လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မယ်အင်္ဂလန် စစ်သမီး


ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကတော့ ၂၀၀၉ ခုနှစ်က မယ်အင်္ဂလန် (Miss England) ဆုရထားတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ ဒါတင်မကပဲ လက်ရှိမှာ သူမဟာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်အရာရှိတစ်ဦး ဖြစ်ပါတယ်။ Katrina Hodge လို့ အမည်ရပါတယ်။

အသက် ၁၇ နှစ်မှာ အစ်ကိုဖြစ်သူရဲ့ မြောက်ပေးမှုကြောင့် စစ်ထဲ ဝင်ခဲ့ပါတယ်။ ဗြိတိန်ရဲ့ တော်ဝင်ကြည်းတပ်ကို ဝင်လိုက်တာ ဖြစ်ပါတယ်။ စစ်တပ်မှာ သူရဲ့ နာမည်ပြောင်က အရုပ်မ ဖြစ်ပါတယ်။ ဒေါက်ဖိနပ်စီးပြီး မျက်တောင် ခဏခဏ ကော့တာကြောင့် ဒဏ်ပေးတာ ခံရပြီး အရုပ်မလို့ နာမည် ပြောင်ပေးထားပါတယ်။

၂၀၀၅ ခုနှစ် ရောက်တော့ အီရတ်မှာ တာဝန်ကျပါတယ်။ အီရတ်မှာ တာဝန် ကျစဉ် အင်မတန် ရဲစွမ်းသတ္တိကြီးတဲ့ စစ်သူရဲလို့ နာမည်ကြီးပါတယ်။ ရှေ့တန်း တိုက်ပွဲတွေမှာ သူပါပြီး သူကယ်လို့ အသက်မသေတဲ့ စစ်သားတွေ လည်း ရှိပါတယ်။ ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ ရန်သူတွေကိုလည်း နပန်းသတ် အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၅ ခုနှစ်မှာပဲ ဒုတပ်ကြပ် အထိ ရာထူး တိုးမြင့်ခံခဲ့ရပါတယ်။ ယခု ဆိုရင် တပ်ကြပ်ကြီး အဆင့်တောင် မကတော့ပါဘူး။ အာဖဂန်နစ္စတန်မှာ ရာထူးကြီးတဲ့ အမျိုးသမီး ကြည်းတပ် အရာရှိ ဖြစ်နေပါပြီ။

၂၀၀၈ ခုနှစ်ကစလို့ အလှမယ် ပြိုင်ပွဲတွေ စပြိုင်ပါတယ်။ တော်ဝင် ကြည်းတပ် ကိုယ်စားပြုအနေနဲ့ စတင် ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအတွက် လေ့ကျင့်မို့ ရက်ပိုင်းပဲ အချိန်ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကျင်းပတဲ့ မယ်အင်္ဂလန် မှာတော့ 1st runner up ရရှိပါတယ်။ သို့ပေမယ့် သရဖူ ရတဲ့ မယ်က မှုခင်းတစ်ခုကြောင့် လက်လွတ်ရပြီး Katrina Hodge ဟာ မယ် အင်္ဂလန် အဖြစ် သရဖူ ဆောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်တိတိ လူမှုပရဟိတ လုပ်ငန်းလုပ်ပြီး ၂၀၁၀ ရောက်တော့ တပ်ထဲ ပြန်ဝင်ခဲ့ပါတယ်။

ယခုတော့ အာဖဂန်နစ္စတန်မှာ တာဝန် ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ သီရိလင်္ကာမှာ တာဝန် ထမ်းဆောင်နေတဲ့ ဗြိတိန် စစ်အရာရှိတစ်ဦး နဲ့လည်း ၂၀၁၀ ခုနှစ် ဇွန်လက လက်ထပ်ခဲ့ပါတယ်။ လက်ရှိချိန်မှာ ဗြိတိန် အစိုးရက တရားဝင် ပြုလုပ်ပေးထားတဲ့ စစ်သားများ အောင်သွယ်ဝဘ်ဆိုဒ် Uniform Dating ကိုလည်း ဦးစီး လုပ်ကိုင်ပေးနေပါတယ်။ ရှေ့တန်း စစ်မျက်နှာမှာလည်း တာဝန် ထမ်းဆောင်နေပါတယ်။

