လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အစ္စလာမ်ဘုရားကျောင်း မရှိတဲ့ ဥရောပမြို့

ဂရိနိုင်ငံရဲ့မြို့တော် အေသင်မြို့ ဟာ ဥရောပမှာ တစ်ခုတည်းသော အစ္စလာမ် ဘုရားရှိခိုးကျောင်း လုံးဝ မရှိတဲ့ မြို့တော်ဖြစ်ပါတယ်။

၁၈၃၂ ခုနှစ်မှာ Ottoman အင်ပါယာလက်အောက်မှ လွတ်လပ်ရေး ရခဲ့တဲ့နောက် မည်သည့်ဂရိအစိုးရမှ အစ္စလာမ်ဘုရားကျောင်းကို အေသင်မြို့ထဲမှာ ဆောက်ခွင့်မပေးခဲ့ပါဘူး။

ဒါပေမဲ့ ဂရိနိုင်ငံဟာ ဥရောပနိုင်ငံများဆီကို ပြောင်းရွေ့သူတွေရဲ့ ကြားနိုင်ငံတစ်ခု ဖြစ်နေတာကြောင့် အစ္စလာမ် လူမျိုး အရေအတွက် များလာပြီး လူဦးရေ ၅ သန်းရှိတဲ့ အေသင်မြို့ထဲမှာ မူဆလင်လူမျိုး ၃ သိန်းခန့် ရှိပါတယ်။ ယခု အချိန်မှာ အေသင်မှာ မူဆလင်ဘုရားကျောင်း တည်ဆောက်ခွင့် တောင်းဆိုသံတွေ တဖြည်းဖြည်း ကျယ်လောင် လာနေပါတယ်။

"ကျနော်တို့က လူ့အဖွဲ့အစည်းရဲ့ ပြင်ပရောက်နေသလို ခံစားမိပါတယ်။ ကျနော်တို့ရဲ့ ရိုးရာပွဲချိန်တွေမှာ သွားစရာစုရုံးရာနေရာ မရှိပါဘူး၊ ဒီက အသိုင်းအ၀ိုင်းတွေက ကျနော်တို့ကို လက်မခံသေးဘူး။" လို့ အာဆီဖားအာမက် က ပြောပါတယ်။

နိုင်ငံရဲ့ ၉၀ ရာနှုံးကျော်က Orthodox ခရစ်ယာန်ဘာသာဝင်များ ဖြစ်နေပြီး ခရစ်ယာန်ဂိုဏ်းချုပ် Seraphim ကတော့ "ဂရိဟာ တူရကီတွေ အုပ်စိုးခဲ့တဲ့ကာလမှာ နှစ်ပေါင်း ၅၀၀ ကျော် အစ္စလာမ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာ နေခဲ့ရပါတယ်။

အစ္စလာမ်ဘုရားကျောင်း တည်ဆောက်ခြင်းက ကျနော်တို့ကို လွတ်လပ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းတွေကို ဆန့်ကျင်ရာရောက်ပါမယ်။“ လို့ ပြောသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အေသင်မြို့မှာ အယူအဆတွေ အမျိုးမျိုးကွဲပြားနေပါတယ်။ ဂရိနိုင်ငံမှာ ဘာသာရေးနဲ့ အုပ်ချုပ်ရေး ဆက်စပ်နေပြီး အစ္စလာမ်ဘုရားကျောင်း ပြဿနာဟာ ဂရိက ဘယ်လိုနိုင်ငံလမ်းကြောင်းမျိုး ဆက်လက်ချီတက်သွားမယ် ဆိုတာနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

Ref: MyawadyNews

တိရစ္ဆာန်မိုး (Raining Animals)

