊ ကြောက်စရာအကောင်းဆုံး ဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတော့တယ်ဗျာ...။
သက်သက်လွတ်ပဲ စားရမယ်လို့ မဆိုလိုပါဘူး... ဒါပေမယ့် ကိုယ့်ပါးစပ်အရသာခံဖို့အတွက်တော့ အရက်စက်ဆုံး ညှင်းဆဲသက်ဖြတ်တာကိုတော့ ဆန့်ကျင်ရပါမယ်... ။ ဒါမျိုးတွေက ကမ္ဘာအနှံ့ ဖြစ်နေကြပေမယ့် တရုတ်ပြည်မှာတော့ အဆိုးရွားဆုံးလို့ ဆိုထားပါတယ်...။
(မေတ္တာတရား ခြုံလွှမ်းနိုင်ကြပါစေ)




တိုက်တန်းနစ် နောက်တစ်စီး ဆောက်မည်

တကယ်ဆောက်မှာပါ။ Clive Palmer လို့အမည်ရတဲ့ သြစတေးလျနိုင်ငံက နံပါတ် ၆ မြောက် အချမ်းသာဆုံး သတ္တုတွင်း ဘီလျံနာက ဆောက် မှာ ဖြစ် ပါတယ်။

သင်္ဘောနာမည်ကိုလည်း Titanic II လို့ပဲ အမည်ပေးထားပါတယ်။ တိုက်တန်းနစ် အနောက်မှာ နံပါတ် ၂ ဖြည့်ရုံလေးပါပဲ။ အရွယ်အစား ကလည်း အရင်အတိုင်းပဲ ဖြစ်ပါတယ်။ အရင်တိုက်တန်းနစ်လိုပဲ အင်္ဂလန် ကနေ အမေရိကန် နယူးယောက်မြို့ အထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။

ဇိမ်ခံသင်္ဘောပါပဲ။ အခန်းပေါင်း ၈၄၀ ပါရှိပြီး ၉ ထပ်သင်္ဘောကြီး ဖြစ် ပါတယ်။ အားကစားကွင်း၊ ရေကူးကန်၊ ပျော်ပွဲစားရုံ၊ ဧည့်ခန်းမ အစရှိသဖြင့် ဇိမ်ခံသင်္ဘောတစ်စီးက လိုအပ်တဲ့ အခန်းနဲ့ ပစ္စည်း အားလုံး စုံစုံလင်လင် ပါရှိပါတယ်။

ယခု တရုတ်နိုင်ငံက သင်္ဘောကျင်းတစ်ခုမှာ ကန်ထရိုက်နဲ့ ဆောက် လုပ်နေပြီလို့ ဆိုပါတယ်။ ကျောက်မီးသွေးနဲ့ မဟုတ်တော့ပါဘူး။ ဒီဇယ်လောင်စာကို အသုံးပြုမယ့် သင်္ဘော ဖြစ်ပါတယ်။ အခြားသော အဆင့်မြင့် စက်ပစ္စည်းများကိုလည်း အသုံးပြုမှာ ဖြစ်ပြီး လုံခြုံရေးနဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးတို့ကို ဦးစားပေး တည်ဆောက်မယ့် သင်္ဘော ဖြစ်ပါတယ်။

ဒီအတွက် အမေရိကန်ဒေါ်လာ သန်းချီပြီး အကုန်ကျခံလို့ သူဌေး Palmer က တည်ဆောက်မှာ ဖြစ်တယ်လို့ ယခုရက်ပိုင်းအတွင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Ref: International News for Myanmar

