လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဟာဝိုင်ယီ လူမျိုးများ၏ အသက်ရှည်နည်းများ

ဟာဝိုင်ယီ လူမျိုးတွေဟာ အမေရိကတိုက်မှာ အသက်ရှည်ဆုံး လူမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ နှလုံးသွေးကြော ရောဂါကြောင့် သေဆုံးနှုန်း အနည်းဆုံး ဖြစ်ပြီး အဝလွန်နှုန်းနဲ့ ဆေးလိပ် သောက်နှုန်းဟာလည်း သိသိသာသာ နည်းပါးနေတာကြောင့် ရောဂါ ဖြစ်နိုင်ခြေ နည်းသွားတာလို့ သိရပါတယ်။ အသက်ရှည်ရှည် နေနိုင်ဖို့ ဟာဝိုင်ယီ လူမျိုးတွေရဲ့ အမူအကျင့် ငါးမျိုးကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။

ကျန်းမာရေး အမူအကျင့် (၁)

ဟာဝိုင်ယီ လူမျိုးတွေဟာ ငါးများများ စားပါတယ်

ငါးစားတာကြောင့် အသားဓာတ်တွေ ရရှိစေတဲ့ အပြင် နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်လည်း ရရှိနိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲ

ငါးသေတ္တာ၊ ငါးတန်၊ ငါးကြင်း၊ ငါးမြင်းနဲ့ ငါးသလောက်လိုမျိုး ငါးတွေမှာ အိုမီဂါသရီး များများ ပါဝင်ပြီး မာကျူရီ ပါဝင်မှု အဆင့်လည်း နည်းတာကြောင့် အနည်းဆုံး တစ်ပတ်ကို နှစ်ကြိမ် ငါးစားပေးပါ။

ကျန်းမာရေး အမူအကျင့် (၂)

သူတို့ဟာ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများ စားပါတယ်။

ဟာဝိုင်ယီ လူမျိုး အများစုဟာ နေ့စဉ် သတ်မှတ်ထားတဲ့ လိုအပ်ချက် ဖြစ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ငါးပုံထက် ပိုစားလေ့ ရှိကြပါတယ်။ ဒါကြောင့် အဝလွန်တာနဲ့ ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေ အရမ်း နည်းသွားပါတယ်။

ဘယ်လိုလုပ်ရမလဲ

လတ်ဆတ်တဲ့ သစ်သီးတွေ ဖြစ်တဲ့ ခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ နာနတ်သီးနဲ့ သရက်သီးတွေ များများ စားပေးပါ။ တောက်ပတဲ့ အရောင်ရှိတဲ့ သစ်သီးတွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စုည်းတွေ များများ ပါဝင်လို့ပါ။ ကန်စွန်းရွက်၊ ဟင်းနုနယ်၊ ဘူးညွန့်နဲ့ ကိုက်လန်လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေလည်း စားပါ။

ကျန်းမာရေး အမူအကျင့် (၃)

သူတို့ဟာ ဘယ်တော့မှ အလောတကြီး လှုပ်ရှားတတ်သူတွေ မဟုတ်ပါဘူး

စိုးရိမ်ပူပန်မှု များလွန်းတဲ့ ဘဝနေထိုင်မှု ပုံစံကြောင့် နှလုံးရောဂါက စပြီး စိတ်ကျရောဂါ အထိ ရောဂါအမျိုးမျိုး ဖြစ်နိုင်ခြေ များပါတယ်။ ဟာဝိုင်ယီ လူမျိုးတွေဟာ ဘယ်တော့မှ အလောတကြီး လှုပ်ရှားတတ်သူတွေ မဟုတ်ပါ ဘူး။ အေးအေးဆေးဆေး နေထိုင်တတ်ပြီး စိုးရိမ်ပူပန်မှု နည်းတတ် သူတွေပါ။

ဘယ်လိုလုပ်ရမလဲ

သင်ဟာ ဖိစီးမှုများတဲ့ အခြေအနေမှာ ရှိနေရင် စိတ်ဖြေလျှော့နည်း ဒါမှမဟုတ် ပျော်ရွှင်နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုပါ။ ခြံထဲက ပန်းပင်တွေကို ပြုပြင်တာ ဒါမှမဟုတ် သင့်ခွေးတွေနဲ့ ဆော့ကစားတာလိုမျိုး လုပ်ပါ။ ဒုတိယ အနေနဲ့ ဖြည်းဖြည်းနဲ့ အသက်ပြင်းပြင်း ရှူပါ။ သင့်ဦးနှောက်ကနေ စိတ်ကို ငြိမ်းချမ်းစေမယ့် ဘီတာ Endorphins တွေကို ပိုထုတ်နိုင်အောင်လို့ပါ။

