လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဟန်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ

ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ ကို မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးမှာ ထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလှိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

skin rashes (အရေပြား အနီကွက်ထခြင်း), headaches (ခေါင်းကိုက်ခြင်း), migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း), skin irritation (အရေပြား  ဓာတ်မတည့်ခြင်း), insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုန်နှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း) , concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်းနယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems (အမြင်ဝေဝါးခြင်း), swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin  (အရေပြားမှရေဒီယိုလှိုင်းအား စုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။ 
=====================================================

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုံးမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ 
အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း
အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။
=====================================================

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယိုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။ 
======================================================

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ဘဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
=====================================================

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်း ကြာကြာ အသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလှိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ ပက်သက်တဲ့ အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်း အမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

အောင်ခမ်း
Techspacejournal မှ ကူးယူဝေမျှပါသည်။  

ဖော့ဘ်စ်မဂ္ဂဇင်းက ထုတ်ပြန်သည့် ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးများစာရင်း



ဖော့စ်ဘ်မဂ္ဂဇင်းက ထုတ်ပြန်သည့် ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးများစာရင်းတွင် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က အဆင့် ၁၉ တွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရပြီး ဘရာဇီး သမ္မတဒီလ်မာရူးဆက်ဖ်က တတိယ နေရာတွင် ရှိခဲ့သည်။

ဖော့စ်ဘ်၏စာရင်းသည် နိုင်ငံ ရေး၊ စီးပွားရေး၊ မီဒီယာ၊ ဖျော်ဖြေ ရေးနှင့်အကျိုးအမြတ်မယူသည့်အဖွဲ့ အစည်းကဲ့သို့သော  နယ်ပယ်အမျိုးမျိုးမှ အမျိုးသမီးများ၏ ကြွယ်ဝ ချမ်းသာမှု၊ မီဒီယာတွင် ဖော်ပြခံရမှု နှင့် အလုံးစုံသော လုပ်ဆောင်မှုများအပေါ် တွက်ချက်ကာ အဆင့်များ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

စာရင်းဝင်အမျိုးသမီး ၁၀၀ မှာ နိုင်ငံပေါင်း ၂၈နိုင်ငံမှဖြစ်ပြီး ယင်း အမျိုးသမီးအားလုံး၏ ပျမ်းမျှအသက် မှာ ၅၅ နှစ်ဖြစ်သည်။

ဂျာမနီဝန်ကြီးချုပ် မာကယ်သည် အဆိုပါစာရင်း၏ ထိပ်ဆုံးနေရာတွင် နှစ်နှစ်ဆက်တိုက် ဖော်ပြခံရခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ၏ငွေကြေး အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည့် သူမ၏အခန်းကဏ္ဍကြောင့် ဖော်ပြခံရခြင်းဖြစ်သည်။ မာကယ်သည် ဥရောပသမဂ္ဂ၏သံမဏိ အမျိုးသမီးနှင့် ယူရိုဇုန်စီးပွားရေး အကျပ်အတည်းတွင် ခေါင်းဆောင် Player တစ်ဦးဖြစ်ကြောင်း ဖော့စ်ဘ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီသည် ပြီးခဲ့သည့် ၁၂ လအတွင်း ခက်ခဲရှုပ်ထွေးလှသည့် သံတမန်ဆက်ဆံရေးကို ကိုင်တွယ် ဖြေရှင်းခဲ့သူတစ်ဦးဟု ဖော့စ်ဘ်တွင် ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံရေးဆိုင်ရာ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်  ပြည်တွင်းလုံခြုံရေးဝန်ကြီး ဂျဲနက်နာပိုလီတာနိုသည် ဖော့စ်ဘ်၏ စာရင်းတွင် နံပါတ် (၉) နေရာ၌ ဖော်ပြခံခဲ့ရသည်။ နာပိုလီတာနိုသည် ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာန၏ ပထမဆုံး အမျိုးသမီး အကြီးအကဲတစ်ဦးလည်း ဖြစ်သည်။

ဖော့စ်ဘ်၏ သြဇာလွှမ်းမိုးမှု အရှိဆုံး အမျိုးသမီးစာရင်း  ၁၀၀ ၏ ထိပ်တန်းနေရာများတွင် နိုင်ငံရေး နယ်ပယ်မှ အမျိုးသမီးများစွာ ဖော်ပြခံခဲ့ရသည်။