ငါးစီးရှင်ကျော်စွာ

ကျွန်တော်တို့ ငယ်ငယ်က ဆယ်တန်းမြန်မာကဗျာ ဖတ်စာအုပ်ထဲမှာ မြင်စိုင်းရွှေပြည် ဆိုတဲ့ ကာချင်းအမျိုးအစား ကဗျာလေးကို လူတိုင်းနီးပါး အမှတ်ရကြမှာပါ...အဲ့ကဗျာကို ရေးစပ်ခဲ့သူကတော့ ဘုရင်ငါးစီးရှင်ကျော်စွာလို့ သိပြီးဖြစ်ပါတယ်... ဒါပေမယ့် သူ့အကြောင်းကိုတော့ ကျွန်တော်အပါအ၀င် လူသိနည်းနေကြပါတယ်.. ဒါကြောင့်မို့ သမိုင်းဘုရင်တစ်ပါးဖြစ်တဲ့ ငါးစီးရှင်ကျော်စွာအကြောင်း ဖတ်ဖူးတဲ့ ဘလော့လေးတစ်ခုကနေ တဆင့်မျှဝေလိုက်ပါတယ်... သူ့ဘလော့လင့်ကိုလည်း ချိတ်ပေးထားပါတယ်... မြန်မာ့သမိုင်းကို သိချင်သူများအတွင် အပင်ပန်းခံပြုစုထားတဲ့ အဲ့ဘလော့လေးက အထောက်အကူဖြစ်စေမှာပါ... :)

ငါးစီးရှင်ကျော်စွာ

ခမည်းတော်နတ်ရွာစံပြီးနောက် ကျော်စွာသည် ပင်လယ်မြို့တွင် နန်းတက်လေသည်။ နန်းတက်ပြီး မကြာမီ ဆင်ဖြူ ငါးစီးရလေသည်။ ထိုအကြောင်းကို နောင်တော်ကြားသော် ညီတော်ကို နန်းအပ်ပြီး မိမိမှာမူ တောထွက်လေသည်။ နောင်တော်ဥဇနာမင်းသည် သက်တော် ၄၂ တွင် နန်းဆင်းလေသည်။

နောင်တော်နန်းဆင်းသော် ကျော်စွာသည် သက္ကရာဇ် ၇၀၄ တွင် စစ်ကိုင်းမှတပါး ကျန် ခမည်းတော်ပိုင် နယ်မြေများကို သိမ်းပြီး မင်းလုပ်လေသည်။ စစ်ကိုင်းတွင် ညီတော် အသင်္ခယစောယွမ်းမှ မင်းလုပ် နေလေသည်။ ဆင်ဖြူငါးစီးရပြီး ငါးစီးရှင်ကျော်စွာဟု အမည်တွင်လေသည်။ မင်းပြုပြီး မကြာသော်နှစ်တွင် နတ်မြင်းကဲ့သို့ မြန်သော သိန္ဒောမြင်းကို ရလေသည်။

တနေ့လျှင် ကျော်စွာသည် စစ်ကိုင်းကို သိမ်းပိုက်လိုသော်ကြောင့် အသင်္ခယစောယွမ်းရှိရာကို သူရဲကောင်း ငခင်ညိုလွှတ်ပြီး လုပ်ကြံခိုင်းလေသည်။ ငခင်ညိုလည်း သခင်ခိုင်းသည့်အတိုင်း သွားလေရာ အခြေအနေမပေး သဖြင့် မြို့ပြင်တွင် ၃ ရက်တိတိ အစာမစားရဘဲ အခွင့်ကောင်းကို စောင့်နေလေသည်။ အခွင့်သာသော် မြို့ထဲသို့ ၀င်လေသည်။

နန်းတော်သို့ဝင်မိသော် နန်းတင်သောထမင်းကိုတွေ့ပြီး ဗိုလ်အလွန်ဆာသဖြင့် စားမိလေသည်။ ထိုနောက် အသင်္ခယစောယွမ်း စက်တော်ခေါ်ရာအဆောင်သို့သွားလေသည်။ ခေါင်းရင်းက ရပ်ပြီး ဤသို့ စဉ်းစား လေသည်။ “ သည်မင်းသည် ယနေ့တွင် ငါ၏ ထမင်းရှင်ဖြစ်လေပြီ၊ ထမင်းရှင်ကို ပြစ်မှားသော် သံသရာတွင် အကြိမ်ကြိမ်သေရမည်ဖြစ်သည်၊ သည်မင်းကို မသတ်၍ ပြန်သော် တစ်ခါသာသေရမည်၊ ” ဟုတွေးပြီး အသင်္ခယစောယွမ်းကို တစ်စီးရှင်သီဟသူ ချီးမြင့်စားသော ရတနာကျောက်စီဓားကိုသာ ယူခဲ့ပြီး နန်းမြို့သို့ ပြန်ခဲ့လေသည်။