ကျန်းမာရေး အမူအကျင့် (၄)

မိသားစုဝင် အချင်းချင်း နွေးထွေးမှု ရှိကြပါတယ်

ဟာဝိုင်ယီမှ ၈၀ ရာခိုင်နှုန်းသော မိဘတွေနဲ့ သူတို့ ကလေးတွေဟာ သူတို့ အဘိုးအဘွားနဲ့ အနည်းဆုံး တစ်ပတ် တစ်ကြိမ် တွေ့ဆုံလေ့ ရှိကြပြီး ဟာဝိုင်ယီ မိသားစု လေးပုံသုံးပုံခန့်ဟာ တစ်ပတ်ကို အနည်းဆုံး ငါးကြိမ်ခန့် ထမင်း အတူတူ စားကြတယ်လို့ သိရပါတယ်။ မိသားစုဝင် အချင်းချင်း နွေးထွေးမှု ရှိကြတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ နည်းပြီး ခုခံအားစနစ် သန်စွမ်းကာ အသက်ရှည်အောင် ကူညီနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်လိုလုပ်ရမလဲ

မိသားစုနဲ့ အမြဲတမ်း ညစာ အတူတူ စားပါ။ အကယ်၍ သင်ဟာ မိသားစုနဲ့ ခွဲနေရသူ ဖြစ်ရင် အနည်းဆုံး တစ်ပတ် တစ်ကြိမ် ဖုန်းပြောပါ။

ကျန်းမာရေး အမူအကျင့် (၅)

နေခြည်နုနုကို ခံယူတတ်ကြပါတယ်

နေရောင်ခြည်ကို ကြိုက်နှစ်သက်တယ် ဆိုပေမယ့် သူတို့ဟာ နေပူရှိန် ပြင်းလွန်းတဲ့ မနက် ၁ဝ နာရီနဲ့ ညနေ ၄ နာရီကြားမှာ အပြင် မထွက်ပါဘူး။ နေရောင်ခြည်ခံဖို့ အိမ်ပြင် ထွက်ရင်လည်း နေရောင်ကာ လိမ်းဆေး လိမ်းပြီး၊ အနား အပြားကြီးပါတဲ့ ဦးထုပ် ဆောင်းကာ လုံခြုံတဲ့ အဝတ်အစားကို ဝတ်လေ့ ရှိကြပါတယ်။

ဘယ်လိုလုပ်ရမလဲ

သင်လည်း နေခြည်နုနု ရအောင် မနက် ၁ဝ နာရီ မထိုးခင်နဲ့ ညနေ ၄ နာရီ နောက်ပိုင်း အိမ်ပြင် ထွက်ပါ။ SPF အနည်းဆုံး ၃၀ ပါဝင်တဲ့ နေရောင်ကာ လိမ်းဆေး အသုံးပြုကာ နေကာ မျက်မှန်နဲ့ လုံခြုံတဲ့ အဝတ်အစားကို ဝတ်ဆင်ပြီးမှသာ နေခြည်နုနု ခံယူပါ။
  
Ref: Myawady News

ကမ္ဘာ့အသန်မာဆုံး ကလေး

Giuliano Stroe အမည်ရ ကလေးဟာ၂၀၀၄ ခုနှစ် ဇွန်လ ၁၈ ရက်က အီတလီ မှာ မွေးဖွားပြီး အသက် ၂ နှစ်က စလို့ ကိုယ်ကာယ ကြံ့ ခိုင်ရေး အားကစားများ စတင် ဆော့ကစားခဲ့ပါတယ်။

ရိုမေနီးယားနိုင်ငံကို ပြောင်းရွေ့ နေထိုင်ပြီး အသက် ၅ နှစ်အရွယ် ( ၂၀၀၉ ခုနှစ်)မှာ ကမ္ဘာ့ အသန်မာဆုံး ကလေးအဖြစ် ဂင်းနစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ တင်ပုံတင်နည်းကတော့ လက်နှစ်ချောင်းသာထောက်ပြီး ၃၃ ပေ အကွာအထိကို ခြေထောင်ကြား အလေးတုံးညှပ်ကာ လမ်းလျှောက်ပြသနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ မှာလည်း လက်နှစ်ချောင်းထောက်ပြီး ၉၀ ဒီဂရီ ကိုယ်ဟန်နဲ့ အကြိမ် ၂၀ အထိ ဒိုက်ထိုးပြသနိုင်ပြီး ကမ္ဘာ့ စံချိန် တင်နိုင်ခဲ့ပြန်ပါသေးတယ်။