ဒါကြောင့် Katrina ဟာ မယ်ဖြစ်လာတဲ့ ပထမဆုံး စစ်သမီးလို့ ထင်ရှားပြီး ဗြိတိန်နိုင်ငံရဲ့ စံပြ အမျိုးသမီး အဖြစ်လည်း လူသိများကြောင်း သိရပါတယ်။
  
Myanmar Online News

မျက်နှာပြင် နှစ်ဖက်ပါသော စမတ်ဖုန်း ရုရှားက ထုတ်မည်


စမတ်ဖုန်းဈေးကွက်ကို ရုရှားကုမ္မဏီတွေ စတင်ထိုးဖောက်တော့မှာ ဖြစ် ပါတယ်။ စများစတော့လည်း touch screen မျက်နှာပြင် နှစ်ဖက်ပါတဲ့ စမတ်ဖုန်း နဲ့ စတင်တာ ဖြစ်ပါတယ်။

ရုရှား Yota Design ကုမ္မဏီက တီထွင်ဖန်တီးခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅ သန်းရင်းပြီး research လုပ်ထားတဲ့ ဖုန်း ဖြစ်ပါ တယ်။ ဒါဆိုရင် ဘယ်လောက်တောင် ပြင်ဆင်ထားတယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ မျက်နှာပြင် လုပ်တဲ့ ရည်ရွယ်ချက်က တစ်ဖက်မှာ E-book ဖတ်ဖို့ ဖြစ်ပြီး တစ်ဖက်ကတော့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် နှစ်ဖက်လုံးရဲ့ လုပ်ဆောင်ချက်ကတော့ လိုသလို ပြောင်းလဲယူလို့ ရတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာ LCD မျက်နှာပြင်၊ အခြားတစ်ဖက်မှာ electronic paper ဖြစ် ပါတယ်။ အကြမ်းလည်း ခံပါတယ်။ Google ရဲ့  Android OS ကိုပဲ အသုံးပြုဖြစ်ဖို့ များတယ်လို့ ဆိုပါတယ်။

Amazon ရဲ့ အီးဘုတ်ရော၊ ယနေ့အိုင်တီခေတ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းကိုပါ နှစ်မျိုးလုံးကို ဖုန်းတစ်လုံးနဲ့ ပိုင်ဆိုင်ရစေမယ့်လို့ Yota ရဲ့ စီအီးအိုမှ ကြွေးကြော်ထားပါတယ်။ ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၅၀၀ ပဲသတ်မှတ်ထားပါတယ်။ ဒါကြောင့် မြန်မာပြည်ရောက်လာရင် ၅ သိန်း ဝန်းကျင် သာရှိပြီး iPhone ထက်လည်း ဈေးသက်သာမှာ ဖြစ်ပါတယ်။

Applicatoin ထောက်ပံ့မှုတွေ၊ user interface တွေ နဲ့ အတွင်း Hardware ပစ္စည်းများကအစ ယနေ့ အဆင့်မြင့် စမတ်ဖုန်းများနဲ့ ယှဉ်ပြိုင်နိုင်မယ့် ကုန်ကြမ်းများကိုပဲ အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ဖေဖော်ဝါရီလ Mobile World Congress မှာ စတင်မိတ်ဆက်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကဲ ... ဒီတော့ မပြန်ခင် ပိုက်ဆံရှိတဲ့အချိန် တစ်လုံးလောက်တော့ ၀ယ်သွားဦးမယ်လို့ စဉ်းစားမိတယ်ဗျာ...။

Ref: TechSpaceJournal

၂၀၁၂ ခုနှစ်အတွင်း အင်တာနက်တွင် ကမ္ဘာ့ လူရှာအများဆုံး စကားလုံးများ

၂၀၁၂ ခုနှစ်အတွင်း အင်တာနက်မှာ လူရှာအများဆုံး စကားလုံး ၁၀ လုံး စာရင်းကို Google Zeitgeist မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီစာရင်းက ဗြိတိန်နိုင်ငံ တစ်ခုတည်းမှာပဲ ကောက်တဲ့ စာရင်း ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် တစ်နှစ်တာအတွင်း အထူးခြားဆုံး ဖြစ်ရပ်နဲ့ ဗဟုသုတ လေးတွေမို့ မျှဝေပေးလိုက် ရပါတယ်။