အိန္ဒိယအမျိုးသားကွန်ဂရက် ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီသည် အဆို ပါစာရင်း၏ နံပါတ် (၆) နေရာတွင် လည်းကောင်း၊ အမေရိကန်သမ္မတ ကတော် မီရှဲလ်အိုဘားမားသည် နံပါတ် (၇) နေရာတွင် လည်းကောင်း၊ အာဂျင်တီးနားသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ကာ့ခ်ျနာသည် နံပါတ် ၁၆ နေရာတွင်လည်းကောင်း အသီးသီး ရပ်တည်ခဲ့သည်။

မြန်မာနိုင်ငံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် နံပါတ်  ၁၉ နေရာတွင် ရပ်တည်ခဲ့ပြီး ဗြိတိန်ဘုရင်မ အလိဇဘက်သည် နံပါတ် ၂၆ နေရာတွင် လည်းကောင်း၊ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလက်ဒ်သည် ၂၇ နေရာ တွင် လည်းကောင်း၊ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်သည် နံပါတ် ၃၀ နေရာ တွင် လည်းကောင်း ရပ်တည်ခဲ့ကြသည်။ သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ထိပ်တန်း ၁၀ ဦးတွင် Bill & Melinda Gates  ဖောင်ဒေးရှင်းမှ တွဲဖက်ဥက္ကဋ္ဌဖြစ်သူ မလင်ဒါဂိတ်စ်သည် နံပါတ် (၄) နေရာ၊ နယူးယောက်တိုင်းမ် အမှုဆောင်အယ်ဒီတာ ဂျီးလ်အေဘရာဆမ်သည် နံပါတ် (၅) နေရာ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ္စတင်းလာဂါဒီသည် နံပါတ် (၈) နေရာနှင့် ဖေ့စ်ဘွက်ခ်၏ COO ဖြစ်သူ ရှာလီဆန်ဘာ့ဂ်ျ သည် နံပါတ် (၁၀) နေရာတွင် ဖော်ပြခံခဲ့ရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ အဆိုတော် လေဒီဂါဂါသည် နံပါတ် ၁၄ နေရာတွင် ဖော်ပြခံခဲ့ရပြီး အဆိုပါစာရင်း၌ အသက်ငယ်ဆုံးအမျိုး သမီးဖြစ်သည်။      

သြဇာအရှိဆုံး အမျိုးသမီးများစာရင်းပါ ထင်ရှားသူအချို့

စီအီးအိုအသစ်များ
ယခုနှစ်ထုတ်ပြန်သည့် စာရင်းတွင် အမျိုးသမီးစီအီးအိုသစ် ခုနှစ်ဦး ပါဝင်လာခဲ့သော်လည်း အများစုမှာ ရင်းနှီးကျွမ်းဝင်ပြီးသား သူများ ဖြစ်သည်။
ဂူလ်ဂဲအမှုဆောင်နှင့် အဓိက ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးအဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု အခါ Yahoo တွင် ဥက္ကဋ္ဌနှင့် စီအီးအို ဖြစ်လာခဲ့သူ မာရစ်ဆာမေယာ၊ ebay ၏အမှုဆောင် အရာရှိချုပ်ဟောင်း တစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ  HP ကို ဦးဆောင်နေသည့် မဂ်ဝှစ်မန်၊ J&J မှ ထွက်ပြီး Avon  စီအီးအိုဖြစ်လာသူ  Sheri MaCoy ၊ IBM စီအီးအို Ginni Rometty ၊ ဘရာဇီး၏ Petrobras သဘာဝဓာတ်ငွေ့ကုမ္ပဏီ၏ စီအီးအို Mari das Gracas Silva Foster ၊ Wal-Mart ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Sam's Club ၏ ထိပ်ဆုံးရာထူးအထိ တိုးမြှင့်ရရှိခဲ့သည့် Risalid Brewer နှင့် Digitas ၏ ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့ ပြီး ယခုအခါ Time Inc. ၏ စီအီးအို ဖြစ်လာသူ Laura Lang တို့သည် ထိပ်တန်း ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ သည်။ Risalid Brewer သည် Wal-Mart ကုမ္ပဏီခွဲ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည့် ပထမဆုံးသော အမေရိကန်-အာဖရိကန် အမျိုးသမီးလည်း ဖြစ်သည်။

