လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလိုင်း တရုတ်ဖွင့်လှစ်


ကမ္ဘာ့အရှည်ဆုံး မြန်နှုန်းမြင့် ရထားလိုင်းကို တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အကွာအဝေးအားဖြင့် ၁၄၂၇ မိုင် ရှည်လျားပြီး ဘေဂျင်းနဲ့ ဂွမ်ဇောင်အကြား ပြေးဆွဲတဲ့ အဲဒီ အမြန်ရထားဟာ မြို့တော် ဘေဂျင်းကနေ မနက် ၉ နာရီမှာ ထွက်ခွာပြီး ဒုတိယရထားကတော့ ဂွမ်ဇောင်ကနေ တနာရီခြားပြီး ထွက်ခွာခဲ့ပါတယ်။

ဒီရထားဟာ နာရီမိုင် ၁၈၆ မိုင်နှုန်းနဲ့ မောင်နှင်တာဖြစ်တဲ့အတွက် မြို့တော် ဘေဂျင်းနဲ့ တိုင်းပြည်တောင်ပိုင်းက စီးပွားရေးအချက်အချာ ဒေသတခုဖြစ်တဲ့ ဂွမ်ဇောင်းအကြား အရင်က နာရီ ၂၀ ကျော် သွားရတဲ့ခရီးဟာ ဒီ မြန်နှုန်းမြင့် ရထားကြောင့် အခု ၈ နာရီလောက်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အမှီ အရှေ့နဲ့အနောက် မြန်နှုန်းမြင့် ရထား ၄ လိုင်း၊ တောင်နဲ့မြောက် ၄ လိုင်းစီ တည်ဆောက်သွားဖို့ တရုတ်အစိုးရက စီစဉ်နေတာ ဖြစ်ပါတယ်။

Ref: အဖြူရောင်စာမျက်နှာ

41 megapixel ကင်မရာနှင့်ဖုန်း




ကင်မရာ 41 megapixel ပါတယ် ဆိုတော့ ကမ္ဘာ့ ပထမဆုံး ဖုန်းပဲ ဖြစ် ပါတယ်။ သာမန် ဒီဂျစ်တယ် ကင်မရာ တစ်လုံးတောင် 20 Megapixel မရှိပါဘူး။ LED Flash လည်း ပါရှိတဲ့ Pure View က ကမ္ဘာ့ အဆင့်မြင့် ကင်မရာ တစ်လုံးလိုပဲ ဖြစ်ပါတယ်။

ထွက်တာ ကြာပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၂၊ ဇွန်လကတည်းက ထွက်ရှိထား တာ ဖြစ် ပါတယ်။ မြန်မာပြည် ကိုလည်း ရောက်နိုင်ပါတယ်။ ဈေးနှုန်းကတော့ လက်ရှိ ကာလ မူရင်းရောင်းဈေးက ကန်ဒေါ်လာ ၇၂၄ ဆိုတော့ မြန်မာကျပ် ၇ သိန်းဝန်းကျင်မက

ဒီလိုမျိုးမှာ စင်ကာပူလို မဖြစ်စေနဲ့...


ကျွန်တော်တို့ သမ္မတကြီးကတော့ မြန်မာပြည်ကို စင်ကာပူလို ဖြစ်အောင် ကြိုးစားမယ်လို့ ပြောခဲ့တာရှိပါတယ်။ လူနေမှုစနစ် တိုးတက်မှုတွေ၊ ပညာရေးစနစ်ကောင်းမွန်မှုတွေကိုသာ အတုယူပြီး ဒါမျိုးဖြစ်စဉ်တွေ၊ လုပ်ရပ်တွေ ကိုတော့ အတုမယူမိစေ၊ မဖြစ်စေဖို့တော့ သတိပြုဖို့ လိုမယ်ဗျာ...။

စင်ကာပူပညာရေး ကမ္ဘာ့အဆင့် ၅ တွင်ရှိ

စင်ကာပူနိုင်ငံသည် ဖင်လန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံတို့ပြီးလျှင် ကမ္ဘာ့ပညာရေးအဆင့် တွင် နံပါတ် ၅ နေရာ၌ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