နန်းတော်သို့ရောက်လျှင် မိမိထင်မြင်ပုံကို အကြောင်းစုံလျှောက်လေရာ ဘုရင်မှ “ ငါ့ကျွန်သည် ထမင်းတနပ် စားရုံမျှဖြင့် သူကျေးဇူးကို သိတတ်သည်၊ ငါကိုယ်တော်အပေါ်ဆိုလျှင် အဘယ်သို့ ဆိုဖွယ်ရှိအံ့နည်း” ဟု တွေးပြီး စည်းစိမ်ချမ်းသာ များစွာ ချီးမြင့်လေသည်။

ငါးစီးရှင်ကျော်စွာသည် တိုင်းပြည်ကို အုပ်ချုပ်ရင်း သက်တော် ၄၅ တွင် အနိစ္စရောက်လေသည်။

မြန်မာ့ပညာရေး နိမ့်ပါးမှုနဲ့ ပြဋ္ဌာန်းစာအုပ်များ

ပညာရေးစနစ်တစ်ခု နိမ့်ပါးရခြင်းအကြောင်းကို ပြောကြဆိုကြမယ် ဆိုရင် အကြောင်းပေါင်းများစွာ ရှိနိုင်တယ်။ အဲဒီအကြောင်းတွေထဲက ပြဋ္ဌာန်းစာအုပ်တွေဟာလည်း အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်မှာ အာဏာရှင်တွေက သူတို့အာဏာ တည်မြဲရေးအတွက် သူတို့ကို ပြည်သူတွေက မတွန်းလှန်နိုင်အောင် ပညာရေးကို အသုံးချတတ်တယ်။ ကွန်မြူနစ် အာဏာရှင် စနစ်မှာလည်း ကွန်မြူနစ်စနစ် တည်မြဲဖို့အတွက် ပညာရေးစနစ်က ကွန်မြူနစ် ပညာရေးစနစ်ဖြစ်တယ်။ ဆိုရှယ်လစ်အာဏာရှင်စနစ်မှာ ပညာရေးမှာ ပြဋ္ဌာန်းထားတဲ့ စာအုပ်တွေဟာ ဆိုရှယ်လစ်တွေ မိုးမွှန်နေတတ်တယ်။ အရင်းရှင် အာဏာရှင်စနစ်မှာ အဲဒီအရင်းရှင်စနစ် တည်မြဲဖို့ ပညာရေးကို အသုံးချတတ်တယ်။ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ဆိုတာလို ဒီမိုကရေစီပညာရေးစနစ်က ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေဆိုတာကို အားပေးပါတယ်။

အာဏာရှင်စနစ်တွေမှာ ပညာရေးကို နိမ့်ပါးအောင် လုပ်ရတာက ရည်ရွယ်ချက်ရှိပါတယ်။ အဲဒါကတော့ ပညာတတ်တဲ့သူတွေဟာ အစိုးရကို များများ ဝေဖန်တတ်ပြီး ပညာချို့တဲ့တဲ့ သူတွေက နှုတ်ပိတ်နေတတ်လေ့ရှိပါတယ်။ အာဏာရှင်တွေဟာ ပြည်သူတွေ နှုတ်ပိတ်နေတာကို အမြဲတမ်း အလိုရှိတတ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ပညာရေးကို စနစ်တကျ နိမ့်သထက် နိမ့်အောင် ပြုလုပ်တတ်ကြတယ်။ ဒါကို ဥပမာပေးဖို့အတွက် မြန်မာနိုင်ငံရဲ့ ၁၀ တန်း အင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်ထဲက ပြဋ္ဌာန်းထား တဲ့ စာတစ်ပုဒ်ကို ထုတ်ပြပါမယ်။ အဲဒါကတော့ Too Much Knowledge Make Fool ဆိုတာပဲ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ခေါင်းစဉ်ကိုက အသိပညာများတာဟာ အရူးဖြစ်တတ်တယ်လို့ ပြနေတယ်။ အဲဒီရဲ့ အဓိပ္ပာယ်က ကျောင်းသားတွေ ကို အသိပညာများတာဟာ မကောင်းဘူး။ အတတ်ကျူးရင် ရူးတတ်တယ်လို့ ပြောပြနေတယ်။ အဲဒီရဲ့ အကျိုးဆက်က ဘာလဲ။ ကျောင်းသားတွေဟာ အသိပညာများတဲ့ အလုပ်တွေကို မလုပ်တော့တာပဲ ဖြစ်ပါတယ်။ ဒါက ခေါင်းစဉ်က ပေးလိုက်တဲ့ အကျိုးဆက်ပါပဲ။