နည်းပညာနယ်ပယ်မှ အမျိုးသမီးများ
ဖော့စ်ဘ်၏ သြဇာလွှမ်းမိုးမှု အရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် ဖေ့စ်ဘွက်ခ်၏ COO ဖြစ်သူ ရှာလီဆန်ဘာ့ဂ်ျ၊ ဂူလ်ဂဲ၏ ဒုတိယဥက္ကဌ Susan Wojcicki ၊ HTC ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌ Cher Wang နှင့် Sing Tel  အုပ်စု စီအီးအို Chua Sock Koong တို့ ပါဝင်သည့်နည်းပညာ နယ်ပယ်မှ အမျိုးသမီး ၁၆ ဦး ဖော်ပြခံခဲ့ရသည်။ ဖော့စ်ဘ်၏ ၂၀၁၂ ခုနှစ် စာရင်းတွင် နည်းပညာနယ်ပယ်ကို ကဏ္ဍသစ်တစ်ခု အနေဖြင့် ထည့်သွင်း ဖော်ပြခဲ့သည်။

အမျိုးသမီးစွန့်ဦး တီထွင်သူများ
အော်ဖရာဝင်းဖရေး၊ Arianna Huffington၊ Diane Von Fursten-berg၊ တရုတ် အိမ်ခြံမြေသန်းကြွယ် သူဌေး Zhang Xin၊ Zara တည်ထောင်သူနှင့် ဘီလျံနာ Rosalia Mera နှင့် အိန္ဒိယ၏ပထမဆုံး ဇီဝနည်းပညာ စွန့်ဦးတီထွင်သူ Krian Mazumdar Shaw တို့သည်လည်း ဖော့စ်ဘ်၏ စာရင်းထဲတွင် ပါဝင်ခဲ့သည်။

အနုပညာနယ်ပယ်မှ အမျိုးသမီးများ
အနုပညာရှင်များသည် အနုပညာလုပ်ငန်းအပြင် ပရဟိတလုပ်ငန်းများ၊ ကုလသမဂ္ဂ၏သံတမန် အဖြစ်ခန့်အပ်ခံရမှုများနှင့် စီးပွားရေး လုပ်ငန်းများတွင် အောင်မြင်မှုခဲ့မှု များကြောင့် ဖော့စ်ဘ်၏ စာရင်းတွင် ဖော်ပြခံရခြင်းဖြစ်သည်။
Born This Way ဖောင်ဒေးရှင်းတည်ထောင်သူ အဆိုတော် လေဒီဂါဂါ၊ အာဖရိကရှိ မိန်းကလေးများ အတွက် The Oprah Winfrey Leadership Academy တည်ထောင် သူအော်ပရာဝင်းဖရေး၊ ကုလသမဂ္ဂ သံတမန်များဖြစ်သည့် အဆိုတော် ရှာကီယာနှင့် သရုပ်ဆောင် အင်ဂျလီနာဂျိုလီ၊ ဘရာဇီးမော်ဒယ်ွ Gisele Bundchen  နှင့် အဆိုတော်ဂျနီဖာလိုပက်ဇ်တို့သည်လည်း ၂၀၁၂ ခုနှစ် ကမ္ဘာ့သြဇာလွှမ်းမိုးမှု အရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် ထည့်သွင်း ဖော်ပြခံရသည်။

ပါဝင်သူအချို့၏ ကိုယ်ရေးအကျဉ်း

အင်ဂျလာမာကယ်(ဂျာမနီဝန်ကြီးချုပ်)
အသက် ။ ၅၈ နှစ်
နေရပ် ။ ဘာလင်၊ ဂျာမနီ
နိုင်ငံသား ။ ဂျာမနီ
ပညာအရည်အချင်း ။Doctorate, Leipzig University? Master of Science, Leipzig University
အိမ်ထောင်ရှိ၊မရှိ ။ ရှိ
ကမ္ဘာ့သြဇာလွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး ၁၀၀ စာရင်း၏ပထမနေရာ တွင် နှစ်နှစ်ဆက်တိုက် ဖော်ပြခံခဲ့ရသည် ဂျာမနီဝန်ကြီးချုပ်အင်ဂျလာမာ ကယ်သည် ဥရောပ၏ သံမဏိအမျိုးသမီးနှင့် ယူရိုဇုန်စီးပွားရေးအကျပ် အတည်းတွင် အဓိကပါဝင်ခဲ့သူဖြစ်သည်။ ဂရိ၊ စပိန်၊ အီတလီနှင့် ပေါ်တူဂီ နိုင်ငံတို့သည် စီးပွားရေးပြိုလဲမှုတစ်ခု၏ ချောက်ကမ်းပါးစွန်းတွင် ယိမ်းယိုင် နေစဉ် ဥရောပဇုန် ၁၇ နိုင်ငံကို ထိန်းသိမ်းရန် သူမ၏အာဏာဖြင့်လုပ် ဆောင်သွားမည်ဟု မာကယ်က ကတိပြုခဲ့သည်။ ကျိုတိုသဘောတူညီမှုကို သက်တမ်းတိုးရန် နိုင်ငံတကာခေါင်းဆောင်များအား မာကယ်က တိုက်တွန်း ခဲ့သည်။ မာကယ်သည် ၀န်ကြီးချုပ်တာဝန်ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် လူထုထောက်ခံမှုနှုန်း ၇၀ ရာခိုင် နှုန်းနီးပါးရှိနေသည်။