Google Zeitgeist ဟာ နှစ်စဉ် တစ်နှစ်ကုန်တိုင်းမှာ လူရှာအများဆုံး စကားလုံးများကို Google ကနေ စစ်တမ်း ကောက်ယူပေးလျက် ရှိပါတယ်။ ယခု ကောက်ပေးလိုက်တဲ့ စာရင်းအရ-

1. Euro 2012
2. Olympic tickets
3. Whitney Houston
4. Kate Middleton
5. April Jones
6. Netflix
7. Natwest online
8. iPad 3
9. Gary Barlow
10. Gangnam Style

အစရှိတဲ့ စကားလုံးများ ဖြစ်ပါတယ်။ Euro 2012 က ထိပ်ဆုံးမှာ ရပ်တည်ပါတယ်။ ပိုလန်နဲ့ ယူကရိန်းမှာ ပူးတွဲကျင်းပတဲ့ ဘောလုံးပွဲ ဖြစ် ပါတယ်။ အိုလံပစ် ပွဲလက်မှတ် (Olympic tickets) ကတော့ ဒုတိယ လိုက်ပါတယ်။ လန်ဒန်မှာ ကျင်းပတဲ့ အိုလံပစ်ပွဲ ကြောင့် ဖြစ်ပါတယ်။ တတိယကတော့ ကွယ်လွန်သွားရှာတဲ့ အမေကန်က ဂရန်မီဆုရ အမျိုးသမီး အဆိုတော်ကြီး Whitney Houston ဖြစ်ပါတယ်။

ပြီးတော့ Apirl Jones ဖြစ်ပါတယ်။ ဧပရယ်ဂျုံးဆိုတာကတော့ အင်္ဂလန်မှာ ပျောက်ချင်းမလှ ပျောက်သွားတဲ့ ကလေး ဖြစ်ပါတယ်။ ၂၀၁၂၊ အောက်တိုဘာက ဖြစ်ပြီး သူ့အစအနလည်း ရှာမတွေ့တော့ပါဘူး။ လုပ်ကြံသတ်တယ်လို့ ပြောရအောင်လည်း အလောင်း ရှာမတွေ့ပါဘူး။ မီးရှို့ ပဲ သတ်သလားလို့တောင် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ သံသယရှိဖွယ်လူကတော့ ဖမ်းဆီးထားပြီးပါပြီ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးပျောက်တဲ့ မှုခင်း ဖြစ်တာ များတော့ မထူးဆန်းပေမယ့် ဗြိတိန်မှာတော့ အထူးအဆန်း ဖြစ်နေပါတယ်။ မီဒီယာများကလည်း နည်းမျိုးစုံနဲ့ ဖော်ပြတဲ့အတွက် Apirl Jones ဆိုတာ ကမ္ဘာသိ ဖြစ်သွားရပါတယ်။

နံပါတ် ၆ မှာ Netflix ရှိနေပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအထိ လွင့် တင်ထားတဲ့ အွန်လိုင်း ဖျော်ဖြေရေးလုပ်ငန်း ဖြစ်ပြီး သီချင်း၊ ရုပ်ရှင်များ ကို ဒေါင်းလုခ်ဆွဲလို့ရ၊ ကြည့်ရှုလို့ရတဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ မြန်မာပြည်မှာ Netflix ကိုအသုံးပြုလို့ မရသေးပါဘူး။ ရလည်း လက်ရှိ လိုင်းစွဲအားနဲ့ အဆင်ပြေပြေ အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။ သို့ပေမယ့် ကမ္ဘာပေါ် မှာတော့ တော်တော်လေး အောင်မြင်နေ ပြီ ဖြစ်တဲ့ ဆိုဒ် ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ မရပါဘူး နောက် ရတဲ့အခါမှ လမ်းအသိပေးမယ်လို့ ရေးထားတဲ့ စာလေး ဖတ်ချင်ရင်တော့ Netflix ဆိုဒ်ကို ဝင်ကြည့်နိုင်ပါတယ်။ www.netflix.com

နံပါတ် ၈ နေရာကို Apple ရဲ့  iPad 3 ရောက်သွားပါတယ်။ အရင်နှစ်တွေက ဆိုရင် Apple ရဲ့  ကုန်ပစ္စည်းတွေက အများဆုံး ရှာဖွေတဲ့ စကားလုံးစာရင်း ထဲ မှာ ထိပ်တန်း ပါနေတတ်ပါတယ်။ ယခုဆိုရင် iPhone 4s ရော၊ iPhone 5 ရော မပါဝင်ပါဘူး။ iPad 3 ကတော့ ကံကောင်းစွာပဲ နံပါတ် ၈ နဲ့ ပါဝင်ပါ တယ်။