ယနေ့ချိန်မှာတော့ ခုချိန်မှာတော့ Giuliano Stroe ဟာ အသက် ၈ နှစ် ရှိပြီ ဖြစ်ပြီး ကမ္ဘာ့အသန်မာဆုံး ကလေးအဖြစ် စံချိန်တင်ထားနိုင်ဆဲ ဖြစ် ပါတယ်။


Ref: Yoe Yar Lay

ငယ်ငယ်က အနိုင်ကျင့်ခံခဲ့ရတဲ့ ကမ္ဘာကျော် အဆိုတော်များ


ကျွန်တော်တို့ ခပ်ငယ်ငယ်လောက်မှာ ကျွန်တော်တို့ ရှင်သန်ရာ ပတ်ဝန်းကျင်ကနေ ကျွန်တော်တို့အပေါ် နိုင့်ထက်စီးနင်း ပြုလုပ်ခဲ့တာတွေ ရှိခဲ့ကြပါတယ်။ ခွန်အားကြီးသူက ခွန်အားနည်းသူကို အနိုင်ကျင့်တဲ့ ကိစ္စမျိုးတွေ၊ အုပ်စုအင်အားတောင့်သူတွေက အထီးကျန်သူတွေကို နိုင်စားတာမျိုးတွေ ကြုံခဲ့ဖူးမှာပါ။
ဒီကနေ့ ထင်ပေါ်ကျော်ကြားသူတွေထဲမှာ အဲဒီလို အနိုင်ကျင့်ခံခဲ့ရသူတွေလည်း မနည်းမနောပါ။ အဲဒီထဲက ထင်ရှားတဲ့ အဆိုတော် ၁၀ ယောက်ရဲ့ ဘဝကို ရွေးထုတ်ပြီး ဖော်ပြလိုက်ရပါတယ်။

၁. လေဒီဂါဂါ

ဒီနေ့အချိန်အခါမှာ လေဒီဂါဂါရယ်လို့ လျှမ်းလျှမ်းတောက် ကျော်ကြားလာမယ့် မိန်းကလေးဟာ ငယ်ငယ်က လူတွေ စိတ်ဝင်စားစရာ မကောင်းတဲ့ ကောင်မလေး တစ်ယောက်ပါ။
ကျောင်းက တခြားကောင်မလေးတွေ အိမ်ပြန်ချိန်ဆိုရင် အတန်းထဲက ကောင်လေးတွေက ကျွန်မကိုမပြီး ကျွန်မနေတဲ့ ရပ်ကွက်လမ်းဘေး အမှိုက်ကန်ထဲ ပစ်ထည့်ပါတယ်။ ကျွန်မကိုယ်မှာ အမှိုက်တွေ ပေပွပြီး အားလုံးဝိုင်းရယ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ရယ်မိပါတယ်။ ကျွန်မရယ်တဲ့အသံက စိတ်ပျက်ဖို့ ကောင်းတယ်လေ လို့ လေဒီဂါဂါက ပြန်ပြောင်းပြောပြခဲ့ပါတယ်။

၂. ဒမ်မီ လော့ဗာတို

ဆယ်လီနာ ဂိုမက်ဇ်ရဲ့ အချစ်ဆုံး သူငယ်ချင်း ဒမ်မီ လော့ဗာတိုဟာ ဒီနေ့အချိန်မှာ အဆိုတော်နဲ့ မင်းသမီးတစ်လက်အဖြစ် ကျော်ကြားနေပေမယ့် ငယ်ငယ်တုန်းကတော့ သူ့ကို ကျောင်းက ထုတ်ပယ်ပေးဖို့တောင် တောင်းဆိုခံခဲ့ရပါတယ်တဲ့။ အကြောင်းရင်းကတော့ သူဟာ ငယ်ငယ်တုန်းက အတော်လေး ဝလို့ပါတဲ့။
တချို့တွေကဆိုရင် ပြည်သူပိုင် ကျောင်းကနေ နှုတ်ထွက်ဖို့အထိ ဝိုင်းပြီး တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကျောင်းက ရေချိုးခန်းနံရံမှာ သူ့ကို မုန်းတဲ့အကြောင်း လက်မှတ်ထိုးနဲ့ ဝိုင်းပြီး တောင်းဆိုခဲ့ကြဖူးတယ် လို့ ရှင်းပြခဲ့ပါတယ်။

