လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ချောကလက်ရည်ဖြင့် ရေချိုးနည်း


ရေချိုးနည်း ကပ်သီးကပ်သပ် နောက်တစ်နည်းက ချောကလက်ပျော်ရည်နဲ့ ချိုးနည်း ဖြစ် ပါတယ်။ ကမ္ဘာပေါ်မှာ ချောကလက် ကို တစ်ကြိမ်တစ်ခါတောင် မစားဖူးကြ သူတွေ အများအပြား ရှိနေကြမှာပါနော်။ ဒါပေမဲ့ သူတို့များကျတော့ ချောကလက် နဲ့တောင် ချိုးကြပါသတဲ့.. ကုသိုလ်ကံချင်း ကွားခြားပုံများပြောပါတယ်။

ချစ်သူစုံတွဲတွေကတော့ ချစ်သူများနေ့ ( Valentine's Day) မှာ အမှတ်တရ အနေနဲ့ ချောကလက်ရည်ထဲမှာ စိမ်ချိုးကြတာပါတဲ့။ ဂျပန်မှာတော့ ချစ်သူ များနေ့ကနေစပြီး မတ်လ ၃၁ရက်နေ့အထိ တိုင်အောင် ရေပူစမ်းတွေမှာ ရေပူနဲ့အတူ ချောကလက်တွေကို ရောစပ်ထားတဲ့ရေနဲ့ ချိုးနိုင်တဲ့ အစီအစဉ်ကို လူငယ်တွေ အတွက် ပြုလုပ်ထားပေးပါတယ်။

ချောကလက်က စားရတာတောင် ချိုချိုရဲရဲနဲ့။ တကယ်လို့များ ချောကလက် ကန်ထဲ ၀င်ချိုးရရင် ကပ်စီးစီးနဲ့ အတော် နေရခက်မယ် ထင်ပါရဲ့။ ပြီးတော့ လည်း လူတွေ ဝင်ချိုး ပြီးတဲ့ ချောကလက် ရည်ကို ချောကလက်တောင့်များ ပြန်ထုတ် ကြဦးမှာလား မသိ တော်ပြီ ချောကလက် စားတော့ဘူးး)

ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့်

ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့်ဘူး လို့ ဆေးပညာရှင်နဲ့ ကျောက်ကပ်အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလက် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။

ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဆီးမကြာခဏ သွားခြင်း (Urinate more often)

ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် စုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။

ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)

ကဖင်းက ရေဓာတ်စုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ရေသာ နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။

ဆီးမသန့်ခြင်း (Urinary incontinence)

တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။

ကျောက်တည်ခြင်း (Kidney stones)

ကျော်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။ calcium oxalate stones လို့ခေါ်တဲ့ ကျော်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။

 ကျောက်ကပ် ရောဂါ (Kidney disease)

polycystic kidney disease ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန်အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ် လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက် ဟာလည်း ပုံမှန် မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်။ သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။
ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။


သဘာဝရဲ့အားအင်မှ ဖော်ပြပါသည်။

အထီး၊ အမ လိုသလိုပြောင်းလဲနိုင်သော ငါး- clownfish



clownfish ခေါ်တဲ့ သန္တာကျောက်တန်းနေ ရွှေငါးမျိုး Amphiprioninae ဟာ မွေးကတည်းက အထီးပဲ ဖြစ်ပါတယ်။ အားလုံ အထီးချည်းပါပဲ။ ဒါဆို သူတို့ကို မွေးတာ ဘယ်သူလည်းလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီလို ရှိပါတယ်။

မွေးကတည်းက အထီးများသာ ဖြစ်တဲ့ Clownfish ဟာ ကိုယ့်မျိုးစိတ်မပျက် သုန်းဖို့အတွက် အမအဖြစ်သို့ ကိုယ်တိုင် ပြောင်းယူ ကြပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ ၁၀ ကောင်မှာ တစ်ကောင်က အမအဖြစ်သို့ ပြောင်းလဲ စတေးပြီး ကျန် Clownfish များနဲ့ မိတ်လိုက်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်ပါတယ်။ သားဥများ မွေးဖွားပေး ပါတယ်။

အကယ်၍ ယင်း ငါးက သေပြီဆိုရင် သူ့အစား အခြား ခေါင်းဆောင်ငါး clownfish တစ်ကောင်က အမ အဖြစ်သို့ ပြောင်းလဲပေးပါတယ်။ တန်ခိုးရှင် တော့မဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ်တိုင် အမ အဖြစ်သို့ပြောင်းနိုင်ပြီး ကိုယ်ဝန် ဆောင်နိုင်ပါတယ်။

၃ လက်မ ကျော်ကနေ ၇ လက်မ အထိ အရွယ်အစား ရှိတဲ့ ငါးမျိုး ဖြစ်ပြီး အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာတို့ရှိ သန္တာကျောက်တန်းများမှာ နေထိုင်တဲ့ ရွှေငါး တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။

International News for Myanmar

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ

ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ် တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီ ပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ် 

ပြောင်းဖူးမှာ ဗီတာမင် B9  လို့ခေါ် တဲ့ ဖော လိတ်ပါဝင်မှုကြောင့် နှလုံးကျန်း မာရေးကို တိုးတက်ကောင်း မွန်စေပါ တယ်။ ဖောလိတ်ဓာတ်ပါတဲ့ အစားအ စာကို များများစားတာကြောင့်   နှလုံး သွေးကြော ဆိုင်ရာ ရောဂါ၊ လေဖြတ်တာနဲ့ နှလုံးရောဂါထ တာတွေရဲ့  ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်

ပြောင်းဖူးရဲ့ နောက်ထပ် ကျန်းမာ ရေးအကျိုးကျေးဇူးတစ်ရပ်က အဆုတ် ကင်ဆာကို ကာကွယ်ပေးတာပါ။
ပြောင်း ဖူးမှာ Beta Cryptoxanthin ပါဝင်တာ ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ကို လျော့ကျစေပါ တယ်။ ဆေးလိပ်သောက် တဲ့သူတွေဟာ ပြောင်းဖူးကို ပုံမှန်စားပေး ရင် အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင် နှုန်း လျော့ကျစေပါတယ်။