နံပါတ် ၉ နေရာမှာတော့ Gary Barlow ဖြစ်ပါတယ်။ အင်္ဂလန် ပေါ့ပ်-ရောခ့် အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ နံပါတ် ၁၀ မှာတော့ Gangnam Style ဖြစ် ပါတယ်။ ဒါတောင် ဇူလိုင်လလယ်က တင်လိုက်တာ ဖြစ်ပြီး ၅ လအတွင်းကို လူရှာအမျာဆုံး စကားလုံး စာရင်းထဲမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်။

အင်္ဂလန်မှာတောင် စာရင်းကောက်တာ မြန်မာပြည်မှာလည်း ဒီလို စာရင်းကောက်မှုများ ကြိမ်းသေပေါ်လာတော့မှာပါ။ ဒီတော့ မြန်မာပြည်မှာ လူရှာအများဆုံး စကားလုံး စာရင်းများကိုလည်း သိချင်ကြမယ် ထင်ပါတယ်။ ဒီတော့ ဘယ်စကာလုံးတွေ ဖြစ်မလဲ ဆိုတာ လောလောဆယ်တော့ ကိုယ့်ကိုယ်ကိုသာ အမှတ်စဉ်တပ်လို့ ရေးချနိုင်ပါတယ်။
Ref: TechSpaceJournal

ပုခုံးထက်က ကြယ်တစ်ပွင့်အတွက် (၁၂.၁၂.၁၂)




ရာသီတွေ အကုန်မြန်လွန်းတယ်လို့
မဆိုလိုရက်ခဲ့ဘူး…
တာဝန်တွေကြားမှာ ဘ၀ကိုနှစ်မြုပ်နေရင်းနဲ့
နေ၀င်နေထွက်တွေတောင်
မေ့နေတာ ကြာခဲ့ပေါ့...။

ငါတို့ဘ၀တွေက
ကြယ်စင်တွေ မငေးနိုင်ဘူး၊
လမင်းကိုလည်း မလွမ်းနိုင်ဘူး၊
အိမ်မက်တွေ နဲ့တောင် မိတ်ဆက်ခွင့် မရခဲ့ပါဘူး…
ပြည်သူတွေ အပြုံးပန်းဝေဖို့
အမိန့်ဆိုတာတွေ အလွတ်ကျက်နေရတယ်...။

နေခြင်းနဲ့ သေခြင်းကြားမှာ
အသက်တွေကို လောင်းကြေးထပ်လို့
သေမင်းနဲ့ စစ်ခင်းရင်း
သူရဲကောင်းဆန်ဆန် အိမ်ပြန်နေ့ရက်တွေအတွက်
ငြိမ်းချမ်းရေး ပန်းတပွင့်
လက်ဆောင်ယူခဲ့တယ်...
သေချာတာက ငါတို့မှာ အသက်အပို မရှိခဲ့ဘူး...။

တနေ့ထဲမှာ ပညာနို့ရည်စို့ခဲ့တဲ့ ငါတို့တတွေ
တနေ့ထဲမှာ ပညာရည်ပြည့်ဝခဲ့တဲ့ ငါတို့တတွေ
အခုဆို...တချို့တတွေလဲ ကြွေ
တချို့တတွေလဲ ဝေလို့…
တချို့တချို့တတွေလဲ ငါနဲ့မျက်နှာခြင်းဆိုင်
စကားတွေပြောနေလျက်ပေါ့…။

ပြက္ခဒိန်စာရွက်တွေ ဟောင်းလာလို့ထင်ပါရဲ့
အချိန်မတန်ပဲ ခွဲသွားရတဲ့သူတွေများလာတယ်၊
အနာဂတ် သင်ခန်းစာတွေအတွက်
ရင့်ကျက်ဖို့တောင် မလိုခဲ့ဘူး
မင်းတို့တွေက တာဝန်ကျေလွန်းတယ်...။

ဒီနေ့..........