စင်ကာပူနိုင်ငံတွင် သင်ကြားနေကြသည့် ပညာအရည်အသွေးနှင့် ပညာရေးကို လေးစားကျိုးနွံစွာ သင်ယူတတ် သည့် ဓလေ့ကြောင့် ထိုသို့ အာရှတွင် ဂုဏ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Pearson Group အဖွဲ့ကထုတ်ပြန်ခဲ့သည်။

သုတေသီများသည် နိုင်ငံပေါင်း ၅၀ ရှိ ကလေးများ၏ ပညာရေးအဆင့်ကို အကဲဖြတ်ကာ ထိုသို့ နိုင်ငံအလိုက် အဆင့် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဗြိတိန်သည် အဆင့် ၆ တွင်ရှိပြီး၊ သူ့နောက်မှ နယ်သာလန်၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ကနေဒါနိုင်ငံများ လိုက်သည်။ ထိုင်းနိုင်ငံ၊ မက္ကဆီကိုနှင့် ဘရာဇီးလ်နိုင်ငံများသည် အောက်ဆုံး ၄ နိုင်ငံစာရင်းတွင် ပါဝင်နေသည်။
သုတေသနအဖွဲ့၏ လေ့လာသုံးသပ်ချက်အရ စီးပွားရေးကောင်းသည့်နိုင်ငံများ၊ ဆရာအလုပ်ကို လခကောင်း ကောင်းပေးပြီး ပညာတတ်များဖြင့် လေ့ကျင့် သင်ကြားထားသူများကိုသာ ခန့်အပ် ထားနိုင်သည့်နိုင်ငံများသည် သာ ပညာရေး အဆင့်အတန်း မြင့်မားသည့် နိုင်ငံ များဖြစ်နေကြောင်း တွေ့ရသည် ဟုဆိုသည်။

စင်ကာပူနိုင်ငံသည် ပညာရေးကို အလေးထားသည့်နိုင်ငံဖြစ်ရုံမက၊ ပညာရှင်များကို လေးစားပြီး၊ ဆရာ ဆရာမ များ အပေါ်တွင် ကျောင်းသားများ လေးစားတတ်သည့်နိုင်ငံ ဖြစ်နေခြင်းကလည်း ပညာရေးတွင် ထိပ်တန်း ရောက်လာစေသည် ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမျိုးသားပညာရေးအဖွဲ့ ဒါရိုက်တာ လီဆင်ကောင်းက အစိုးရအနေဖြင့် ဆရာတစ်ယောက်၏ စတင်လစာမှာ အင်ဂျင်နီယာ တစ်ယောက် လစာနှင့် တစ်ပြေးတည်းဖြစ်အောင် စီစဉ် ထားကြောင်း ပြောကြားသည်။

Ref: Maukkha

Gravity Light

ကမ္ဘာ့မြေဆွဲအားကို အသုံးပြု၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ်စစ်မီး မထွန်းနိုင်သော လူသား သန်း ထောင့်ငါးရာကျော်ကို အလင်းပေး နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ထိုမြေဆွဲအားသုံး အယ်လ်အီးဒီ မီးလုံးတွင် ကြိုးဖြင့် ချိတ်ထားသော သဲအိတ်ငယ်တစ်ခု ပါဝင်သည်။ ထိုသဲအိတ်ငယ်ကို မီးလုံးတွင် ပါသော ဒိုင်နမိုတွင် ကြိုးဖြင့် ချိတ်ဆက်ထားသည်။ မြေဆွဲအားကြောင့် သဲအိတ်ငယ်သည် အောက်ကို တဖြည်းဖြည်းချင်း လျှောကျ သွားသည်တွင် ဒိုင်နမိုကို လှည့်ပေးသကဲ့သို့ ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထွက်လာကာ မီးလုံးလင်း လာမည်ဖြစ်သည်။ သဲအိတ်ငယ် အောက်ဆုံးသို့ ရောက်ရှိသွားပါက အပေါ်ဆုံး ပြန်ရောက်အောင် သုံးစက္ကန့်ခန့်သာ ပြန်ရစ်တင်ရပြီး ပြန်လွှတ်ထား ပေးပါက နာရီဝက်ခန့်ထိ မီးလင်းနေ နိုင်စွမ်းရှိကြောင်းလည်း သိရသည်။
ထိုမီးလုံးကို GravityLight ဟု အမည် ပေးထားသည်။ ထိုမီးလုံးကို လန်ဒန် အခြေစိုက် Deciwatt.org က တီထွင်ခြင်းဖြစ်သည်။
ထိုမီးလုံးသည် လျှပ်စစ် ဓာတ် အားရှိရန် မလိုအပ်ဘဲ မီးလင်းနိုင် မည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား လက်လှမ်းမမီ သော လူသား သန်းထောင့်ငါးရာကျော်ထံသို့ အလင်းရောင် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။
မိုဘိုင်းဖုန်းများကို ဓါတ်အားပေးသွင်းနိုင်စွမ်း ရှိ- မရှိ မေးခွန်းထုတ်နေကြသည်။