မှတ်ဥာဏ်ကို အားကောင်းစေပါတယ်

ပြောင်းဖူးမှာ သိုင်ယာမင်း ဒါမှမ ဟုတ် ဗီတာမင် B1 ပါဝင်တာကြောင့် မှတ်ဥာဏ်အစွမ်းကို ကောင်းမွန်စေပါ တယ်။ ဒီအာဟာရဟာ ဦးနှောက်ဆဲလ် တွေကို အားကောင်းစေပြီး တွေးခေါ်နိုင် တဲ့ လုပ်ငန်းဆောင်တာကို တိုးတက်စေ ပါတယ်။ ပြောင်းဖူးဟာ အယ်လ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

အမြင်အာရုံကို ကာကွယ်ပေးပါတယ်

ပြောင်းဖူးမှာ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နဲ့ အင်တီအောက်ဆီးဒင့် ဇီဇန် သင်းတို့ များစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေက မက်ကူလာယိုယွင်း ပျက်စီးမှုလိုမျိုး မျက်စိရောဂါတွေ မဖြစ် အောင် ကာကွယ်ပေးပါတယ်။

ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ပြောင်းဖူးမှာFerulic Acid များစွာ ပါဝင်ပါတယ်။ ဒါက အင်တီအောက်ဆီး ဒင့်တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် တွင်း ရောင်ရမ်းမှု၊ အိုမင်းမှုနဲ့ ကင်ဆာ ရောဂါတချို့အမျိုးအစားတွေကို မဖြစ် အောင် ကာကွယ်ပေးပါတယ်။

သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေပါတယ်

ပြောင်းဖူးတစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာက ပြောင်းဖူးရဲ့ အကြီးမားဆုံး အကျိုးကျေး ဇူးတစ်ရပ်ဖြစ်ပါတယ်။ အမျှင်ဓာတ်က သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး အူမကြီးကင်ဆာ ဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။ အမျှင် ဓာတ်ဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေ မှာ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။

ဂရုစိုက်ရန်

လေ့လာမှုအရ ပြောင်းဖူးဟာ သစ် သီးတွေနဲ့ ဟင်းသီးဟင်းရွက်အများစု ထက် အာဟာရဓာတ် ပိုမိုပါဝင်ပါတယ်။ လူအများစုဟာ ပြောင်းဖူးထဲကို အဆီ၊ ဆားနဲ့ သကြားတွေ ထည့်ပြီး ချက်ပြုတ် စားသောက်ကြပါတယ်။ ပြောင်းဖုးကို ပြုတ်ပြီး သုပ်စားတာ ဒါမှမဟုတ် စွပ် ပြုတ် ပြုတ်သောက်တာတွေက ကျန်းမာ ရေးနဲ့ ပိုညီညွတ်ပါတယ်။

သဘာဝရဲ့အားအင် မှ ဖော်ပြပါသည်။

အပိုင်းအစများ

ဒါလေးကတော့ အကိုကြီးတစ်ယောက်ရဲ့ အရေးအသားလေးပါ...။
လက်တွေ့တွေကို သရုပ်ဖော်ထားတာမို့ ခံစားကြည့်ကြပါဦး..... :)

အခန်း(၁) 
မင်္ဂလာပါရှင်။ "xxxxxx" ဘူတာသို့ ဆိုက်ရောက်ပါပြီရှင်။ နောက်ဆုံးဘူတာ ဖြစ်သည့်အတွက် ခရီးသည်များအားလုံး ရထားထဲမှထွက်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်ရှင်။ မိမိတို့၏ပစ္စည်းများကို ပြန်လည်စစ်ဆေးပြီးမှ ထွက်ခွါကြရန် အသိပေးအပ်ပါတယ်ရှင်။



မြေအောက်ရထားထဲမှ ကြေငြာချက်အသံကြောင့် ထိုင်ရာမှထပြီး အပြင်သို့ထွက်လိုက်သည်။ အထဲတွင် ပူအိုက်နေသလောက် -16 ဟူသော ပြင်ပ အပူချိန်ကြောင့်ဟထားသော အကျီင်္ဇစ်ကို ဆွဲစိလိုက်ပြီး မာဖလာအား ပြင်ပတ်လိုက်သည်။ အိတ်ထဲမှ အနွေးဦးထုပ်နှင့် လက်အိတ်ကိုထုတ်ယူရင်း ပိုက်ဆံအိတ်ကို မြင်မိတော့ဒီနေ့အတွက် ဝယ်ခြမ်းရဦးမယ့် ပစ္စည်းများကို ဖြတ်ခနဲ သူသတိရလိုက်သည်။ ညနေ ခြောက်နာရီဆိုပေမယ့် ဆိုင်များက မပိတ်သေး။ ယနေ့မှ 23 ရက်ဆိုတော့လမကုန်ခင် ကျန်ရှိသည့်ရက်စွဲနှင့် လက်ကျန်ငွေကို သူအချိုးချကြည့်သည်။ အခြေအနေက သိပ်မဆိုး။ ဒီတိုင်းပုံမှန်လေး ဆက်သွားရင် လခမထုတ်ခင် KFC တစ်ခါလောက်တော့ ကောင်းကောင်း သွားနိုင်သေးသည်။ အစားအသောက်နှင့် ပတ်သက်လာလျှင် တခြားသူများထက် သူက ပိုပြီး မက်မောတတ်သည်ကို သူ့ကိုသူလဲ သတိပြုမိသည်။တခြားပစ္စည်းတွေသာ မဝယ်ရင် မဝယ်မယ် အစားအသောက်တော့ ကောင်းကောင်းကန်းကန်းစားလေ့ရှိသည်။ ယခုလည်း ဝက်သားဖြစ်ဖြစ် အမဲသားဖြစ်ဖြစ် တစ်ကီလိုလောက်တော့ ဝယ်မည်။ ဝက်သားဆိုလျှင် ခရမ်းသီးပါတွဲဝယ်ရမည်။ဆောင်းတွင်းကာလဖြစ်သည့်အတွက် အသီးအရွက်ဈေးမှာ နွေရာသီထက် ၂ဆခန့်မြင့်တက်လေ့ရှိသည်ကိုတော့ သူမမေ့။ အမဲသားဆိုလျှင် အသားကို အာလူးနဲ့တွဲချက်ပြီး အရိုးကိုတော့ ကုလားပဲနှင့် အရည်သောက် ပြုလုပ်၍ရမည်။ ဈေးထဲသို့လျှောက်လာရင်း ဝက်သားနဲ့ အမဲသားကို ဦးနှောက်က ဆန္ဒမဲဖြင့် ဆုံးဖြတ်နေသည်။