တစ်ခါ အဲဒီအင်္ဂလိပ်စာထဲမှာ ပါတာတွေကို လေ့လာကြည့်ပါတယ်။ အဲဒီအထဲမှာ ဒဿနသမား တစ်ယောက်ပါတယ်၊ နက္ခတ္တသမား တစ်ယောက် ပါတယ်၊ ဆေးပညာသမားတစ်ယောက် ပါတယ်၊ ဂီတသမားတစ်ယောက် ပါတယ်။ ဒဿနသမားကို အတွေးတွေ များလို့ ထောပတ်တွေ ပျော်ကျသွားတာနဲ့ တွဲပြီး အသုံးမကျတဲ့အကြောင်း ကျောင်းသားတွေကို သင်ကြားပေးလိုက်တယ်။ စဉ်းစားကြည့်ပါဦး။ ဒဿနသမားတစ်ယောက်ရဲ့ အလုပ်က ဘာလဲဆိုတာကို။

နောက်တစ်ယောက်ကို ပြောကြည့်ပါဦးမယ်။ သူက ဂီတသမားပါ။ စာထဲမှာ ဂီတသမားက ထမင်းချက်နေတယ်။ ထမင်းအိုး ဆူတော့ ပွက်ကုန်ကြတယ်။ သူက အဲဒီပွက်ပွက်ဆိုတဲ့ အသံတွေထဲမှာ ဂီတကို ရှာဖွေတွေ့ရှိသွားတယ်။ သူ တွေ့ရှိသွားတဲ့ ဂီတသံတွေကို အခုခေတ်ဂီတနုတ်တွေနဲ့ ပြလိုက်ရရင် ဘယ်ကလောက်များ လှပနေလိုက်မလဲ။ သူဟာ အဲဒီ ဂီတသံတွေ ထဲမှာ မျောသွားတယ်။ နောက်ဆုံး မနေနိုင်တော့ ထကမိသွားတဲ့ အဆင့် အထိပါပဲ။ ဒါကို သေသေချာချာ ကြည့်ရင် ပညာရေး(academic) ရဲ့ အောင်မြင်မှုပါပဲ။ ဒါဟာ ဘယ်လောက်များ ကြီးကျယ်ခမ်းနားလိုက်ပါသလဲ။ ဒါပေမယ့် အဲဒီစာထဲမှာ ဂီတသမားရဲ့ ပညာရေးအောင်မြင်မှုကို ထမင်းအိုး တစ်လုံးနဲ့ တန်ဖိုးဖြတ်လိုက်တယ်။ မြန်မာပြည်က ၁၀တန်းစာသင်ခန်းတွေထဲမှာ အဲဒီဂီတသမားကို ထမင်းအိုးတစ်လုံးတောင် မတည်တတ်တဲ့ကောင်ပဲ ဆိုပြီး ကျောင်းသားတွေရှေ့မှာ ကဲ့ရဲ့ အပြစ်တင်ပြလိုက်တယ်။ အဲဒီ အတွေးအခေါ်တွေ က ကျောင်းသားတွေကို တုံးသွားစေတယ်။ ဒါကို အာဏာရှင်တွေက ကြိုက်ပါတယ်။ အသိဥာဏ်တုံးပြီး နှုတ်ပိတ်နေတဲ့သူ များလေ သူတို့ အာဏာရှင်တွေ သက်ဆိုးရှည်လေပါပဲ။