တိရစ္ဆာန်မိုး (Raning Animals) ဆိုတာ တိရစ္ဆာန်များ မိုးကဲ့သို့ ရွာသွန်းခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့အနှံ့မှာ ဖြစ်တတ်ပါတယ်။ အများစုကတော့ ဖား၊ ငါး ၊ တီကောင်များ ဖြစ်ပြီး ငှက်မိုးလးည်း ရွာတတ် ပါတယ်။ ပြင်းထန်တဲ့ လေမုန်တိုင်းဟာ ရေထဲမှ ငါးများ၊ ဖားများ၊ အကောင်များကို မိုးပေါ်သယ်ဆောင်ပြီး မိုးကဲ့သို့ အခြား တစ်နေရာမှာ ပြန်လည် ရွာသွန်းခြင်း ဖြစ်ပါတယ်။

အရှင် ဖြစ်နိုင်သလို၊ အသေလည်း ဖြစ်နိုင်ပါတယ်။ မရှင်မသေ ဖားများ၊ ငှက်များ၊ တိရစ္ဆာန်များလည်း ရွာတတ်ပါတယ်။ အေးခဲနေ တာမျိုး၊ ရေခဲရိုက် ထားသလိုမျိုး တို့အပြင် သာမန် အတိုင်း ကျလာတာမျိုး တို့လည်း ရှိပါတယ်။ Waterspout လို့ခေါ်တဲ့ ရေမိုင်တိုင်း (ရေပွေ) က သယ်ဆောင် ရေထဲမှာ စုပ်ယူ သယ်ဆောင် သွားခြင်း ဖြစ်တယ် လို့လည်း လေ့လာတွေ့ရှိခဲ့ပါတယ်။

သို့ပေမယ့် တစ်ခါတစ်လေကျတော့ သာမန်အတိုင်း ပျံသန်းနေတဲ့ ငှက်များကို လေမုန်တိုင်းက မွေနှောက် သယ်ဆောင်ပြီး တစ်နေရာ မှာ ပြန်လည် ရွာကျ ပါတယ်။ စင်္ကာပူ၊ အမေရိကန်၊ ဗြိတိန်၊ မက္ကဆီကိုတို့မှာ တိရစ္ဆာန် အကောင် အရေအတွက် အများဆုံး တိရစ္ဆာန်မိုးရွာသွန်းမှုများ စံချိန်တင်ခဲ့ဖူးပါတယ်။ ငါးအကောင်ပေါင်း ထောင်ချီ၊ ဖား အကောင်ပေါင်း ထောင်ချီ ရွာကျတာမျိုးလည်း ရှိခဲ့ပါတယ်။ ဖားရော၊ ငါးရော၊ အခြားသော တိရစ္ဆာန်များ ရောယှက်လို့လည်း ရွာပါတယ်။

အနီးစပ်ဆုံးအနေနဲ့ကတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဖိလစ်ပိုင်မှာ ငါးမိုးကြီး ရွာသွန်းခဲ့ကြောင်း သိရပါတယ်။
 
Ref: International News for Myanmar

ကမ္ဘာ့ပထမဆုံး စိန်ကိုယ်ထည် လက်စွပ်

ကမ္ဘာ့ပထမဆုံး ကိုယ်ထည်တစ်ခုလုံး စိန်နဲ့ပြုလုပ်ထားတဲ့ လက်စွပ် (All-Diamond Ring) ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေဆိုက် Shawish ကျောက်မြတ်ရတနာ company မှ တီထွင် ဖန်တီးခဲ့ပါတယ်။

စိန် ၁၅၀ ကာရတ် (150 carats) ရှိတဲ့ စိန်ကောင်းစိန်သန့်နဲ့ ပြုလုပ် ထားသော ယင်း စိန်လပ်စွပ် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ရှိတယ်လို့ သိရပါတယ်။ တစ်ကိုယ်လုံး စိန်လက်စွပ်ဖြစ်အောင် ခက်ခက်ခဲခဲ ဖန်တီးခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ အမှားအယွင်း မရှိစေဖို့အတွက် Special လေဆာ စက်ပစ္စည်း တို့အသုံးပြုခဲ့ပါတယ်။