Ref: Maukkha

The Silent Killer (အသံတိတ် လူသတ်သမား)

ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် ၁၀ မိနစ်လောက် အချိန်ပေးပြီးကြည့်ရင် ကိုယ့်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ Generation အတွက်ပါ အကျိုးရှိစေနိုင်ပါတယ်...။



KamayutMediaTV

မြန်မာလိုသင်မလား အင်္ဂလိပ်လိုသင်မလား

မြန်မာ့ပညာရေးအတွက် မောက္ခဆိုက်မှာ တင်ထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ စာရေးသူအမြင်ကို ကျွန်တော်လဲ လက်ခံပါတယ်။ မိတ်ဆွေတို့ရော ဘယ်လို သဘောထား ရှိကြမလဲ ? ဖတ်ကြည့်ကြပါဦး...။

ယခုတလောတွင် ပညာရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲသတင်းများ၊ ဆောင်းပါးများကို ဂျာနယ် အတော်များများတွင် ဖတ်ရှုရသည်။ ကိုယ့်နိုင်ငံ၏ ပညာရေး ကောင်းစေလို သည့် စေတနာဖြင့် ဆွေးနွေးကြခြင်း ဖြစ်လို့ ကြိုဆိုပါသည်။ သည်လို ပွင့်ပွင့် လင်းလင်း ဆွေးနွေးရေးသားကြ မှလည်း အမှန်တကယ် အားနည်းချက်၊ ချို့ယွင်းချက်များကို သိမြင်ပြီး အနာဂတ်ပညာရေး ကောင်းအောင် ပြုပြင် စီမံနိုင်ကြမည်ဖြစ်သည်။
“ပညာသည် တိုင်းရေး၊ ပြည်ရေး၊ စီးပွားရေး၊ ဘာသာရေး၊ သာသနာရေး အလုံးစုံတို့၏ အခြေခံစင်စစ်ဖြစ်၏” ဟု မြန်မာ့ပညာရေး သမားကြီး အမျိုးသားပညာဝန် ဦးဖိုးကျား ကိုယ်တိုင်ဆိုခဲ့ဖူးသည် မဟုတ်ပါလား။
သို့ဆွေးနွေးကြသည့်အထဲတွင် ထူးထူးခြားခြား ဆွေးနွေးပွဲ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ သိပ္ပံဘာသာရပ်များကို မြန်မာလို သင်မလား၊ အင်္ဂလိပ်လို သင်မလား ဆွေးနွေးကြသည်။ အချို့ကလည်း သိပ္ပံ အခေါ်အဝေါ်များသည် မြန်မာလို မရှိသဖြင့် အင်္ဂလိပ်လို သင်တာ ပိုကောင်းသည်ဟု ဆွေးနွေးသည်။ သိပ္ပံဘာသာရပ်များ သင်သော နာမည်ကြီး ကျူရှင်ဆရာ တစ်ယောက်က ဆိုလျှင် “နဂိုကမှ နိုင်ငံကာနှင့် ယှဉ်လိုက်ရင် အဆင့် မမီဖြစ်နေရသည့်အထဲ မြန်မာလိုပြောင်း သင်လိုက်ရင် လုံးဝကို သုံးစားမ ရဖြစ်သွားလိမ့်မယ်။ ကျွန်တော်ကတော့ မြန်မာလိုပြောင်း သင်ဖို့ကိစ္စ လက်မခံနိုင်ဘူး”” ဟု သူ့အမြင်ကို ပွင့်လင်းပြတ်သားစွာ ပြောသွားသည်။