(12.12.12) ပုခုံးထက်က ကြယ်တပွင့်အတွက်
မင်းတို့တွေကို
နက်နက်နဲနဲ နဲ့ ဂုဏ်ယူလို့လွမ်းတယ်…။

(လွမ်းဝေ - MIET)
For (12.12.12 )

ကျန်းမာရေးအတွက် Nike မှထုတ်သော သားရေကွင်း (Nike+ FuelBand)


ယခုနှစ် ဧပြီလက စတင်လို့ ကမ္ဘာတစ်လွှားကို ဖြန့်ချီခဲ့တဲ့ တစ်ကိုယ်ရေ ကျန်းမာရေး ထိန်း ပစ္စည်း -သရေကွင်း- Nike+ FuelBand  ဖြစ်ပါ တယ်။ မြန်မာပြည် မှာ ခေတ်မစားပေမယ့် ကမ္ဘာတစ်လွှားမှာတော့ အရောင်းသွက်တဲ့ ပစ္စည်း ဖြစ်ပါတယ်။

အရောင်းသွက်လို့ နောက်ထပ် အရောင်နှစ်မျိုးတောင် လာမယ့် အောက် တိုဘာ ၃၀ ကနေ စတင်ဖြန့်ချီပေးဦးမှာ ဖြစ်ပါ တယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၄၉ ဒေါ်လာဝန်းကျင် ရှိပါတယ်။

သားရေကွင်း ရယ်လို့မဟုတ်ပဲ နာရီလို့လည်း သတ်မှတ်နိုင်ပါတယ်။ LED မျက်နှာပြင်ကို အကွင်း အပြားသေးသေးလေးမှာ ထည့်သွင်းပေးထားပါ တယ်။ နာရီကြည့်လို့ရပါမယ်။ တစ်နေ့တာ လှုပ်ရှားမှုများကို ဒီဂျစ်တယ် ဂဏန်းတွေနဲ့ ပြပါမယ်။ မျက်နှာပြင်သေးတဲ့ အတွက် အားလုံးတော့ မမြင်ရပါ ဘူး။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတို့နဲ့ ကြည့်မှ အားလုံး မြင်ရတာ ဖြစ်ပါတယ်။

ကယ်လိုရီလောင်ကျွမ်းမှုနှုန်း၊ လမ်းလျှောက်မှု ပမာဏ၊ အချိန်၊ ကုန်ခမ်းသွားသော ကိုယ်ခန္ဓာ စွမ်းအင် ပမာဏ စတဲ့ လေးမျိုးကို အဓိကထား ဖော်ပြပါတယ်။ ယင်းနောက် ပမာဏအားလုံးကို တွက်ချက်ပြီး လမ်းဘယ်လောက်လျှောက်သင့်တယ်။ ဘယ်လို အစားအစာများကို ပိုမို စားသုံးသင့်တယ်။ ကယ်လိုရီ ဘယ်လောက်လိုတယ် စတာတွေကို တွက်ချက် အကြံပေးမှာ ဖြစ်ပါတယ်။ Nike ရဲ့  Fuel Band official ဝဘ်ဆိုဒ်မှာလည်း Share ပေးပါတယ်။ Fuel Band မှာ ဘလူးတော့ ပါဝင်ပါတယ်။

ဒါကြောင့် လမ်းလျှောက်နေစဉ်လည်း မိုဘိုင်းဖုန်းဖွင့်ပြီး App ကတစ်ဆင့် ဝင်ရောက် ကြည့်ရှု မှတ်သားနိုင်ပါတယ်။ Android, iOS, Windows Phone OS စတာတွေအတွက် Fuel Band App ပါရှိပါတယ်။ PC ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ကြည့်ရှုဖို့လည်း USB ပေါက် နဲ့ ကြိုးလည်း ပါဝင်ပါသေးတယ်။

အမှန်တော့ ဒီလို ပစ္စည်းက ဇိမ်ခံပစ္စည်းဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုရန် ပစ္စည်းအနေနဲ့ အားကစား ပစ္စည်းထုတ် Nike မှ နည်းပညာ အကူအညီနဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုကို မှတ်သားပြီး အမြဲ Fit ဖြစ်နေ ရန် စောင့်ကြည့် လမ်းညွန်ပေးမယ့် ပစ္စည်းတစ်ခုလို့ ဆိုပါတယ်။