ဦးနှောက် နှင့် လျှာ လွန်ဆွဲနေတုန်း အိတ်ထဲမှ ဖုန်းက အသံမြည်လာသည်။ ဖုန်းကိုကြည့်လိုက်တော့ unknown number ။ အိမ်ကဖုန်းဆက်တာပဲဖြစ်မည်ဟု သူအသေချာ သိသည်။ သို့သော် ခါတိုင်း သူကသာ ဖုန်းခေါ်လေ့ရှိပြီး အိမ်က သူ့ဆီဖုန်းခေါ်သည်မှာ ရှားရှားပါးပါး။ ဒီနိုင်ငံရောက်စ ဖုန်းဝယ်ကာစက တစ်ခါပဲ ဆက်ဖူးသေးကြောင်း သူအမှတ်ရမိသည်။ ဒါတောင်မှ အင်တာနက်ဆိုင်က လာခေါ်ရတာ။ အခုက ဒုတိယအကြိမ်မြောက်။ အတွေးများကို ရပ်ဆိုင်းပြီး ဖုန်းကို သူကိုင်လိုက်သည်။


 "ဟလို သား လား"
"ဟုတ်ကဲ့ အမေ ပြောလေ ဘာအရေးကြီးလို့လဲ"
"ကိစ္စအထွေအထူးတော့မရှိပါဘူး သား ရယ်။ မင်းကို အမေ သတိရလို့ပါ။"
"အမေရယ် သားအမိချင်းတွေပဲ ညာမနေပါနဲ့။ ဘာဖြစ်တာလဲဆိုတာသာ သားကို ပွင့်ပွင့်လင်းလင်းပြောပါ။"
"သားရယ် မင်းအဖေလေ အလုပ်မှာ မူးလဲသွားလို့ ဆေးရုံတင်ထားရတယ်။ မင်းညီမလေးကလဲ ရှေ့လဆိုရင် ဆယ်တန်းအတွက် ကျူရှင်အပ်ရတော့မယ်။အမေ စက်ချုပ်တာကလဲ အခုတလော အပ်ထည်တွေနည်းတယ် သားရယ်။ အဲဒါ သားညီမလေးက ကျောင်းဆက်မတက်ချင်တော့ဘူး။ အလုပ်ပဲလုပ်မယ်ပြောနေလို့။"
"အာ... သူ့အရွယ် သူ့ပညာနဲ့ ဘာအလုပ်ရမှာလဲ အမေရ။ ရတော့ကော ဘယ်လောက်ဝင်ငွေရှိမှာမို့လဲ။ ပညာရေးဘက်သာ ဆုံးခန်းတိုင်အောင် အရင်လျှောက်ပါလို့ သား လစာတွေမထုတ်ဘူးလား အမေရဲ့။"
"အဲဒီထဲက ထုတ်သုံးလေ။ပြီးခဲ့တဲ့လက အိမ်ကို သွပ်မိုးလိုက်တာ သားလခတွေနဲ့ အဖေ့ရဲ့ လုပ်အားခတွေလေ။ အခု အိပ်စောင့်ငွေတောင် သိပ်မကျန်တော့ဘူး သား ရဲ့။  ကိစ္စမရှိပါဘူး သားရယ်။အမေတို့ အဆင်ပြေအောင် ကြည့်စီစဉ်လိုက်ပါမယ်။ သားကော ကျန်းမာရေးကောင်းရဲ့လား။ စာတွေကော လိုက်နိုင်ရဲ့လား။ အဆင်ပြေအောင်နေနော် သား။"


သူ့ဒုက္ခနဲ့သူကြားမှ အဝေးကသားအတွက် စိတ်ပူပန်ပေးနေသော အမေ့ရဲ့ရှိုက်သံတဝက် စကားများကို နားထောင်ရင်း ကျွန်တော့်ဦးနှောက်တွေ ချက်ခြင်း အလုပ်လုပ်သွားတယ်။ ဖုန်းပြောရင်းနဲ့ ဝက်သားဆိုင်ရှေ့ရောက်လာတော့ ဝယ်နေကျ ဖောက်သည်ဖြစ်သော ကျွန်တော့်အား ဆိုင်ရှင်မှ ဘာအလိုရှိပါသလဲ ဟု မေးသံကို ကြားရလေသည်။ကျွန်တော် ဆိုင်ရှင်အား လက်ကာပြလိုက်ရင်း ......။