အဲဒီပြဋ္ဌာန်းစာအုပ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးနိုင်ပါတယ်။ ဂီတသမားကို သူ့ဂီတပညာနဲ့ တန်းဖိုးဖြတ်ကြမလား၊ ထမင်းအိုးတစ်လုံးနဲ့ တန်းဖိုးဖြတ်ကြမှာလား ဆိုတာပါပဲ။ ဒီမှာ ဆက်ပြီး စဉ်းစားဖို့က အိုင်းစတိုင်းကို သူရဲ့ ရီလေတစ်ဗတီသီအိုရီနဲ့ တန်ဖိုးဖြတ်မှာလား၊ ဒါမှမဟုတ် သူ့ကို ကြက်ဥတောင် ပြုတ်မစားတတ်တဲ့ကောင် ဆိုပြီး ကျောင်းသားတွေရှေ့မှာ အပြစ်တင်ပြမှာလား။ နယူတန်ကိုလည်း သူ့ရဲ့ မြေဆွဲအားနိယာမသီအိုရီနဲ့ တန်ဖိုးဖြတ်ပြမလား၊ ချောကလက်တောင် အဆင်ပြေအောင် ၀ယ်မစား တတ်တဲ့ကောင်လို့ ကျောင်းသားတွေကို သင်ကြားလိုက် မှာလားဆိုတာတွေပါပဲ။

ဒီမိုကရေစီစနစ်ကို သွားနေပြီလို့ သတ်မှတ်ချင်ရင် ကျောင်းသားတွေရှေ့မှာ အာဏာရှင်စနစ်ကို အားပေးအားမြှောက် ပြုထားတဲ့ စာတွေထဲကလို ပညာရှင်တစ်ယောက်ကို ထမင်းအိုး တစ်လုံးနဲ့ တန်ဖိုး မဖြတ်ပြမိဖို့ လိုပါတယ်။ ပြောချင်တာက ၁၀တန်း အင်္ဂလိပ် ပြဋ္ဌာန်းစာအုပ်ထဲက ဂီတသမားကို သူ လေ့လာထားတဲ့ ဂီတပညာနဲ့ တန်းဖို့ မဖြတ်ဘဲ ထမင်းအိုးတစ်လုံးနဲ့ တန်ဖိုးဖြတ်ပြလိုက်သလို မဖြစ်ဖို့ လိုပါတယ်။ ပညာရှင်တွေကို ထမင်းတစ်လုံးနဲ့ တန်ဖိုးဖြတ်တတ်တဲ့လူမျိုးတစ်မျိုးဟာ ဘယ်လို အဆင့်မျိုးကို ရောက်သွားနိုင်တယ် ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါတယ်။

အောင်နိုင်
Education View စာမျက်နှာမှတဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ပျိုမေတို့ အတွက် ငှက်ပျောသီး


ပျိုမေတို့ လက်ရှိ သုံးနေတဲ့ အလှကုန်တွေ အများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။
ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိ စေတာမို့ ဝက်ခြံပျောက် အလှကုန် တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။ ဒါ့အပြင် ဆံကေသာ အတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွ ဖြစ်ခြင်းများကို တားဆီး ပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေ မှာလည်း ထည့်သွင်း အသုံးပြုကြ ပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်း တစ်ယောက် ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေ သေးတာမို့ ဖော်ပြ လိုက်ပါတယ်။