၂၀၁၂ခုနှစ် မတ်လ က ပွဲထုတ်ပြသပြီးနောက် ကမ္ဘာ့ပထမဆုံး စိန်တစ်ကိုယ် လုံး လက်စွပ် ( All Diamond Ring) လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။



Ref: TechSpaceJournal

မေ့တတ်လွန်းသူများအတွက်

မှတ်ဥာဏ်ကောင်းစေမယ့် အလွယ်နည်းလေးတွေကို ဖတ်မိလို့ ပြန်ဖော်ပြလိုက်ပါတယ်...။

(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ
ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်းထဲမှာ တစ်ခုခုကို အလေး အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြတာကိုပေါ့။ အဲဒီလိုပဲ အချက်အလက်အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီအချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။ နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်း စေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ
ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ “ငါနောက်တစ်ခါ ဒီဖုန်းကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ” ဒါမှမဟုတ် “ငါသူ့ကို နောက်တစ် ကြိမ်တွေ့ရင် ဘယ်လိုခေါ်ရမလဲ” စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။ လေ့လာချက်တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့ အရာကို အနာဂတ်မှာ ဘယ်လိုသုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလိုရှိတဲ့ အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ
သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။ ခုတော့ အဲလို ယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအရ ကိုယ်လက် လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း တွေ့ရပါတယ်။ တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီးရွယ်အို တွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ်စာမေးပွဲ ဖြေရာမှာလည်း အမှတ်ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများနေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့
အဆီများတဲ့ အဝစာ၊ အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိ ကြသေးပါဘူး။ လေ့လာချက်တစ်ခုအရ အဆီများတဲ့ အဝစာ တွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်း နိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ
Chamomile Tea ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့် ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ အသက် အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ် တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

Ref: Myawady News

ဘီးမပါ၊ မြေမထိကား

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။

Google က မောင်းသူ မလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယို ထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ် လို့ VW က ဆိုထား ပါတယ်။

ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များ ကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုဘဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့ ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။

ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။ အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွှတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြောင်း စီးဆင်းတဲ့ မြို့လမ်း Network ပေါ် အခြေခံ မောင်းနှင်ခြင်း ဖြစ်ပြီး ယင်း Network မရှိတဲ့ နေရာတွေမှာ မောင်းနှင်နိုင်လည်း ကြိုးပမ်းယူလျက် ရှိပါတယ်။

၃၊၄ နှစ်အတွင်း ဖြစ်လာနိုင်ချေရှိတဲ့ ကားလို့ ခန့်မှန်းထားကြပြီး မောင်းနှင်ပြ တဲ့ ပရိုမိုးရှင်း ဗီဒီယိုကို အောက်မှာ ကြည့်ရှု နိုင်ပါတယ်။


International News for Myanmar

ကလေးတွေရဲ့အနာဂတ်ကို အဖြေရှာကြည့်ခြင်း

ကျွန်တော်တို့ဟာ ကိုယ်သားသမီးတိုင်း ကောင်းစားဖို့အတွက် လှုပ်ရှားရုန်းကန်လာကြရသလို ကျွန်တော်တို့ မိဘတွေကလည်း ကျွန်တော်တို့အတွက် ဒီလိုပဲလှုပ်ရှားရုန်းကန်ပေးလာကြရပါတယ်။ အနာဂတ် လက်ဆင့် ကမ်းခြင်းလို့ဆိုဆို တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့ ဆန္ဒတွေဟာ သူတို့ရဲ့ဘ၀တွေနဲ့ တစ်ထပ်တည်း ဖြစ်နိုင်ပါ့မလား လို့ ကျွန်တော်တို့ စဉ်းစားရပါလိမ့်မယ်။ ကျွန်တော်တို့ ကလေး တွေကို ကျွန်တော်တို့ ဖြစ်ချင်စိတ်တွေကြီးပြီး တွန်းအားတွေပေးနေတိုင်း ကလေးတွေမှာ ဘယ်လောက် စိတ်ဖိစီးမှုတွေ သောကတွေ ဖြစ်နေရပြီဆိုတာ သတိပြုမိပါရဲ့လား။ ကလေးတွေသောက ဖိစီးမှုတွေဖြစ် မဖြစ်ဆိုတာ ကျွန်တော်တို့ အောက်ပါ မေးခွန်းလေးတွေ ဖြေကြည့်ရင်ကောင်းပါလိမ့်မယ်။ ဒီမေးခွန်းတွေဟာ နိုင်ငံခြားမဂ္ဂဇင်း တစ်ခုကနေ ဘာသာပြန်ပြီး ဖော်ပြလိုက်တာပါ။