"ဟုတ်။ ဘာမှစိတ်မပူနဲ့ အမေ။ သားလဲ ဒီလထဲ ပိုက်ဆံတွေပိုနေလို့ အမေရ။ အမေတို့ဆီ ပို့မလို့ စိတ်ကူးနေတာ အခုတော့ ကွက်တိပဲ။ အဆောင်ပြန်ရောက်တာနဲ့ သားငွေလွဲဖို့ စီစဉ်လိုက်မယ် အမေ။ စိတ်အေးအေးထား။ ညီမလေး ကိုလဲပြောလိုက် စာကိုပဲ ကြိုးစားသင်ပါလို့။ အဖေ့ဆီသွားရင်လဲ အဖေကြိုက်တတ်တဲ့ ငါးရံ့ခြောက်စွတ်ပြုတ်လေး လုပ်ပေးသွားလိုက်ဦး။ အမေလဲ အားဆေးတွေ ဝယ်သောက်သေးရဲ့လား။ လတိုင်းဝယ်သောက်ဖို့မမေ့နဲ့နော် အမေ။ ယောကျာ်းနဲ့ သမီးအတွက်ဆိုပြီး အမေ့အတွက်လဲမလုပ်ပဲနဲ့မနေနဲ့ဦး။ အသက်တွေလဲကြီးလှပြီ ကျန်းမာရေးဂရုစိုက်ဦး။ "
"အေးအေး ငါ့သားလေး သက်တော်ရာကျော်ရှည်ပါစေကွယ်။ ခလုပ်မထိ ဆူးမညှိပဲ လိုရာပန်းတိုင်ကို ချောချောမွေ့မွေ့ရောက်ပါစေ။"
"ဟုတ် ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ အမေ ဒါဆို ဒါပဲနော် သားလဲ အပြင်မှာရောက်နေလို့ အဆောင်ရောက်မှ ပိုက်ဆံလွဲပြီးမှ သားတစ်ခေါက်ဖုန်းဆက်လိုက်မယ်။ ဖုန်းဆိုင်က ဦးကြီးကိုလဲပြောလိုက်ပါဦး။ ပြန်လာရင်လက်ဆောင်ဝယ်ခဲ့မယ်လို့။"
"အေးအေး ပြောလိုက်မယ် သား။ ဒါပဲနော် အမေ ဖုန်းချပြီ။"
"ဟုတ်ကဲ့ အမေ။"

ဖုန်းချလိုက်ပြီး ပိုက်ဆံအိတ်ထဲကို ကြည့်မိသည်။ ရူဘယ် 1650 ။ ဒေါ်လာအနေနဲ့တွက်ရင် ဒေါ်လာ50 ကျော်ကျော်ရှိမည်။ ဒီလကုန်ရင် စုကြေးက ဒေါ်လာ500 ရမည်ဆိုတော့ 550 လောက်တော့ လွဲနိုင်မည်။ သို့သော် ထို 500 က လကုန်မှရမည်ဖြစ်သည့်အတွက် လောလောဆယ် သူ့လက်ထဲတွင် ပိုက်ဆံမရှိသေး။

"ဟယ်လို သူငယ်ချင်း ငါပါ အေး ဟုတ်တယ်။ အေး အိမ်ကို အရေးတကြီး ပိုက်ဆံပို့စရာရှိလို့ကွာ ဒေါ်လာ 500 လောက် ဘယ်ကရနိုင်မတုန်း။အော် မင်းဆီမှာ 300 လောက်ပဲရှိတယ်ဟုတ်လား...။ အေးအေး အဲဒါကို ငါ့ကို ခဏချေးကွာ။ ဘယ်လို နောက်ထပ် 200 က ဟိုကောင့်ဆီမှာ ရှိတယ်တဲ့လား။ အေးအေး ဒါဆို အဆင်ပြေတာပေါ့ကွာ။ ငါယူမယ် ဟုတ်ပီလား။ လကုန်လို့ စုကြေးရရင် ချက်ခြင်းပြန်ပေးမယ်။ အေးအေး ကျေးဇူးကွာ... ။"

"ဟယ်လို ညီလေး အကိုပါ။ မင်းပိုက်ဆံလွဲတဲ့အလုပ် လုပ်သေးလား။ အေး အကို ဒေါ်လာ 500 လောက်လွဲချင်လို့ကွာ။ ဒီနေ့ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ်လွဲချင်တယ်။အဆင်ပြေမလား။ အိုကေ သန်ဘက်ခါဆိုလဲဖြစ်ပါတယ်။ အေးအေး ဒါဆို ပြန်ရောက်ရင် အကို ပိုက်ဆံလာပေးလိုက်မယ်.....။"

ဖုန်းကို အိတ်ထဲပြန်ထည့်ပြီး ခေါင်းမော့ကြည့်လိုက်တော့ အပြုံးပန်းတွေနဲ့ ဝေဆာနေသော ဝက်သားဆိုင်ပိုင်ရှင်မျက်နှာကြီးအား တွေ့ရလေသည်။ဘာလိုချင်လို့လဲ ဝင်ကြည့်လေ ဈေးသက်သာပါတယ်လို့  ပုံမှန်အတိုင်း ပြောတဲ့လေသံကို ကျွန်တော်က ခေါင်းခါပြလိုက်ပီး သူ့ထက် ပိုပြီးလန်းဆန်းသော အပြုံးဖြင့်ပြန်ပြုံးပြလိုက်ပြီးသူ့ဆိုင်ကို ကျော်ဖြတ် လာခဲ့လေသည်။ ထို့နောက် ဈေးအထွက်မှ ဆိုင်လေးတဆိုင်သို့ ဝင်ပြီး.......
ကျေးဇူးပြုပြီး ကျွန်တော့်ကို 50 တန် အမျိုးအစားထဲက ကြက်ဥဆယ်လုံးပေးပါခင်ဗျာ.......။



======================================================

အခန်း(၂)
သူကျတော့ လူတမျိုး။ အစားအသောက်ထက် phone handset များကို ပိုစိတ်ဝင်စားသည်။ တစ်နေကုန် ထမင်းတစ်နပ်ထဲနဲ့လဲ သူတင်းတိမ်နိုင်သည်။အခုလဲ တစ်လကို ဒေါ်လာ100 မရရအောင် ဖြစ်ညှစ်ပြီးစုလာတာ 7 လမြောက်လဲရောက်ရော လက်ထဲတွင် ဒေါ်လာ 700 ပိုင်ဆိုင်လာပြီ။ သို့သော်အခုထက်ထိ သူမရွေးချယ်ရသေး။ 