Nike+ FuelBand ဟာ ဧပြီလက စတင်လို့ ယနေ့တိုင် အဝယ်လိုက်နေတဲ့ ပစ္စည်း တစ်ခုဖြစ်ပြီး Nike ရဲ့ Official ဝဘ်ဆိုဒ်မှာ ဝင်ရောက် လေ့လာနိုင် ပါတယ်။

http://store.nike.com/us/en_us/?l=shop,fuelband

မြန်မာပြည်မှာလည်း ရရှိနိုင်ပါပြီ။ Fuel Band တစ်ကွင်းကို မြန်မာကျပ်ငွေ ၁သိန်း ၈ သောင်းနဲ့ www.ads.com.mm မှာဖော်ပြထားတာ တွေ့ရပါတယ်။ စိတ်ပါဝင်စားလို့ အွန်လိုင်းကနေ ဆက်သွယ် မှာယူ လိုသူများ အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.ads.com.mm/for-sale/mobile-phones-phone-accessoires/iphone/18061.html

International News for Myanmar

ပူသည့်ရေက ပိုမို အခဲမြန်

လူတိုင်း ခပ်ရိုးရိုးတွေးလိုက်ရင် အေးတဲ့ရေက ရေပူထက် ရေခဲသတ္တာထည့် လိုက်ရင် ပိုအအေးမြန်တယ်လို့ သိထားကြပါတယ်။ အမှန်တော့မှားပါတယ်။ ပူတဲ့ရေက ပိုပြီးတော့ ရေခဲအဖြစ်မြန်ပါတယ်။

ယင်းကို အာဖရိက တန်ဇေးနီးယားကျောင်းသားတစ်ဦး က တွေ့ရှိခဲ့တဲ့ အတွက် Mpemba effect လို့အမည်ပေးထားပါတယ်။ သို့ပေမယ့် ယနေ့တိုင် အဖြေရှာမရသေးပါဘူး။ ၁၉၆၈ ခုနှစ်ကတည်းက တွေ့ရှိ တာဖြစ်ပြီး ဗြိတိန်တော်ဝင် ဓာတုဗေဒ အဖွဲ့ အစည်းကို မေးခွန်းထုတ်ခဲ့ တာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ဘယ် ဓာတုဗေဒ ပညာရှင်က မှ ပြီးပြည့် စုံတဲ့ အဖြေကို မပေးနိုင်သေးပါဘူး။

အပူချိန် ၁၀၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ ရေနဲ့ ၃၅ ဒီဂရီ စင်တီဂရိတ် ရှိတဲ့ ရေ ကို ရေခဲသတ္တာတစ်ခုတည်း တစ်ပြိုင်နက်တည်းထားပြီး ကြည့်တဲ့အခါ ၁၀၀ ဒီဂရီအပူချိန်ရှိတဲ့ ရေက အရင်ခွဲသွားတာကို လေ့လာ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပါ တယ်။ သို့ပေမယ့် အကြောင်းပြချက် ရှာမရသေးပါဘူး။

အဖြေပေးနိုင်သူကိုလည်း ဗြိတိန်ပေါင် ၁ထောင် ဆုချီးမြင့်ပြီး အသိအမှတ်ပြု မယ်လို့ ဗြတိန်တော်ဝင် ဓာတုဗေဒ အဖွဲ့ရဲ့ ကြေငြာမှုကလည်း အကျိုး မသက်ရောက်ပါဘူး။ ယနေ့ထိကို မဖြေရှာ မတွေ့သေးတာ ဖြစ် ပါတယ်။

သာမိုင်ဒိုင်းနမစ် ပညာနဲ့ရော၊ ရူပဗေဒ ပညာနဲ့ရော ပေါင်းစပ်လို့ အဖြေရှာပေ မယ့် ထူးခြားမလာသေးပါဘူး။ Evaporation, Super Cooling, Frost, Soultes, Thermal Conductivity, Latent heat of Condensation, Convection အစရှိသဖြင့် အနီးစပ်ဆုံး ခန့်မှန်းမှုများ၊ ရေတွင်ပါဝင်သော ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်ကို ဓာတ်ခွဲမှုများ၊ မော်လီကျူး လှုပ်ရှားမှုအသွား အလာများ၊ အက်တမ်တို့ ရွှေ့ လျားမှုများ အစရှိသဖြင့် စုံနေ အောင် ပညာရှင် တို့အမျိုးမျိုး အကြောင်းပြချက် ပေးပေမယ့် ပြီးပြည့်စုံ တဲ့ အဖြေမထွက်သေး ပါဘူး။