၃. ဂျက်ဆီ ဂျေ

Who’s Laughing Now သီချင်းဟာ ဂျက်ဆီ ဂျေအတွက်တော့ အလွန်အရေးကြီးပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူငယ်ငယ်က ပုံစံမမှန်တဲ့ သွားတွေကြောင့် သူ့ကို ဂြိုဟ်သား၊ ပိုးကောင်၊ ယုန် စသဖြင့် နာမည်ပြောင်တွေ ပေးခဲ့သလို ခေါင်းကို ခဲတွေနဲ့ ဝိုင်းပေါက်တာ ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒါတွေကို တွန်းအားအဖြစ် ပြောင်းလဲရင်း ဒီကနေ့ အချိန်မှာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဂျက်ဆီ ဂျေဟာ သူ့ရဲ့ အဆိုတော်ဘဝ အစမှာတည်းက ပရိသတ်တွေဆီက ရခဲ့တဲ့ စာတွေကို စုဆောင်းပြီး စာအုပ်လုပ်ထားခဲ့ပါတယ်။ နောင် ၁၀ နှစ်လောက် ကြာလာတဲ့အခါမှာ အဲဒီဘဝကို ပြန်မှတ်မိနိုင်အောင် ဖတ်ကြည့်ဖို့ပါတဲ့။

၎. ခရစ် ကောလ်ဖား

Glee ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အဆိုတော် ခရစ် ကောလ်ဖားဟာလည်း ငယ်ငယ်ကတော့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရပါသတဲ့။ သူ့ကို ခိုင်းဖတ်လို့ နောက်ပြောင်ခေါ်ဆို ခံခဲ့ရတာတွေကို သူမမေ့ပါဘူးတဲ့။ ဒါပေမယ့် သူက ပြင်းထန်တဲ့ နည်းတွေနဲ့ မတုံ့ပြန်ပဲ အလိမ္မာသုံးပြီး ပြန်လည် ဖြေရှင်းတတ်တယ်လို့ ဆိုပါတယ်။

၅. တေလာ ဆွစ်ဖ်

ကန်းထရီး တေးသီချင်းတွေကိုမှ နှစ်ခြိုက်တဲ့ တေလာ ဆွစ်ဖ်ဟာလည်း ငယ်ငယ်က ဝိုင်းကျဉ်တာကို ခံခဲ့ရဖူးပါတယ်တဲ့။ အထက်တန်းကျောင်း စတက်တဲ့အချိန်မှာ အတန်းထဲက ခပ်လန်းလန်း ကောင်မလေးတွေက သူ့ကို ပုံစံမကျ မလှမပမို့ စကားမပြောကြပါဘူးတဲ့။ တခြားအတန်းဖော်တွေကလည်း တောသီချင်းတွေ ကြိုက်လို့ဆိုပြီး သူ့ကို အပေါင်းအသင်း မလုပ်ပဲ ဝိုင်းလှောင်ကြပါတယ်တဲ့။
ပါတီပွဲတွေကိုလည်း သူ့ကို မဖိတ်ပဲ ချန်ထားကြလို့ အားတိုင်း အိမ်မှာ လက်တွေ ပေါက်ပြဲတဲ့အထိ ဂစ်တာကိုပဲ ထိုင်တီးနေမိတာ ကံကောင်းတယ်လို့ တေလာ ဆွစ်ဖ်က ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