Android နဲ့ IOS တို့ရဲ့ ယှဉ်ပြိုင်မှုကလဲ သူ့ဆုံးဖြတ်ချက်ကို ဆီးဆောစီးသကဲ့သို့ ဟိုဘက်က တက်လိုက် ဒီဘက်ကတက်လိုက်ဖြစ်နေသည်။ သူငယ်ချင်းတွေထဲမှာ စက်ရုပ်သမားကော ပန်းသီးသမားကော မျိုးစုံရှိသည်။ စက်ရုပ်သမားကလဲ စက်ရုပ်တွေကကောင်းကြောင်း ပြောသလိုပန်းသီးများကလဲ ပန်သီးကောင်းကြောင်းသာ ပြောတတ်ကြတော့ သူ့ခမျာ Samsung ကိုပဲ အဖေခေါ်ရမလို Apple ကိုပဲ ပြေးဖက်ရမလိုလိုနဲ့ အခုထိ ယောင်ခြောက်ဆယ်ဖြစ်နေသေးသည်။ 

အခုမှသာ သူကကြီးကြီးကျယ်ကျယ်ရွေးရခက်နေတာ မြန်မာပြည်မှာတုန်းက ဒယ်အိုးအဖုံးတောင် ဝယ်ထားတာကြာလို့ ရွဲ့တဲ့ဘက်ကရွဲ့နေပြီ။အဲဒီတုန်းကတော့ ဖုန်းဆိုတာ သူနဲ့မဆိုင်ရေးချမဆိုင်။ 15သိန်းခေတ်ကာလ ဖြစ်သောကြောင့် ဒီဘဝတော့ သူနဲ့ဖုန်းနဲ့ ရေစက်မရှိ ဟု ထင်ထားခဲ့သည်။ယခုတော့လဲ SIM card ဆိုတာမျိုးက အလကားရနေတော့ ပြဿနာက handset ကိစ္စဖြစ်လာသည်။ လူကြားသူကြားထဲ သူများတွေလို touch screen ရှောခနဲ ရှောခနဲပွတ်ချင်လိုက်သေးသည်။ သွားရင်းလာရင်း viber call ခေါ်သံလေးတော့ ကြားချင်သေးသည်။ မြို့လယ်ခေါင်ထဲမှာ skype လေးဖွင့်ပြီး ဖုန်းကလေး မြှောက်ကာ မြှောက်ကာဖြင့်video chat ချင်သေးသည်။ Tango, Whats app, LINE, Aire Talk အစရှိသော application များမှ ဟိုချက် ဒီချက် ချက်ချင်လိုက်သေးသည်။ ဒီကြားထဲ သူများကTemple Run ဆိုတော့လဲ အားကျမခံ လိုက် run လိုက်ချင်သေးသည်။ 

သို့သော် လောလောဆယ် သူ့တွင်ရှိသည်က နာမည်ကြီး brand ဖြစ်သော်လည်း စက်ရုပ်အဆင့်မမှီသေးသည့် samsung slide ဖုန်းလေးသာဖြစ်သည်။အရင်ကတော့ Handset ဆိုတာ ဖုန်းခေါ်လို့ရရင်ပြီးတာပဲ အဓိက က အဲဒါပဲ လို့သတ်မှတ်ပြီး ဝယ်ခဲ့တာ။ သူ့ဖုန်းလေးက သီချင်းနှင့် FM နားထောင်လို့ရသည့်အပြင်မှုန်တိမှုန်ဝါး ကင်မရာလေးနဲ့ ဓာတ်ပုံရိုက်လို့ရနေတော့ သူ့ဘဝအတွက် အကြီးကျယ်ဆုံး ပိုင်ဆိုင်မှုလို့တောင် နားထင်သွေးရောက်ခဲ့ဖူးသည်။ အခုတော့ ထိုဖုန်းကအခြားဖုန်းတွေကြားထဲ ဖုန်းရာမဝင် ဖြစ်နေတော့ သူလဲ တစ်ဖုန်းမပြောင်း သူကောင်းမဖြစ် ဆိုသော စကားပုံအတိုင်း ကြက်ဥနှင့်ခေါက်ဆွဲခြောက်ကို ကြိတ်မှိတ်ဝါးပြီးတစ်လ ဒေါ်လာ100 ရအောင်စုလာခဲ့သည်။

နိုင်ငံခြားပညာတော်သင်ခြင်းအတူတူ အခြားနိုင်ငံမှ သူငယ်ချင်းများက ထိုသို့ တစ်လ100 စုပုံစုနည်းကိုသိကြတော့ဟားတိုက်ပြီးရယ်မောခဲ့ကြတာကို မှတ်မိသေးသည်။ နောက်တော့မှ ရတဲ့လခ 275 ထဲမှ စားသောက် သွားလာ အဝတ်အစား အခြားဗာဟီရ ကိစ္စများဖယ်ပြီး 100 စုနိုင်ကြသည်ကိုသိတော့မှ အံ့သြတကြီးဖြင့် သနားဂရုဏာအကြည့်များကို ခံယူရသေးသည်။ ကိုယ်တွေအတွက်ကတော့ တစ်လ100 စုနိုင်တဲ့သူဆိုတာ သူရဲကောင်းပဲ။ အချို့တွေများ တစ်လကို 150, 175 လောက်စုနိုင်ကြသည်ကို မြင်တော့ ထိုသူတို့ကို "သူငတ်" ဘွဲ့ ပေးရင်ကောင်းမလား စဉ်းစားမိသေးသည်။ (သူငတ် = သူအငတ်ခံပြီးစုခြင်း)
ယနေ့မနက်လဲ အိပ်ရာကနိုးတော့ ချစ်လှစွာသော samsung slide ဖုန်းလေးက ကုတင်ခြေရင်းမှာ ပုံပျက်ပန်းပျက် လဲကျနေသည်ကို တွေ့လိုက်ရသေးသည်။ ပြန်စဉ်းစားကြည့်မှ ပိတ်ရက်အတွင်း အလိုက်မသိ ထမြည်လာသော alarm ကို အပြစ်ပေး ထားလိုက်ခြင်းဖြစ်ကြောင်း သတိရမိသည်။ ကိစ္စမရှိ။သိပ်မကြာခင် ငါလဲ စက်ရုပ် (သို့) ပန်းသီး ကိုင်နိုင်မှာပဲ ဟူသော အတွေးဖြင့် အောက်ကျနေသော အကြင်ထိုဖုန်းအား သနားတော်ဂရုဏာ သက်စွာဖြင့် ခြေညိုး ခြေမ နှစ်ချောင်း ညှပ်ပီး ကောက်ယူ လိုက်လေသည်....။ 