စိတ်ဖိစီးမှု

ထရိုင်တိုဖန်နဲ့ အမီနို အက်ဆစ်တွေ ပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာ ရစေပြီး လူကို လန်းဆန်း စေပါတယ်။ ပိုတက်ဆီယမ် ဓာတ်အများအပြား ပါဝင်တဲ့ အတွက် ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက် ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ် ဓာတ်တွေဟာ လျှော့နည်း သွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ် ဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက် လိုအပ် နေတဲ့ဓာတ်ကို ဖြည့်တင်း ပေးပါတယ်။ ဒါ့ပြင် ဦးနှောက် ဥာဏ်ရည် ကိုလည်း ထက်မြက် စေပါတယ်။ ဒါကြောင့် စာမေးပွဲ ဖြေခါနီး ကျရင် ငှက်ပျောသီး စားပေးတာဟာ ကျောင်းသားတွေ အတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့ စေတော့ပါဘူး။

အမြင်အာရုံ

တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ် စားသုံး လာတဲ့သူဟာ အသက်အရွယ် ကြီးလာရင် အမြင် အာရုံ ချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသန တစ်ခုက ဆိုထား ပါတယ်။ တခြား လူကြီး ရောဂါများကိုလည်း ကာကွယ် ပေးပါတယ်။

ပျို့အန်ခြင်း

အစာ (နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာ အဖြစ် ငှက်ပျောသီးကို စားပေး တာဟာ ပျို့အန်ခြင်းကို တားဆီး ပေးနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ် ဖြတ်မယ်ဆိုရင် ငှက်ပျောသီး စားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ် ဖြတ်တဲ့ နေရာမှာ အထောက်အကူ ပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွား တာတွေကို ပြန်လည် ဖြည့်တင်း ပေးနိုင်ပါတယ်။

ခြင်အန္တရာယ်

ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ (သွေးစုပ်သော ခြင်သည် အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ် ထွက်တာတွေ ပျောက်ကင်း နိုင်ပါတယ်။

လေဖြတ်ခြင်း

နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်က ပြုလုပ်တဲ့ သုတေသန တစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိ ထားပါတယ်။

အီဂျစ်နဲ့ ရောမ လူမျိုးများရဲ့ လျှို့ဝှက်ချက်

အီဂျစ်နဲ့ ရောမ လူမျိုးများဟာ သူတို့ရဲ့ အလှအပ ဆိုင်ရာ နည်းပညာ တွေထဲမှာ ငှက်ပျောသီး အသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ် ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီး သွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာ အတွက် အရမ်း အကျိုးရှိ စေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့ အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ် ပေးပါတယ်။ ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာ မလိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစို စေပါတယ်။

အရေပြားအတွက်

ငှက်ပျောသီး အခွံ သက်သက်ကို အရေပြား ပေါ်တွင် ပွတ်သပ် လိမ်းပေးခြင်း ဟာလည်း အရေပြား အတွက် ကောင်းစေ ပါတယ်။ ဝက်ခြံရှိတယ် ဆိုရင် မျက်နှာကို ငှက်ပျောသီး အခွံနဲ့ ပွတ်ပေးပါ။ ခဏတာ အတွင်း ဝက်ခြံတွေ ပျောက်ကင်း သွားပါ လိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက် စောင့်ပြီး ရေနဲ့ ပြန်သစ် ပေးပါ။ အချိန်မှန်မှန် လုပ်ပေးလာတာနဲ့ အမျှ အသားအရေကို ဝင်းပ လာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင် စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။ ကြွက်နို့ကို သတ်တဲ့ အခါမှာလည်း သုံးနိုင် ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။ ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့ စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကို ချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေ အတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှ ပြန်ပြီးရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုး တွေ ကတော့ အရည်ပြားကို နူးညံ့ ရွှန်းစို စေပါတယ်။

ကလေးများအတွက်

ငှက်ပျောသီးဟာ ပျိုမေတို့ အတွက် သာမက ကလေးသူငယ် အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေ ဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွား စေဖို့ အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ် ပြောရရင် ပျိုမေတို့ အတွက် ငှက်ပျောသီးဟာ အသားအရေ အတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေး အာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင် ကြပါစေလို့ ဆုတောင်း လိုက်ရပါတယ်။

Myawady News
Related Posts Plugin for WordPress, Blogger...