ဤနေရာတွင် ကျွန်တော်၏ ပညာရေးလုပ် သက်အနှစ် (၂၀) ကျော် အတွေ့အကြုံအရ ကျွန်တော်မြင်တာလေးတွေ ပြောပြ ချင်ပါသည်။ အခြေခံပညာ အဆင့်တွင် သိပ္ပံဘာသာရပ်များကို သင်ယူနေကြသော ကလေးများ အားလုံးသည် နောင်တက္ကသိုလ် အဆင့်တွင်လည်း ထိုဘာသာရပ်များနှင့်ပင် ဘွဲ့ယူကြမည့်သူများချည်း မဟုတ်ကြပါ။ (၁၀) တန်းကို အတွဲ (၇) ဖြင့် အောင်ခဲ့သော်လည်း တက္ကသိုလ် တက်သောအခါ အခြေအနေအရ သမိုင်းမေဂျာဖြစ်လျှင် ဖြစ်သွား၏။ မြန်မာစာမေဂျာ ဖြစ်လျှင်ဖြစ်သွား၏။ (၁၀) တန်းမှာ ဘိုင်အိုတွဲ ယူခဲ့လို့ဆိုပြီး အမှတ်မမီတဲ့ ကျောင်းသားကို ဘယ်ဆေးတက္ကသိုလ်ကမှ တက်ခွင့်မပေးပါ။
ပြောလိုသည်မှာ ဥာဏ်ရည်ဥာဏ်သွေး မတူညီသော ကျောင်းသားများကို စုပေါင်းရောနှော သင်ကြားရသည့် အခြေခံပညာ အဆင့်မှာ သိပ္ပံဘာသာရပ်များကို အင်္ဂလိပ်လို သင်ကြားခြင်းသည် ကျောင်းသားအများစုအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။ အချို့ ကလေးများ မေးခွန်းတောင် မဖတ်တတ်ပါ။ သည်တော့သင်ကြားသည့် ဆရာ၊ဆရာမများကလည်း သိပ္ပံဘာသာရပ်များ၏ အခြေခံကို ကျောင်းသားတွေ တတ်ကျွမ်းနားလည်ဖို့ထက် စာမေးပွဲဖြေနိုင်ဖို့ကိုပဲ ဦးစားပေးရပါတော့သည်။ တစ်ဖက်က အောင်ချက် မြင့်မားရေး ဆိုတာကြီးကလည်း ရှိနေသကိုး။ ကိုယ့်ဘာသာ အောင်ချက်ကျရင် ထုချေလွှာ တောင်းခံရတာတို့၊ အရေးယူ အပြစ်ပေးခံရ တာတို့ကလည်း ရှိနေတော့ အနည်းဆုံး အမှတ် (၄၀) ရရေး လုံးပမ်းရတော့သည်။ ဘာသာပြန် ပြသင့်တာပြန်ပြ၊ မေးခွန်းနဲ့ အဖြေတွဲပြီး အာဂုံဆောင်ခိုင်းသင့်တာ ဆောင်ခိုင်းလုပ်ရတော့သည်။
ကျွန်တော်နှင့် ရင်းနှီးသော သိပ္ပံဘာသာရပ်တစ်ခုကို သင်သည့် ဆရာတစ်ယောက်က ပြောဖူးသည်။ သူတို့ သိပ္ပံဘာသာရပ်များက (၁) ရက် (၂) ရက် လောက် မကျက်ဘဲ ပစ်ထားလိုက်လျှင် တစ်နှစ်လုံး ကျက်လာသမျှ အကုန် မေ့ကုန်သတဲ့။ ဒါကြောင့် ကျောင်းသားတွေ မကျက်ဘဲ မနေရဲအောင် နေ့တိုင်း စာမေးနေရသတဲ့။ အဲ့သည်လောက် ပြန်မေး ပြန်စစ်နဲ့ ဂရုတစိုက် လုပ်နေတောင် သိပ္ပံ ဘာသာရပ်တွေရဲ့အောင်ချက်ရာနှုန်းက (၆၀) မကျော်။ ဒါတောင် မော်ရေးရှင်းနဲ့ ဆွဲတင်ထားတာတွေ ပါလိမ့်ဦးမည်။