၆. ရီဟားနား

လူဖြူလူမည်း ခွဲခြားမှုဟာ လူမည်းတွေကိုပဲ ဦးတည်ပြီး ငမဲလို့ အခေါ်ခံရတာ မဟုတ်ပါဘူး။ ရီဟားနားဟာ ဘာဘေးဒိုး လူမည်းမိခင်ကနေ မွေးဖွားလာပေမယ့် အိုင်းရစ်သွေး ပါတာကြောင့် သူများတွေထက် စာရင် အသားအနည်းငယ် ဖြူပါတယ်။ ကျောင်းကိုလည်း ရောက်ရော လူမည်းတွေက သူ့ကို ငဖြူလို့ခေါ်ပြီး လှောင်ပြောင်ကြပါတယ်။
အတန်းဖော်တွေက သူ့ကိုကြည့်ပြီး ဆဲဆိုလှောင်ပြောင်ကြပေမယ့် ဘာလို့ဆိုတာ သူနားမလည်ပါဘူးတဲ့။ သူသိတာကတော့ သူဟာ သူများတွေထက်စာရင် အသားအရောင် နည်းနည်း ဖျော့နေတာ တစ်ခုပါပဲလို့ ရီဟာနားက ဆိုပါတယ်။

၇. ရီဘက်ကာ ဘလက်

Friday သီချင်းနဲ့ youtube တခွင်မှာ အညံ့ဖျင်းဆုံး သီချင်းအဖြစ် ဝိုင်းဝန်းမှတ်တမ်းတင်ခံခဲ့ရတဲ့ ၁၅ နှစ်အရွယ် အဆိုတော်မလေး ရီဘက်ကာ ဘလက်ဟာလည်း ကျောင်းမှာ အနိုင်ကျင့်ခံနေရပါတယ်တဲ့။ သူ့ရဲ့ သီချင်းကို မီဒီယာတွေက ဝိုင်းဝန်းဝေဖန် တိုက်ခိုက်နေကြချိန် ကျောင်းမှာလည်း တိုက်ခိုက်ခံရတာ ကြုံခဲ့ရတယ်လို့ ရီဘက်ကာက ပြောပြခဲ့ပါတယ်။
သူ့ကိုတွေ့ပြီ ဆိုတာနဲ့ Friday သီချင်းကို အသံသေးအသံကြောင်နဲ့ ဆိုပြကြသလို နောက်ဆုံး အိမ်အထိ ခြိမ်းခြောက်စာတွေ ရောက်လာခဲ့ပါတယ်။ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေပါ ပါဝင်လာတာကြောင့် ရဲဌာနကတောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ရတဲ့အထိ ကြီးကျယ်သွားခဲ့ပါသေးတယ်။

၈. ဆယ်လီနာ ဂိုမက်ဇ်

ဂျပ်စတင်ဘီဘာရဲ့ ချစ်သူ အဆိုတော် မင်းသမီးချော ဆယ်လီနာ ဂိုမက်ဇ်ဟာလည်း ငယ်ငယ်က အတန်းထဲမှာ လူချဉ်ဖတ် ဖြစ်ခဲ့ပါတယ်။ အတန်းထဲမှာ သူငယ်ချင်း နှစ်ယောက်ပဲ ရှိပြီး အမြဲတမ်း နောက်ဆုံးမှာပဲ သွားထိုင်လေ့ ရှိပါတယ်တဲ့။ အထူးသဖြင့် သူ့ရဲ့ ဖျော်ဖြေရေးအလုပ်ကို ဝိုင်းပြီး ဟာသလုပ်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။

၉. အမ်မီနမ်

လူမည်းတွေကြားမှာ ကျင်လည်ခဲ့ရတဲ့ အမ်မီနမ်ဟာလည်း လူဖြူတစ်ယောက်အဖြစ် ကျန်တဲ့ကျောင်းသားတွေရဲ့ ဝိုင်းပယ်တာ၊ အနိုင်ကျင့်တာ ခံခဲ့ရပါတယ်တဲ့။ တစ်နှစ်ကို နှစ်ကျောင်း၊ သုံးကျောင်း ပြောင်းတက်ခဲ့ရသလို ရေချိုးခန်းမှာ၊ ခန်းမဆောင် လျှောက်လမ်းမှာ၊ အဝတ်လဲခန်းတွေမှာ ဝိုင်းပြီး ထိုးကြိတ်တာတွေ ခံခဲ့ရပါတယ်တဲ့။
ဒါပေမယ့် လူမည်းတွေရဲ့ ဂီတဖြစ်တဲ့ Hip Hop ကို မစွန့်ပစ်နိုင်တာကြောင့် သူ့ခမျာ ဒီဒဏ်ရာတွေကို ကြိတ်ပြီး ခံရပါတယ်တဲ့။ သူဟာ လူဖြစ်တစ်ယောက် ဖြစ်တာကြောင့် Hip Hop လောကမှာ မအောင်မြင်နိုင်ဘူးလို့ ဝိုင်းပြီး ရှုံ့ချတာကိုလည်း ခံခဲ့ရပါတယ်တဲ့။