ကလေးတွေ စိတ်ဖိစီးမှု အတော်လေးများနေပြီလား။ သူတို့စိတ်ဖိစီးမှုဟာ ကျောင်းကြောင့်လား၊ အိမ်စာ တွေများလို့လား၊ အပိုဘာသာရပ်တွေ များနေလို့လား။ ဒါမှမဟုတ် မိဘတွေရဲ့သောကနဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကပဲ သူတို့အတွက် မနိုင်ဝန် ထမ်းနေရသလိုဖြစ်နေတာလား။ ဒီမေးခွန်းတွေကို ပြုစုထားသူ ကတော့ ဟောင်ကောင်တရုတ်တက္ကသိုလ် စိတ်ပညာဌာနက ပါမောက္ခ ကက်သရင်းမက်ဘရစ်ချန်း ဖြစ်ပါ တယ်။ (က) (ခ) (ဂ) ဆိုတဲ့ နေရာလေးတွေဘေးမှာ ကိုယ့်ယူဆချက်ကို အမှတ်အသား ပေးနိုင်ပါတယ်။ မိဘတွေကိုယ်တိုင်ဖြေကြည့်ဖို့ပါ။

၁။ သင့်ကလေးနေ့တိုင်း နားချိန်ရှိသလား
          (က)    မကြာခဏ
          (ခ)     တစ်ခါတစ်ရံ
          (ဂ)     မရှိ

၂။ အချိန်ပိုကျောင်းစာတွေ လုပ်နေရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သင့်ကလေးနဲ့ သင် မကြာခဏ ပြဿနာ တက်တတ်သလား
          (က)    မရှိ
          (ခ)     တစ်ခါတစ်ရံ
          (ဂ)     မကြာခဏ

၃။ ကလေးကိုချစ်တယ်ဆိုတာ ကျောင်းနေပျော်ပြီး စာတော်နေတာကြောင့်လား
          (က)    မဟုတ်
          (ခ)     ဟုတ်သလိုလို
          (ဂ)     ဟုတ်တယ်

၎။ သင့်ကလေးက အကောင်းဆုံးကြိုးစားနေရဲ့သားနဲ့ အဆင့်နိမ့်သွားတာတို့ အမှတ်နည်း သွားတာ တို့ဖြစ်သွားရင် စိတ်ပျက်သွားသလိုမျိုး ပြုမူပြောဆိုပြတတ်သလား
          (က)    မလုပ်
          (ခ)     တစ်ခါတစ်ရံ
          (ဂ)     မကြာမကြာ

၅။ ပညာရေးကို အဓိကကျလို့ သင်ကြားပေးနေရတယ် ဆိုတာထက် အခြေအနေကြောင့် သင်နေရ တာ ဆိုတာမျိုးဖြစ်ဖူးသလား
          (က)    မဖြစ်ဘူးပါ
          (ခ)     ဖြစ်သလိုလို
          (ဂ)     ဖြစ်တယ်

၆။ ကျောင်းဆင်းချိန်မှာ ကလေးတွေကို ကိုယ့် စိတ်သဘောနဲ့ မကိုက်ညီဘူး ဆိုတာတောင် လုပ်ချင်တိုင်း လုပ်ခွင့်ပြုသလား
          (က)    မကြာခဏ
          (ခ)     တစ်ခါတစ်ရံ
          (ဂ)     မရှိ