တစ်ခါ သိပ္ပံဘာသာရပ်များကကို အင်္ဂလိပ်လို သင်ကြားခြင်းဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်သလို တစ်ဖက်မှာလည်း အင်္ဂလိပ်စာ ပိုကောင်းလာမည်ဟု တချို့က ထင်နေကြသည်။ အခြေခံပညာရေး လောကကို ထဲထဲဝင်ဝင် လေ့လာကြည့်ပါ။ always လို စားလုံးတောင် အသံထွက်လိုက် မှတ်ထားသည့် ကလေးများကို တွေ့ဖူးပါသည်။ အောင်ချက်ရာနှုန်းကိုလည်း ကြည့်ပါဦး။ သိပ္ပံဘာသာရပ်များထက်ပင် ပိုဆိုးချင် ဆိုးနေ တတ်ပါသည်။ တစ်ချက်ခုတ် နှစ်ချက်မပြတ်သည့်အပြင် ခုတ်ရာကလေး ထင်ကျန်ခဲ့လျှင်ပင် ကံကောင်းသည်ဟု ပြောရမည် အခြေအနေဖြစ်ပါသည်။
သည်လို အကျအရှုံးများနိုင်တဲ့ သိပ္ပံဘာသာရပ်တို့၊ အင်္ဂလိပ်စာတို့ကို ဦးစားပေး လုပ်ရင်းက ကိုယ့်မိခင်ဘာသာဖြစ်တဲ့ မြန်မာစာကို အလိုလို ပစ်ထားမိတော့သည်။ စာသင်ခန်းထဲမှာ သင်တဲ့ အချိန်က လွဲလို့ အိမ်မှ မြန်မာစာ ပြန်ကြည့်ဖို့ အချိန်မရ။ ပြဋ္ဌာန်း စာအုပ်ကို တစ်ခေါက်အပြင် နှစ်ခေါက် မဖတ်နိုင်။ စာမေးပွဲ စစ်မည်ဆို လိုက်တာနှင့် အသင့်ရေးပြီးသား မှတ်စုများကိုသာ အားကိုးတော့သည်။ အင်္ဂလိပ်လို သင်ရတဲ့ သိပ္ပံဘာသာရပ်များလိုပဲ မြန်မာစာကိုလည်း အလွတ်ကျက်တော့သည်။ အမှန်တကယ် ကျက်ရမည့် ကဗျာပုဒ်ရင်းများကိုတော့ မကျက်။ မှတ်စုများကိုသာ နားလည်လည်၊ မလည်လည် ကုန်ရုန်း ကျက်တော့သည်။ တကယ့်တကယ် ချရေးတော့ ဟိုစာကြောင်းက စာတစ်လုံး ကျန်၊ သည်စာပုဒ်က စာတစ်ကြောင်းကျန်နှင့် တစ်ပုဒ်လုံး ဘာအဓိပ္ပာယ်မှ မရှိတော့။
သည်တော့နောက်ဆုံး ထွက်လာသည့် ရလဒ်က အင်္ဂလိပ်လို သင်ရတဲ့ သိပ္ပံဘာသာရပ်များသာမက မြန်မာလို သင်ရတဲ့ မြန်မာစာမှာလည်း ကလေးအများစုက ညံ့ကုန်ကြတော့သည်။ ကိုယ်နားလည်ပြီးသား အကြောင်းအရာ တစ်ခုကိုပဲ ကိုယ်ဝါကျနဲ့ ကိုယ် ပြန်ချမရေးတတ်တဲ့ ကလေးတွေက တက္ကသိုလ်ဝင်တန်း အဆင့်မှာတောင် တစ်ပုံတစ်ပင်ကြီး ရှိနေသည်။ မရေးတတ်လို့ ဖတ်ကောဖတ်တတ်ရဲ့လားဆိုတော့ စာတစ်ကြောင်းကို ဖြောင်ဖြောင့်တန်းတန်း မဖတ်နိုင်တဲ့ ကလေးတွေက အနမတဂ္ဂ။ စာဖတ်လျှင် ဖြတ်ချင်တဲ့နေရာ ဖြတ်၍ ရပ်ချင်တဲ့နေရာ ရပ်ကြသည်။ ““ကျွန်ုပ်တို့ ရှစ်ယောက်သားသည် အပင့်အခေါ် မစောင့်ဘဲ””ဟု ဖတ်ချင်ဖတ်ကြ၏။ တစ်ခါတစ်ရံ စာထဲ မပါတာတွေ ထည့်ဖတ်ပြီး ပါတာတွေကြ ကျော်ဖတ်ချင် ဖတ်တတ်ကြသည်။