မြေအောက်ရထားစီးနေတုန်း  phone call တစ်ခုက ဝင်လာသည်။ မြေအောက်ထဲတွင်ဆိုတော့ လိုင်းက မိတချက် မမိတချက် သေချာလဲမကြားရ။ ထိုကဲ့သို့ သုံးလေးခါလောက် ဖြစ်သွားတော့ ထို phone call လဲထပ်မဝင်လာတော့။ သို့နှင့် မြေအောက်ရထားမှထွက်ပြီး ဖုန်းဆိုင်ရှိရာသို့ ခပ်သွက်သွက် လှမ်းလေတော့သည်။ ဖုန်းဆိုင်ထဲတွင် လိုချင်သောဖုန်းများက အပြည့်။ အားလုံးကလဲ သူ့ဟာနဲ့သူ ဆွဲဆောင်ထားသည်။ ဟိုဟာကိုကြည့်တော့လဲ ကြိုက်သလိုလို ဒီဟာကိုကြည့်တော့လဲ လိုချင်သလိုလိုနှင့် ဘေးနားတွင် ဆိုင်ဝန်ထမ်းကလဲ ဖုန်းတစ်လုံးအနားကို ကပ်လိုက်တိုင်း တတွတ်တွတ်ဖြင့် ရှင်းပြလေတော့သည်။ ကိုယ်ကလဲ နားလည်တချက် မလည်တချက်နဲ့။ Apple, Samsung, Sony, HTC ..ဟူးးးးး ရွေးရခက်ကြီး ဖြစ်နေစဉ် ထိုဖုန်းက ထပ်ဝင်လာပြန်သည်။ သေချာကြည့်လိုက်မှ သူငယ်ချင်းတစ်ယောက်ဆီမှ ဖြစ်နေသည်။


"ဟယ်လို ... သူငယ်ချင်း ပြော"
"အေး ကောင်လေး မင်း ဘာလုပ်နေတာလဲ"
"ဘာမှ မလုပ်ပါဘူးကွာ အပြင်ရောက်နေတာ။ ဘာအရေးကြီးကိစ္စရှိလို့တုန်း။"
"အေးကွာ မင်းဆီက အကူအညီတောင်းမလို့။ ငါလဲတော်တော် ဒုက္ခရောက်နေလို့ကွာ။"
"အွန် ဘာတွေဖြစ်ကုန်လို့လဲဟ သေချာရှင်းရှင်းလင်းလင်းပြောဦး။"
 "ဒီလိုကွာ မနေ့ညနေက ညီလေးတစ်ယောက်ကို  ဖုန်းတစ်လုံးဝယ်လာပေးတာကွာ... အဲဒါ ဆိုင်ကဝယ်ပြီး အပြန်မှာ ရထားပေါ်မှာ လူတွေကလဲကြပ်ပစ္စည်းတွေကလဲ အိတ်ထဲထည့်ပီးလက်ထဲက ဒီတိုင်းကိုင်ထားတာ ဘူတာရောက်လို့ ဆင်းတော့ အဲဒီဖုန်းနဲ့ တခြားပစ္စည်းတချို့ပါမလာတော့ဘူး။ ကျခဲ့တာလား အနှိုက်ခံသွားရတာလားမသိဘူးကွ။"
"ဟေ............။"
"အေး.. မဟေနဲ့ဦး။ အဲဒါ ငါ တစ်လုံးပြန်အစားဝယ်ပေးမလို့ကွာ။ လက်ထဲလဲ ဟိုနေ့က အိမ်ကို ပိုက်ဆံပို့လိုက်တော့ သိပ်မကျန်တော့ဘူး။ အဲဒါမင်းကိုသတိရလို့ဖုန်းလှမ်းဆက်တာ။ ပိုက်ဆံရှိရင် ကူညီပါဦးကွာ။ "
အတွေးထဲတွင် တက္ကသိုလ်တက်တုန်းက ငါးနှစ်လုံးလုံး အကူအညီပေးခဲ့သော သူငယ်ချင်း။ သူ့မှာရှိလျှင် မနှမြောမတွန့်တိုတတ်သောသူငယ်ချင်း၊ သူတပါးကို အကူအညီပေးချင်သောသူငယ်ချင်း၊ 
မျက်လုံးထဲတွင် စက်ရုပ် ၊ ပန်းသီး ............

"ဟယ်လို... ဟကောင် ရှိသေးလားဟ"
"အော် အေးအေး ရှိတယ်... မင်း ပြန်ဝယ်ပေးရမယ့် ဖုန်းအမျိုးအစားက ဘာတုန်းဟ"
"xxxxxxxx အဲဒါလေ... ဒေါ်လာ 650 လောက်တော့ ရှိတယ်ကွ... "
"ဟုတ်ပီ သူငယ်ချင်း စိတ်မပူနဲ့. အဲဒီအမျိုးအစားအတိုင်း ဝယ်လာပြီး အခုပဲ မင်းအဆောင်ကို လာပေးမယ် ဟုတ်ပြီလား။"
"ဟာ.. တကယ်ပြောတာလား"
"တကယ်ပြောတာပေါ့ကွ ငါဘယ်တုန်းလိမ်ဖူးလို့လဲ..။"
"အေး ကျေးဇူးပါကွာ. ငါဒါဆို စိတ်ချပြီ ဟကောင်။ လကုန်ရင် ပြန်ရှာပေးမယ်ကွာ...။"
"ရပါတယ်ကွာ အဆင်ပြေမှ ပြန်ပေးပေါ့။ ငါလဲ အရေးတကြီးမလိုအပ်သေးပါဘူး။ အိုကေကွာ ခဏနေတွေ့မယ်။"
"အေးအေး ဟုတ်ပြီ သူငယ်ချင်း။ ဒါဆို ငါလဲ မင်းအတွက် ဟင်းချက်ထားလိုက်မယ်။ ငါးခေါင်း မျှစ်ချဉ်ဟင်းလေး ဆိုဘယ်လိုလဲ။"
"အတိုင်းထက် အလွန်ပေါ့ကွာ။ see u. သူငယ်ချင်း"
"ok. see u ....."