၇။ သင့်ကလေးဟာ ကျောင်းမှာ ရှုံးနိမ့်မှုတွေဖြစ်လာရင် သာမန်ထက်ပိုပြီး စိတ်ခံစားမှုတွေပြတတ်သလား
          (က)    မပြ
          (ခ)     တစ်ခါတစ်ရံ
          (ဂ)     မကြာခဏ

၈။ သင့်ကလေးဟာ သင်နဲ့ ဆက်ဆံပြောဆိုရမှာကို စိတ်မဝင်စားဘူးလား ခါတိုင်းထက် ပိုပြီး ရှက်ကြောက်နေ တတ်သလား
          (က)    မရှိ
          (ခ)     ရှိသလိုလို
          (ဂ)     ရှိ

၉။ သင့်ကလေး ခေါင်းကိုက်သလို၊ အိပ်မပျော်သလို၊ စိတ်ဆိုးဒေါသထွက်သလို၊ ဗိုက်နာနေသလိုမျိုးတွေကို အကြောင်းမရှိ အကြောင်းရှာပြီး ပြတတ်သလား
          (က)    မပြ
          (ခ)     တစ်ခါတစ်ရံ
          (ဂ)     မကြာခဏ

၁၀။ သင့်ကလေးရဲ့ ကျောင်းမှာ လုပ်ဆောင်ပြနေတဲ့ လုပ်ဆောင်ချက် ရလဒ် (အဆင့်၊ အမှတ်) တွေအပြင် သူ့ရဲ့ စိတ်အခြေအနေတွေကိုပါ စောင့်ကြည့်လေ့လာဖူးသလား
          (က)    ကြည့်တယ်
          (ခ)     တစ်ခါတစ်ရံ
          (ဂ)     မကြည့်

ရမှတ်ကိုဆန်းစစ်ခြင်း

ကျွန်တော်ဖော်ပြထားတဲ့ အမှတ်စာရင်းမှာ ၁၀ ပုဒ်ပေးထားပြီး တစ်ပုဒ်ကို အမှတ်ခြစ်စရာ ၃ ခုပေးထားတယ်။ အမှတ်ခြစ်တာ အခြေအနေအရ တစ်ခုတည်းဖြစ်နိုင်သလို နှစ်ခု သို့မဟုတ် သုံးခုလည်း ဖြစ်နိုင် ပါတယ်။ တစ်ခုခြစ်မိတိုင်း တစ်မှတ်တွက်ရင် ရမှတ်တွေကို ဒီလိုပိုင်းဖြတ်ကြည့်လို့ ရမယ်ထင်ပါတယ်။ သူ့ထဲမှာ အတိအကျ ဘယ်လို အမှတ်ယူတယ် ဆိုတာမပါဘူး။ ကျွန်တော့် ယူဆချက်ပါ။

ရမှတ် ၂၃ မှ ၃၀
စိတ်အေးအေးထားပါ။ သင့်ကလေးရမှာ စိတ်ဖိစီးမှုဖြစ်ကို ဖြစ်နေပြီ။ လှုပ်ရှားမှုတွေနဲ့ အလေ့အထတွေကို လေ့လာဆန်းစစ် ဖို့တော့ လိုလိမ့်မယ်။ လိုအပ်ရင် ကိုယ်ဖြစ်ချင်တာတွေ ကိုလည်း ပြောသင့်ပြောရလိမ့်မယ်။ ပြင်ပေးသင့်တာလေးတွေကို ပြင်ပေးရမယ်။ အိမ်မှာ ဖိအားတွေ များနေရင် လျှော့ပေးရမယ်။ အထူးသဖြင့်တော့ စာမေးပွဲ ကာလတွေမှာ ဖိအား သိပ်မပေးမိအောင် သတိထားရမယ်။ သူ့ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စိတ်ခံစားမှုတွေ လျှော့ပါးသွားအောင် လုပ်ပေးသင့်တယ်။