ကဗျာတွေ၊ စကားပြေတွေ မရလို့ သဒ္ဒါ ရသလားဆိုတော့ ငါးတန်းကတည်းက သဒ္ဒါသင်လာတဲ့ ကလေးတွေက ဆယ်တန်း ရောက်လာတောင် တချို့နာမ်နဲ့ ကြိယာ ကောင်းကောင်း မခွဲတတ်သေး။ ဆယ်တန်း ကလေး တစ်ယောက်က စာမေးပွဲဆိုတာ နာမ်လား၊ ကြိယာလားမေးသည်ဆိုလျှင် အံ့သြ ကုန်ကြလိမ့်မည်ထင်သည်။ ၀ိဘတ် အရေးကြီးကြောင်း ပြောလို၍ စာသင်ဘောပေါ်မှာ ““မောင်ဘသည် ကျောင်းသို့ စက်ဘီးဖြင့် သွားသည်”” ဟူသော ၀ါကျ တစ်ကြောင်း ချရေးလိုက်သည်။ ပြီး ““မောင်ဘသည်”” ဘာပုဒ်လဲဟု ကျောင်းသား၊ ကျောင်းသူခုနှစ်ယောက်လောက်ကို တန်းစီ မေးရာ ဘယ်သူမှ““ကတ္တားပုဒ်””ဟု မဖြေ။ နာမ်ပုဒ်တဲ့။ ကြိယာပုဒ်တဲ့။ ကံ ပုဒ်တဲ့။ စုံနေအောင် ဖြေကြသည်။ ကဲ အဲ လို ကလေးတွေက အင်္ဂလိပ်လိုသင်တဲ့ သိပ္ပံဘာသာရပ်တွေကို ဘယ်လိုအရည်အသွေးနဲ့ နားလည် တတ်မြောက်ကြမလဲ။ စဉ်းစားသာကြည့်ကြပါတော့။ဆယ်တန်းအထိ ကျောင်းတက်သွားပြီး အောင်တာ၊ မအောင်တာ အပထားလို့ မြန်မာစာလေးလောက်မှ ဖြောင့်ဖြောင့် တတ်မသွားဘူး ဆိုရင် သူပေးဆပ်ခဲ့ရလို့ အချိန်တွေ၊ ငွေတွေနဲ့ ထိုက်တန်မှု ရှိနိုင်ပါ့မလား။
ကျွန်တော်တို့ (၉) တန်း (၁၀) တန်း ကျောင်းသားဘ၀က သိပ္ပံဘာသာရပ်တွေဖြစ်တဲ့ ရူပတို့၊ ဓာတုတို့ကို မြန်မာလို သင်ခွင့် ရခဲ့တော့ ဘာသာစကားအခက် အခဲမရှိလို့ ထိုဘာသာရပ်များကို ထိုက်သင့်သလောက် နားလည်ခဲ့သည်။ ထို့ပြင် စာမေးပွဲတွင် လည်း ကိုယ်စဉ်းစားလို့ ရတာကို ကိုယ်မြန်မာဘာသာစကားနှင့် ပြန်ရေးရတာမို့ အလွတ် ကျက်စရာမလိုခဲ့။ သည်တော့ ကျွန်တော်တို့ခေတ်က ကျောင်းသားများ သိပ္ပံဘာသာရပ်တွေ မှာလည်း မညံ့ကြသလို မြန်မာစာမှာလည်း ““မောင်ဘသည်” ”ကတ္တားပုဒ်မှန်း မသိလောက်အောင် ညံ့သော ကျောင်းသားများ မရှိခဲ့ပါ။ အဲ အင်္ဂလိပ်စာ ညံ့သည့် ကျောင်းသားတွေတော့ ရှိခဲ့ပါသည်။ အခု ခေတ် သိပ္ပံဘာသာရပ်တွေကို အင်္ဂလိပ်လိပ်လို သင်တော့လည်း ကျောင်းသား အများစု အင်္ဂလိပ်စာ မကောင်းကြပါ။ လက်တွေ့သင်ကြား ပေးနေကြသည့် ဆရာများပိုသိပါသည်။ အင်္ဂလိပ်စာ ကောင်းပါသည် ဟူသော ကျောင်းသားများပင် Essay လိုဟာမျိုးကို အလွတ် ကျက်ဖြေ နေကြသည်။