၁၀. မက်ဒေါနား

အမွှေးရှည်သရဲလို့ နောက်ပြောင်ခံခဲ့ရတဲ့ မက်ဒေါနားဟာလည်း ငယ်ငယ်က အလန်းစားတွေကြားမှာ အပယ်ခံဖြစ်ခဲ့ပါတယ်တဲ့။ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ ကောင်မလေးတွေ သူတို့ကြိုက်တဲ့ ကောင်လေးတွေကို ဘယ်လို ဆွဲဆောင်ကြလဲ ဆိုတာကို ကြည့်ပြီး ဆန့်ကျင်ဘက်ပုံစံတွေ နေခဲ့တယ်လို့ ဆိုပါတယ်။
ဆံပင်စုတ်ဖွား၊ မိတ်ကပ်မလိမ်း၊ ချိုင်းမွှေးမရိတ် နေခဲ့ဖူးတာကြောင့် အမွှေးရှည်သရဲဆိုတဲ့ နာမည်ဆိုးတွင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူရဲ့ ဘဲလေးအကဆရာက သူ့ကို အနုပညာရှင်တွေကြားမှာ ဝင်ဆံ့နိုင်အောင် လေ့ကျင့်ပေးခဲ့တဲ့ အချိန်က စပြီး အရာရာဟာ ပြောင်းလဲသွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ သူများအတင်းအဖျင်း မပြောပဲ နေ့တစ်နေ့ ဖြတ်သန်းနိုင်ခဲ့မယ်ဆိုရင် အဲဒီနေ့ဟာ ဘယ်လိုနေ့မျိုး ဖြစ်မလဲလို့လည်း မေးခွန်း ထုတ်သွားခဲ့ ပါသေးတယ်။

ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀)ချက်

(၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

(၂) စိတ်ဝင်စား တက်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

(၃) ကျန်းမာရေး မကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေး မကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ် ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက် စာဖတ် တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှု တွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

(၄) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကို ဖုံးအုပ်ပြီး (ခေါင်းမြီး ခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင် စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးတဲ့ အကျိုးဆက် ကိုရစေပါ တယ်။

(၅) အိပ်ချိန် မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရ စေပါတယ်။ အိပ်ချိန် မလုံလောက် တာမျိုး ရေရှည် ဖြစ်လာတဲ့ အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မား လာစေပါတယ်။

(၆) လေထု ညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ လေကို ရှူသွင်းခြင်း အားဖြင့် ဦးနှောက်ကို အောက်ဆီဂျင် ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

(၇) အချိုများ လွန်ကဲစွာ စားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတား ဖြစ်စေပြီး အာဟာရ ချို့တဲ့ စေတဲ့အပြင် ဦးနှောက် ဖွံ့ဖြိုးမှု ကိုပါ အနှောင့် အယှက် ဖြစ်စေပါတယ်။

(၈) ဆေးလိပ် သောက်ခြင်း

(ခဏခဏ ပြောလွန်းလို့ နောက်ဆို ဆေးလိပ် သောက်တတ်သူတွေ ကျွန်တော့်စာကို လာဖတ် ကြပါတော့ မလားတောင် မသိဘူး) ဆေးလိပ် သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမား ရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစား ဆင်ခြင်နိုင်စွမ်း တွေကို ကျဆင်းစေတဲ့ ရောဂါ) ပါဖြစ်လာနိုင် ပါတယ်။

(၉) လွန်ကဲစွာ စားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက် ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြော တွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

(၁၀) မနက်စာ မစားခြင်း

မနက်စာ မစားသူတွေဟာ သွေးထဲမှာ ပိုနည်းတဲ့ သကြားဓာတ် ရစေပါတယ်။ အဲဒါရဲ့ အကျိုးဆက် အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။
  