ရမှတ် ၁၆ မှ ၂၂
သတိထားရလိမ့်မယ်။ သင့်ကလေးဟာ အလွန်အမင်း စိတ်ဖိစီးနေတဲ့ သဘောတော့ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးပြီး ကုစားလို့ ရသေးတယ်။ မိဘဆိုတာ ဖြစ်လာတဲ့ပြဿနာ မှန်သမျှကို အဖြေ ရှာပေးနိုင်သူ ဆိုတာ သူတို့ကို သိအောင် လုပ်မှ ဖြစ်တော့မယ်။ သူတို့ စိတ်ပျော်ရွှင်စေရေး ပြောလာသမျှ နားထောင်ပြီး လုပ်ပေးသင့်တာ လုပ်ပေးလိုက်ပါ။ ကိုယ်ဖြစ်ချင်တာတွေ ကို သိပ်ပြီး ဦးစားမပေးပါနဲ့။

ရမှတ် ၁၀ မှ ၁၅
ပြဿနာ သိပ်မရှိနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အခက်အခဲတွေဖြစ်လာတိုင်း သားသမီးနဲ့မိဘ ပူးပေါင်းပြီး ပြဿနာကို အဖြေရှာတတ်အောင် လုပ်ဆောင်ကြဖို့တော့ လိုလိမ့်မယ်။ သူ့အမြင်နဲ့ ယူဆချက်ကိုလည်း လေးစားပေးပါ။ အဖေနဲ့ အမေဆိုတာ အမြဲမှန်နေတယ် ဆိုတာမျိုးကိုတော့ သူတို့ကို ရိုက်မသွင်းပါနဲ့။
Ref: Maukkha

CNET Asia ရဲ့ Top 10 Phones

CNET Asia ကနေရွေးချယ်လိုက်တဲ့ Top 10 Phones များစာရင်းမှာတော့ Samsung ရဲ့ နာမည်ကြီး ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S3 က ထိပ်ဆုံးနေရာမှာ ရှိနေတာကို တွေ့ ရပါတယ်။ Galaxy S3 နဲ့အပြိုင်ဖြစ်တဲ့ Apple ရဲ့ iPhone 5 ကတော့ တတိယနေရာမှာသာ ရှိတာကိုတွေ့ ရပါတယ်။ CNET Asia မှပြောကြားထားတာကတော့ ယခုစာရင်းသည် မိုဘိုင်းဖုန်းများ ရောင်းချရမှုနှုန်း နှင့် CNET Asia တွင်လာရောက်၍ ဖတ်ရှုသူများရဲ့ စိတ်ဝင်စားမှုနှုန်းများကို အခြေခံ၍ ရွေးချယ်ထားတာ ဖြစ်ကြောင်း သိရပါတယ်။ ယခု CNET Asia Top 10 Phones စာရင်းတွင် Samsung မှ ဖုန်းအရေအတွက် ၄လုံးဖြင့် ဦးဆောင်ထားပြီး HTC မှ ၂လုံး၊ Sony မှ ၂လုံး၊ Apple မှ ၁လုံး နှင့် LG မှ ၁လုံးတို့ ဖြင့် အသီးသီး ပါရှိနေပါတယ်။ CNET Asia မှရွေးချယ်ထားတဲ့ Top 10 Phones များ စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) Samsung Galaxy S3
(၂) Samsung Galaxy Ace 2
(၃) Apple iPhone 5
(၄) Samsung Galaxy Note 2 LTE
(၅) Sony Xperia go
(၆) HTC Desire X
(၇) LG Optimus 4X HD
(၈) Samsung Galaxy S2
(၉) Sony Xperia J
(၁၀) HTC One X+

Ref:Info Tech For Myanmar (IT4M)
Related Posts Plugin for WordPress, Blogger...