ကျွန်တော် ပြောလိုသည်မှာ မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲရန် လေ့လာ သုံးသပ်နေသော အဖွဲ့အစည်းများ၊ ပညာရှင်များ အနေဖြင့် မိမိတို့ အဖွဲ့အစည်းအတွင်း ဆွေးနွေးချက်များ၊ ပညာရှင် အချင်းချင်း နှီးနှော ဖလှယ်ရမှုများ၊ နိုင်ငံတကာ ပညာရေးစံနှုန်းများနှင့် ချိန်ထိုး၍ ကောက်ချက် ချတာမျိုး မဟုတ်ဘဲ ပညာရေးလောကအတွင်း လက်တွေ့သင်ကြား ပေးနေသော၊ ကလေးများနှင့်လည်း နေ့စဉ်ထိတွေ့ ဆက်ဆံနေသော၊ပညာရေးကို အမှန်တကယ် စိတ်ဝင်စား၍ အရည်အချင်းလည်း ရှိသော ဆရာ/ဆရာမများ၏ အသံကိုလည်း နားထောင်ကြည့်ဖို့ လိုမည်ထင်ပါသည်။ ထိုသို့ နားထောင်ရာတွင်လည်း မြို့ကြီးပြကြီးများမှ ဆရာ/ဆရာမများ ၏ အသံများသာမက နိုင်ငံအနှံ့အပြားက ဆရာ/ဆရာမများ၏ အသံများကိုလည်း နားထောင်ကြည့်စေချင်ပါသည်။
ဒါမှသာ မြန်မာ့ပညာရေးနှင့် ပတ်သက်ပြီး ဘယ်ကစပြီး ပြုပြင်ပြောင်းလဲသလဲ။ ဘာကိုစပြီး ပြုပြင် ပြောင်းလဲသင့်သလဲဆိုတဲ့ လက်တွေ့ဘ၀ကို ထင်ဟပ်နိုင်မည့် နည်းလမ်းကောင်းတွေ ရနိုင်မည် ထင်ပါသည်။ယုတ်စွအဆုံး လက်ရှိကျင့် သုံးနေတဲ့ ကျောင်းတွင်းစစ် စာမေးပွဲစနစ်ကစလို့ ဆရာ၊ဆရာမများ ရေးနေရတဲ့ နေ့စဉ်မှတ်တမ်း၊ သင်နည်းမှတ်စုတွေ၊ ကျောင်းသားတွေ ရေးနေရတဲ့ ကိုယ်တိုင် ထုတ်ဖော် ၀န်ခံချက်တွေဟာ လက်တွေ့မှာ အမှန်တကယ် အကျိုးရှိ-မရှိ ပြန်ဆန်း စစ်ကြည့်သင့်ပါသည်။
ကျွန်တော်သည် ပညာရေးနှင့်ပတ်သက်သည့် ပညာရှင်တစ်ယောက် မဟုတ်ပါ။ စာသင်ရသည့် အလုပ်ကို အလွန် စိတ်အား ထက်သန်သော သာမန် ဆရာတစ်ယောက်သာဖြစ်ပါသည်။ ကျွန်တော်တို့ ကလေးငယ်များ၏ ပညာရေးကောင်းစေလိုသည့် ဆန္ဒ အရင်းခံဖြင့်သာ ကျွန်တော့် အမြင်ကို တင်ပြခြင်းဖြစ်ပါသည်။ ကျွန်တော့်ထက် နားကြီး၊ မျက်စိကြီး၊ ဦးနှောက် ကြီးကြကုန်သော ပညာရှင်များ အကောင်းဆုံးနည်းလမ်းကို စဉ်းစားဆုံး ဖြတ်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

မင်းသန်းထိုက် (ဒေးဒရဲ)
Related Posts Plugin for WordPress, Blogger...