သတင်းစုဗူး

ရေများများသောက်ခြင်းမှာ ကျန်းမာရေးအတွက် မကောင်းဟုဆို

ရေများများသောက်လျှင် ကျန်းမာရေးအတွက် မကောင်းကြောင်း ကျွမ်းကျင် သူများက ပြောလာကြသည်။ တစ်ရက် ရေရှစ်ခွက်မျှ သောက်လျှင် ကျန်းမာရေး မကောင်းသည့်အပြင် အန္တရာယ်ပင် ဖြစ်စေတတ်ကြောင်း၊ တစ်ရက် ရေ ၁ ဒသမ ၂ လီတာ သောက်သုံးသင့်ကြောင်း သုတေသီ ဆရာဝန်များနှင့် အာဟာရဗေဒ ပညာရှင်များမှ တင်ပြကြသည်။ ရေဓာတ် ခန်းခြောက်လျှင် အန္တရာယ် ရှိသည်ဟု သတ်မှတ်ခြင်းမှာလည်း ဒဏ္ဍာရီသာ ဖြစ်ပြီး ရေသည် ကျန်းမာရေး ပြဿနာ အားလုံးကို ကာကွယ်နိုင်သည် ဆိုခြင်းမှာလည်း ခိုင်လုံသော အထောက်အထား မတွေ့ရကြောင်း တင်ပြ ထားသည်။

လူတစ်ယောက် တစ်ရက် ရေခြောက်ခွက်မှ ရှစ်ခွက်အထိ သောက်သုံးသင့် သည် ဆိုသော အကြံပြုချက်သည် အဓိပ္ပာယ် မရှိသော စကားသာ ဖြစ်ကြောင်း ဂလပ်စ်ရိုရှိ အထွေထွေ ရောဂါကု ဆရာဝန် မာဂရက် မက်ဂတ်နီက ပြောသည်။

ရေ သောက်သုံးမှု၏ အကျိုးကို သောက်ရေသန့် ရောင်းသည့် ကုမ္ပဏီကြီး များမှ ပုံကြီးချဲ့နေကြကြောင်း ၎င်းက ပြောသည်။ ရေမဆာဘဲ သောက်လျှင် ရေတွင် ပါဝင်သော ဓာတ်များ စုစည်းမှုကို အဟန့်အတား ဖြစ်စေပြီး အခြား လေ့လာမှု တစ်ခုအရ ရေတွင်ပါသော ပိုးသတ်ဆေးသည် ကျန်းမာရေးကို ပို၍ ထိခိုက်စေကြောင်း သိရသည်။

ရေများများ သောက်သုံးလျှင် ညအိပ်စဉ် ရေအိမ် မကြာခဏ သွားရသည့် အတွက် အိပ်ရေးပျက်စေပြီး ကျောက်ကပ် ပျက်စီးမှုကိုပင် ဖြစ်ကြောင်း သိရသည်။

သတင်းစုဗူး

အိပ်ရာထချိန် ခါးမနာစေလိုလျှင်

မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊ ခုတင်နဲ့  အိပ်ရာတွေက ကိုယ်နဲ့ အဆင်မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဆရာတို့က ဘယ်လို အကြံပေးလဲဆိုတော့-
 
ပက်လက် မအိပ်ပါနှင့်၊ ဘေးစောင်းအိပ်ပါ   

ပက်လက်အိပ်ရင် ခါးနာတတ်ပါတယ်။ ဘေးစောင်းအိပ်ပါ။ ညာဘက်ပဲ စောင်းစောင်း၊ ဘယ်ဘက်ပဲစောင်းစောင်း ဘေးစောင်းအိပ်ပြီး ဒူးကို ကွေးကာ ဒူးနှစ်ဖက်ကြား ဖက်လုံးခံပြီး အိပ်ရင်ခါးတောင့်တာ၊ ခါးနာတာတွေ ကင်းစေပြီး ခါးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အနေအထား ဖြစ်ပါတယ်။

မွေ့ရာတစ်ခုကို ကြာရှည် မသုံးပါနှင့်

မွေ့ရာက သုံးတာ အချိန်ကြာရင် မွေ့ရာအနေအထား မမှန်တော့ဘဲ ချိုင့်တွေ၊ ခွက်တွေ ဖြစ်ပြီး တောင့်တင်းမှုလည်း ကျသွားတတ်ပါတယ်။ အဲဒီမွေ့ရာတွေနဲ့ အိပ်ရင် ခါးနာတတ်ပါတယ်။ တစ်ခါတလေ အိပ်ရာနိုးရင် ခါးနာတယ်ဆိုတဲ့ လူနာတွေကို မွေ့ရာကို အသစ်လဲဖို့ ဆရာတို့ အကြံပြုလေ့ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် တောင့်တင်းမှုရှိတဲ့ မွေ့ရာတွေကို ပြောင်းသုံးခိုင်းပါတယ်။