ဟီလာရီကလင်တန်(အမေရိကန်နိုင်ငံခြားရေးဝန်ကြီး)
အသက် ။ ၆၄ နှစ်
နေရပ် ။ ၀ါရှင်တန်၊ ဒီစီ
နိုင်ငံသား ။ အမေရိကန်
ပညာအရည်အချင်း ။ Bachelor of Arts/Science, Wellesley College; Master of Laws, Yale University
အိမ်ထောင် ရှိ၊မရှိ ။ ရှိ၊
သား၊သမီး ။ တစ်ဦး
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏အချိန်များစွာကို ခရီးသွား ခြင်းဖြင့် ကုန်ဆုံးခဲ့ရသည်။ ဟီလာရီသည် ၂၀၁၂ ခုနှစ် တစ်နှစ်တည်းတွင် နိုင်ငံပေါင်း ၄၂ နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဟီလာရီသည် ပြီးခဲ့သည့် ၁၂ လ အတွင်း ခက်ခဲသည့်အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ကို ရာထူးစွန့်လွှတ်ရန်နှင့် နိုင်ငံတွင်းမှ ထွက်ခွာရန် ဟီလာရီက တိုက်တွန်းခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုလည်း ၎င်းင်း၏ဖခင်နှင့် ကွဲပြားခြားနားမှုရှိသော လမ်းကြောင်း တစ်ခုကို ရေးဆွဲရန် ဟီလာရီကလင်တန်က သတိပေးခဲ့သည်။

ဒီလ်မာရူးဆက်ဖ် (ဘရာဇီးသမ္မတ)
အသက် ။ ၆၄ နှစ်
နေရပ် ။ ဘရာဇီးလီးယား၊ ဘရာဇီး
နိုင်ငံသား ။ ဘရာဇီး
ပညာအရည်အချင်း ။ Bachelor of Arts/Science,Federal University of Rio Grande do Sul
အိမ်ထောင် ရှိ၊မရှိ ။ ကွာရှင်းထား၊
သား၊သမီး ။ တစ်ဦး
ဒီလ်မာရူးဆက်ဖ်သည် ၎င်း၏သမ္မတ ပထမသက်တမ်းနှစ်ဝက်အတွင်း ဆင်းရဲမွဲတေမှုများကို အမြစ်ဖြတ်နှိမ်နင်းရန်နှင့် ပညာရေး၊ ကျန်းမာရေးစောင့် ရှောက်မှုနှင့် သန့်ရှင်းရေး လုပ်ငန်းများအတွက် ရည်ရွယ်သည့်(Brazil Without Misery) အစီအစဉ်၊ စီးပွားရေးတိုးတက်မှုနှင့် တီထွင်ဖန်တီးမှုများ၊ ၀န်ဆောင်မှုများအား အာရုံစိုက်သည့် အစီအစဉ်များပြုလုပ်ခဲ့သည်။ “ဘရာဇီး နိုင်ငံကို လူလတ်တန်းစားတွေ တိုးပွားဖို့၊ ယှဉ်ပြိုင်မှုတွေမြင့်မားဖို့နဲ့ ပညာတတ်တွေ များပြားတဲ့ နိုင်ငံတစ်ခု ဖြစ်စေချင်ပါတယ်”ဟု ရူးဆက်ဖ်ကဖော့စ်ဘ် မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်၊ မြန်မာ)
အသက် ။ ၆၇ နှစ်
နေရပ် ။ ရန်ကုန်၊ မြန်မာ
နိုင်ငံသား ။ မြန်မာ
ပညာအရည်အချင်း ။ B.A. Philosophy, Politics and Economics, St Hugh's College, Oxford? PhD,School of Oriental and African Studies, University of London
အိမ်ထောင်ရှိ၊မရှိ ။ ခင်ပွန်းကွယ်လွန်၊
သား၊သမီး ။ နှစ်ဦး
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီလှုပ်ရှားမှုကို ကမ္ဘာနှင့်အ၀န်း အသိအမှတ်ပြုခဲ့သည်။ ဆယ်စုနှစ်နှစ်ခုနီးပါး နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံရမှုမှ လွတ်မြောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ရွေးချယ်ခံခဲ့ပြီး သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်အမတ်နေရာ ၄၅ နေရာ အနက် ၄၃ နေရာကို အနိုင်ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် နိုဘယ်ဆုအတွက်  လက်ခံမိန့်ခွန်းပြောကြားခဲ့သည်။ ဥရောပခရီးစဉ် အတွင်း ဗြိတိန်ပါလီမန်၏ လွှတ်တော်နှစ်ခုလုံးတွင် အလိဇဘက်ဘုရင်မပြီးလျှင် ပထမဆုံးမိန့်ခွန်း ပြောကြားခွင့်ရသည့် အမျိုးသမီး ဖြစ်လာခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့ပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာသိ ဒီမိုကရေစီ ရှေ့ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ 