ဖုန်းကိုချပြီး ဘေးနားက တတွတ်တွတ်နှင့်ရှင်းပြနေသော ဆိုင်ဝန်ထမ်းလေးအား ထိုဖုန်းအမျိုးအစားကိုပြောပြီး ရှိမရှိမေးလိုက်သည်။ အဆင်သင့်စွာပဲ ရှိသည်ဟု ဆိုသည်နှင့် ဈေးမေးပြီး ယူမည်ဟု ပြောလိုက်သည်။ ထို့နောက် ကျသင့်ငွေကို ရှင်းပြီး တစ်ခွန်းမေးလိုက်သည်။

ကျွန်တော့် ဒီ samsung slide ဖုန်းလေး အတွက် screen protector လေး ကပ်ချင်လို့ပါခင်ဗျာ.......


ကိစ္စများမြှောင် လူတို့ဘောင်တွင်
အသက်တစ်ရာ မနေရှာလည်း
ကိစ္စထောင်သောင်း ပေါ်ပေါက်ကောင်း၏။
သို့သဖြစ်ကား
မိဘဆွေမျိုး မောင်ဘွားကျိုးနှင့်
မိတ်ဆွေသဟာ အေးသာယာဖို့
ကြီးငယ်နည်းများ ညီကိုအားဖြင့်
တတ်အားမဆို သူသူကိုကို
ကြည့်ရှုစောင့်ရှောက် နိုင်စေသတည်း......။

ရေးသားသူ
Ko Htun
23-jan-2013 (3:47pm-wed)

တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ

ဆီးအောင့်ရောဂါ အတွက်......
ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ သက်သာပျောက်ကင်းသွားပါလိမ့်မည်။

ချောင်းဆိုး (တီဘီ)ရောဂါ..............

ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက် သောက်ရုံမျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။ အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။ မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ရှိသူများ ရေများများသောက်ဖို့ လို........

သင့်မှာ အဆုတ်လေပြွန်ရောင်ရောင်နာ (bronchitis) ၊ အဆုတ်လေအောင့်နာ သို့ မဟုတ် အဆုတ်ပွခြင်း (emphysema) စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာ ရှိပါသလား၊ ဒါဆိုရင် ၈အောင်စ ၀င် ဖန်ခွက်နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုးကို တနေ့ ၎ခွက်မှ ၆ခွက် အထိ သောက်ပေးပါ။ အရည်က ရောင်ရမ်းနေတဲ့ လေပြွန် အထက်ပိုင်းရှိ အကျိအချွဲ (Mucus) များကို ကျဲစေတဲ့အတွက် ချောင်းဆိုးလိုက်တဲ့ အခါ သလိပ်တွေကို အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ရေနွေးပူ ၊ ဆီပူလောင်လျှင် .......

ရေနွေးပူ၊ ဆီပူလောင်လျှင် လောင်သော နေရာကို ကြက်ဥအကာ ချက်ချင်း လိမ်းပေးပါက အရည်ကြည်ဖုပေါက်ခြင်း၊ အမာရွတ်ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ)

အညောင်းအကိုက်အတွက်ဆေးတစ်လက်........
ဘာတွေလုပ်လို့ပဲ ညောင်းညောင်း ကိုယ်လက် မသယ်ချင်အောင် ညောင်းနေရင်ပဲ ဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့ သူများအတွက် .... ဆေးနည်း... မိဿလင် ၊ ချင်း(ဂျင်း) တို့ကို ဆတူရော၍ ညက်အောင်ထောင်းပြီး အရက်ဦးရည်(မီးတောက်)နှင့် ပုလင်းတွင်ထည့် စိမ်ထားပါ။ (ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် အ ကြောအခြင်များ ပျော့ပျောင်းသွား စေပါသည်။

ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် .........

ဆီးအိမ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသော သံမနိုင်ရွက်ကို စားသုံးခြင်း တို့ဖြင့် ကျောက်များ ပြုတ်ကျခြင်း၊ ဆီးထဲတွင် ပါသွားခြင်း တို့ဖြင့် သက်သာပျောက်ကင်း နိုင်ပါသည်။
သို့သော် သည်းခြေအိတ်တွင် တည်နေသော ကျောက်တို့မှာမူ သံမနိုင်ကျောက်မနိုင်ဖြင့် မပျောက်နိုင်ပါ။ သည်းခြေအိတ်တွင်ရှိသော ကျောက်များ ကြေသွားပြီး သက်သာပျောက်ကင်းနိုင်သည့် နည်းမှာ ဆေးစွမ်းထက်သည့် ကင်ပလင်းရွက်ကို စားသုံးခြင်း ဖြစ်ပါသည်။

အရွက်မှာ ချဉ်သောအရသာရှိပါသည်။ ၎င်းအရွက်ကို ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ်စားခြင်း၊ ရေနွေးဖြော၍ သုပ်စားခြင်း ၊ ပြုတ်၍ တို့စားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်းအနေဖြင့် သောက်ခြင်းတို့ ပြုလုပ် အသုံးပြုနိုင်ပါသည်။

၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံသာမက ကိုယ်အတွင်းရှိ အဆုတ်၊အသည်း၊ ကလီစာများရှိ အညစ်အကြေးမျာကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက် ဖြစ်ပါသည်။
၎င်း၏ အရွက် ပုံသဏ္ဍာန်မှာ သပြေရွက်နှင့် ဆင်၍ ၊ အရောင်မှာ စိမ်းဝါဖန့်ဖန့်ဖြစ်ပြီး အသားမှာ  ထူ၍ နုးညံ့ပါသည်။ သိပ်ရင့်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ ကနီနယ်၊ကင်းနယ်၊ မင်းကင်းနယ် များတွင် လည်းကောင်း၊ ရေဦး ၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးလက်များတွင် လည်းကောင်း ပေါများစွာ ပေါက်ရောက်လေ့ ရှိပါသည်။ (၆)လခန့် စွဲစွဲမြဲမြဲ စားပါက သည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ်ပါသည်။

လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး.......