အိကျသော မွေ့ရာနှင့် မအိပ်သင့်ပါ   

အိပ်လိုက်ရင် အိကျတဲ့ မွေ့ရာတွေ၊ ဟိုးအရင်တုန်းက သုံးတဲ့ စပရင်ခုတင်မွေ့ရာတွေက ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီလိုအိပ်ရာမျိုးကို မသုံးစေချင်ပါဘူး။ ပြီးတော့ အုန်းဆံ မာမာတွေ ထည့်ထားတဲ့ အဖုအထစ်ပါတဲ့ အိပ်ရာတွေကလည်း ခါးကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒါမျိုးတွေကိုလည်း မသုံးဖို့ အကြံပြုလိုပါတယ်။

မှို့မွေ့ရာကို သုံးပါ

ခါးနာတာ သက်သာစေဖို့ အကောင်းဆုံးမွေ့ရာကတော့ မှို့မွေ့ရာ ခပ်တင်းတင်းထူထူလေးပဲ ဖြစ်ပါတယ်။ မှို့မွေ့ရာကလည်း ကြာလာရင် ချိုင့်တွေ၊ ထစ်တွေ၊ အလုံးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် မသုံးသင့်တော့ပါဘူး။ မွေ့ရာအသစ်ကို ပြောင်းသင့်နေပါပြီ။ အခုခေတ်ပေါ် Medium Firm Mattress မွေ့ရာဆိုရင် ကောင်းပါတယ်။ သုံးသင့်တယ်လို့လည်း ဆရာတို့ ယူဆပါတယ်။

သစ်သားပြားပေါ် မအိပ်ရပါ

ခါးနာရင် အမာကြီးပေါ် အိပ်ရတယ်လို့ တချို့က ထင်ပြီး  ကြမ်းပြင်မာမာကြီးပေါ်မှာ သုံးထပ်သား၊ ငါးထပ်သား သစ်သားပြားတွေ ခံပြီး အိပ်ကြတယ်။ ဒါကမကောင်းပါဘူး။ မလုပ်ပါနဲ့လို့လည်း အကြံပေးချင်ပါတယ်။

အိပ်ရာနိုးမှ ခါးနာတယ်ဆိုရင် အထက်ပါ အကြောင်းတွေကို လိုက်နာလိုက်ရင် သက်သာသွားနိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ည ည အိပ်တိုင်း၊ အိပ်တိုင်း အိပ်နေရင်း နာတယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ ခါးအရိုးမှာ ဖြစ်တဲ့ တီဘီ၊ ခါးမှာဖြစ်တဲ့ ကင်ဆာတွေကလည်း ည ည ခါးနာတာ ဖြစ်တတ်တာကြောင့် ဒီလို အကြောင်းတွေကြောင့် ခါးနာတာဟုတ်၊ မဟုတ် စစ်ဆေးမှု ခံယူဖို့ လိုပါတယ်။ ဒါတွေက ဆိုးရွားတဲ့ ရောဂါတွေဖြစ်တာကြောင့် ဒီလိုရောဂါတွေကို စောစောစစ်ဆေးမှု ခံယူကြဖို့ လိုအပ်ပါတယ်။

Ref: Good Health Source: http://www.yatanarpon.com.mm/cp/goodhealth/article-73944

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး

(၁) အမူအကျင့်
တချို့တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူအကျင့်လေးတွေ ရှိတတ်ပါတယ်။  ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်းတွေ ပေါ်စေပါတယ်။

(၂) နေရောင်ခြည်
နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ်ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

(၃) အိပ်ရေး မဝခြင်း
အိပ်ရေးမဝတာကလည်း သင့်အရေပြားအတွက် ဆိုးကျိုးတစ်ခုပါပဲ။ အိပ်ရေးမဝတာကြောင့် အရေပြားအတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေးစေပြီး အရေးကြောင်း ဖြစ်ပေါ်စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။

(၄) အချိုနှင့် အငန်ဓာတ်
အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ အရာက ကော်လာဂျင်တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီးစေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့်အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။

(၅) လှုပ်ရှားမှု မရှိခြင်း
လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင်ပါဘူး။ သွေးလှည့်ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွားလာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာအာဟာရ ထောက်ပံ့မှုနည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့  လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုးရှိစေပါတယ်။
 
Ref: သဘာဝရဲ့အားအင်
Related Posts Plugin for WordPress, Blogger...