ဒါကြောင့် ယင်းမေးခွန်း (Mpemba effect) ရဲ့  အဖြေမှန်ဟာ ဗြိတိန်ပေါင် ၁ ထောင်တင်မက ဗြိတိန်ပေါင် သိန်းနှင့်ချီလည်း တန်တယ်လို့ တင်စားကြကြောင်း သိရပါတယ်။

Ref: International News for Myanmar

ကမ္ဘာ့သစ်တောများ၏ ကံကြမ္မာသည် တရုတ်လက်တွင်း ကျရောက်နေ

တရုတ်နိုင်ငံသည် တရားမ၀င်သစ်ခိုးထုတ်မှုကို အားကောင်းစေသော ကမ္ဘာ့အကြီးဆုံး ပြည်ပမှ သစ်တင်ပို့သူ ဖောက်သည်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ပြီး ကမ္ဘာ့သစ်တောများ၏ ကံကြမ္မာသည် တရုတ်လက်တွင်း ကျရောက်နေကြောင်း လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်ရေးရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။

''တရုတ်နိုင်ငံရဲ့ အရေးယူဆောင်ရွက်မှုအပေါ်မှာ မူတည်ပြီး တရားမ၀င်သစ်ထုတ်လုပ်မှု တိုက်ဖျက်ရေးကို ဒီထက်ပိုပြီး လုပ်ဆောင်နိုင်မှာပါ။ အခြားသော အဓိကသစ်ဝယ်ယူတဲ့ ဈေးကွက်တွေမှာ အရေးယူဆောင်ရွက်မှုတွေ လုပ်နေပေမယ့် တရုတ်နိုင်ငံမှာကတော့ ဘေးစည်းပေါ်မှာပဲ ရှိပါသေးတယ်'' ဟု EIA က ပေကျင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ ပြည်ပမှ သစ်လိုအပ်မှုသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် သုံးဆမြင့်တက်လာခဲ့ပြီး ကုဗယူနစ် သန်း ၁၈၀ ထိ ရောက်ရှိလာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင်မူ အိုလံပစ်အားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် ငှက်သိုက်အားကစားရုံ ဆောက်လုပ်မှုအတွက် အဆ ၆၀ ကျော် လိုအပ်ခဲ့သည်။

တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းသည့် သစ်များ၏ဆယ်ပုံတစ်ပုံမကသည် တရားမ၀င်ရင်းမြစ်များမှ တင်သွင်းခြင်းဖြစ်သည်ဟု ကုန်သွယ်မှုအချက်အလက်နှင့် တရားမ၀င် သစ်ထုတ်လုပ်မှုနှုန်းများအပေါ် အခြေခံပြီး EIA က ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်မှာ အငြင်းပွားဖွယ် ခန့်မှန်းချက်ဖြစ်ပြီး လက်တွေ့တွင် ယင်းထက် ပိုမိုမြင့်မားနိုင်ဖွယ်ရှိသည်ဟု EIA က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်းတွင် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် သြစတြေးလျနိုင်ငံတို့သည် တရားမ၀င် သစ်ကုန်သွယ်မှုကို ပိတ်ပင်ရန်အတွင်း ပိုမိုကောင်းမွန်သည့် ဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ဂျပန်နှင့် အခြားနိုင်ငံများကလည်း အလားတူဥပဒေများ ထုတ်ပြန်ရန် သုံးသပ်စဉ်းစားနေကြောင်း EIA ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် အစိုးရချင်း အတည်ပြုသည့် စီမံချက်တစ်ခုနှင့် ပင်လယ်ရပ်ခြား တရုတ်စီးပွားရေးအတွက် code of conduct ကို အဆိုပြု တင်သွင်းခဲ့သော်လည်း အကောင်အထည်ဖော်မှုကိုမူ အာမခံခဲ့ခြင်း မရှိပေ။

တရားမ၀င် သစ်ထုတ်လုပ်မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုများကို ကန့်ကွက်ကြောင်းနှင့် ကမ္ဘာတစ်လွှားရှိ သစ်တောရင်းမြစ်များကို ကာကွယ်မှုများကို တရုတ်နိုင်ငံက လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လီက ပြောကြားခဲ့သည်။

Ref: Eleven
Related Posts Plugin for WordPress, Blogger...