ခန္ဓာကိုယ်တွင်းမှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ်အပြင်တွင် ထွက်ကျနေသော လိပ်ခေါင်းသာလျှင် အဓိက ဖြစ်သည်။ အပြင်တွင်ထွက်နေသောလိပ်ခေါင်း၏ ပုံသဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်းအမည် အမျိုးမျိုး ခေါ်ကြသည်။

ဆေးနည်း....
ရှားစောင်းလက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက် ဆက်တိုက် ကျွေးလိုက်သော အခါ ထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပြီး သွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။

ပုံသဏ္ဍာန်
ရှားစောင်း လက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံသဏ္ဍာန် ပေါက်ရောက်နေသည်။ အရွက်မှာ ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ် ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်လွယ်ပါသည်။

ကြွက်နို့ ပျောက်ဆေး .......

ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်း ချင်း ပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။

ချောင်းဆိုး (တီဘီ)ရောဂါ...ချောင်းဆိုးလို စိတ်မညစ်နဲ့တော့........

ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို  ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက် သောက်ရုံမျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။ အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။ မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

သဘာဝရဲ့အားအင်မှ ဖော်ပြပါသည်။

စားကြဦးမလား အသားတု

 
 
ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးမှုဟာ အရေး တစ်ကြီး ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ သို့ပေမယ့်လည်း ပါမောက္ခ အီကီဒါကတော့ သူ့ရဲ့ နောက်ဆုံးပေါ် တီထွင်ကြံ ဆမှုဖြစ်တဲ့ လူ့မစင်ကနေ ပရိုတိန်းဓါတ်ပါတဲ့ အသားတုတစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်း ဟာ ဒီအခက်အခဲပြဿနာကြီးကို အရေးပါတဲ့ နေရာကနေ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆ နေခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ မိလ္လာပြဿနာများ မနိုင်မနင်း ဖြစ်နေခဲ့ခြင်းအပေါ် တိုကျိုမိလ္လာ ဌာနအနေ နဲ့ အဆိုပါ အခက်အခဲကို အကျိုးရှိစွာ ဖြေရှင်း နိုင်ရန် နည်းလမ်းရှာဖို့ အိုကာယာမ ဓါတ်ခွဲစမ်း သပ်ခန်းက ဂျပန်နိုင်ငံသား သုတေသနပညာရှင် ကို ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သုတေသနပြုစဉ် ကာလအတွင်း ပညာ ရှင် အီကီဒါဟာ မိလ္လာအညစ်အကြေး အဖတ်များ မှာ ပရိုတိန်းဓါတ်များ အမြောက်အများ ပါဝင်နေ တာကို တွေ့ရှိခဲ့ပြီး ယခုလို တန်ဖိုးရှိတဲ့ ပရိုတိန်း တွေကို စစ်ယူပြီး အသားတုတစ်မျိုးအဖြစ် ပြောင်း လဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါ တယ်။ လူ့မစင်များ အဓိကပါဝင်တဲ့ မိလ္လာအညစ် အကြေးတွေမှာ ဘက်တီးရီးယားတွေ အပြည့်ရှိနေ တာကြောင့် ပရိုတိန်းဓါတ်တွေ ရာနှုန်းမြင့် ပါဝင် နေတာဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဟာ ပြုပြင်ထုတ် လုပ်မှုဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံး သွားမှာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့လည်း ဆိုပါတယ်။

ကနဦး စမ်းသပ်လေ့လာချက်တွေအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်တဲ့ ပဲပိစပ် ပရိုတိန်းကြောင့် အမဲသားကဲ့သို့ အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစား အစာစပ်ဆေးကို ထပ်မံထည့်သွင်းလိုက်ပါတယ်။ ထိုလူ့မစင် တစ်ဖြစ်လည်း အသားတုမှာ ပါဝင်တဲ့ အဟာရဓါတ်တွေကတော့ ပရိုတိန်းဓါတ် ၆၃%၊ ကာဘိုဟိုက်ဒရိတ် ၂၅ %၊ လီပဒ် ၃% နဲ့ သဘာဝဓါတ် ၉ % တို့ ပါဝင်ပြီး အသားအစားထိုး လူ့မစင်အသားတုဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ် ပါတယ်။ သို့သော်လည်း ဒီအသားတုဟာ မိလ္လာ အညစ်အကြေးက သန့်စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့မစင် ပရိုတိန်းဓါတ်များ ပါဝင်တယ်ဆိုတာ သိရင်တော့ စားသုံးသူ အနည်းငယ်သာ ရှိလိမ့် မယ်လို့ ပါမောက္ခ အီကီဒါက ၀န်ခံပြောဆိုခဲ့ပါ တယ်။ ဒါပေမယ့် အစားအစား ရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ရင်တော့ လူတွေဟာ ဒီအသားတုကို အလုအယက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။ ယခု လောလောဆယ်မှာတော့ အီကီဒါ ဟာ သူ့ရဲ့တီထွင်မှုကို လူအများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လက်ရှိအနေအထားမှာ "မစင်အသား" ဟာ သာမန်အသားထက် ၁၀ ဆ မျှ ပိုမိုဈေးကြီးနေပြီး သုတေသနပြုလုပ်မှုအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထဲက ဖယ်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အသားတု ဈေး နှုန်းဟာ သဘာဝအသားဈေးနှုန်းနဲ့ ဈေးလျော့ နည်းနိုင်လိမ့်မယ်လို့ ဂျပန်သိပ္ပံပညာရှင်က မျှော် လင့်ထားပါတယ်။
မူရင်းလင့်ခ် မော်နီကာ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။
Source : http://m.inhabitat.com/inhabitat/#!/entry/poop-burger-japanese-researcher-creates-artificial-meat-from-human-feces,509c30ccd7fc7b567050a975
Related Posts Plugin for WordPress, Blogger...