Ref: Eleven


မိုက်ခရိုဆော့ဖ်က ၂၅ နှစ်အတွင်း ပထမဆုံး လိုဂိုဒီဇိုင်းပြောင်းလဲ

ဝင်းဒိုးစ်အသစ်နှင့် ဟာ့ဒ်ဝဲများပါထုတ်လုပ်တော့မည့် မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းသည် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြောင်းလဲလိုက်သည့် လိုဂိုဒီဇိုင်းကို သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ပြသခဲ့သည်။
ဝါစိမ်းနီပြာ လေးရောင်ခြယ် အကွက်လေးကွက်ကို ပြောင်းလဲခြင်းမရှိသော်လည်း ယင်းအကွက်လေးကွက်ကို အလံလွင့်နေသလို စောင်းထားခြင်းကို ဆက်မသုံးတော့ဘဲ လေးထောင့်အတုံးလိုက်ပုံစံအဖြစ် ပြောင်းလဲလိုက်ပြီး ဘေးတွင် မိုက်ခရို ဆော့ဖ်ဆိုသော စာသားကိုရေးထိုးထားသည့်အသွင်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
မိုက်ခရိုဆော့ဖ်သည် မကြာမီလပိုင်းအတွင်း ၀င်းဒိုးစ်-၈ ကွန်ပျူတာမောင်းနှင်စနစ်၊ Office စနစ်သစ်၊ ဖုန်းဆော့ဖ်ဝဲသစ်နှင့် သင်ပုန်းကွန်ပျူတာများကို ထုတ်လုပ်တော့မည်ဖြစ်သည်။
၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လိုဂိုဒီဇိုင်းပြောင်းလဲမှုကို ယခုအခါ မိုက်ခရိုဆော့ဖ်ဝက်ဘ်ဆိုက်တွင် စတင်သုံးစွဲနေပြီဖြစ်သည်။ 

Ref: Reuters

အက်ပဲလ်နှင့် ဆမ်ဆောင်းတို့ မူပိုင်ခွင့်များ အပြန်အလှန် ချိုးဖောက်ခဲ့ကြောင်း တောင်ကိုရီးယားတရားရုံး ဆုံးဖြတ်


အက်ပဲလ်နှင့် ဆမ်ဆောင်းတို့သည် မူပိုင်ခွင့်များ အပြန်အလှန်ချိုး ဖောက်ခဲ့ကြောင်း တောင်ကိုရီးယားတရားရုံးတစ်ရုံးက သြဂုတ်လ ၂၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။ အပြန်အလှန် နစ်နာကြေးများ ပေးအပ်ရန်နှင့် နှစ်ဖက်စလုံးမှ ကုန်ပစ္စည်းအချို့ကို ယာယီပိတ်ပင်ရန် ရုံးတော်က အမိန့်ချခဲ့သည်။
နိုင်ငံတကာတွင် မူပိုင်ခွင့်ဆိုင်ရာ တရားရင်ဆိုင်မှုများ၌ အက်ပဲလ်က အသာရနေသော်လည်း ဆမ်ဆောင်းကုမ္ပဏီတည်ရှိရာ တောင်ကိုရီးယားတွင်မူ ဆမ်ဆောင်းက ဆုံးဖြတ်မှု၌ အသာရခဲ့သည်။ အက်ပဲလ်သည် ဆမ်ဆောင်း၏ ၀ိုင်ယာလက်မူပိုင်ခွင့်နှစ်ခုကို ချိုးဖောက်ခဲ့ပြီး ဆမ်ဆောင်းသည် အက်ပဲလ်၏ Utility မူပိုင်ခွင့်တစ်ခုကို ချိုးဖောက်ခဲ့သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ဆမ်ဆောင်းက အက်ပဲလ်၏ ဒီဇိုင်းများကို ကူးယူခဲ့  သည်ဟု အက်ပဲလ်၏ စွဲချက်ကိုမူ တရားရုံးက ပယ်ချခဲ့သည်။
အက်ပဲလ်၏ iPhone နှင့် ဆမ်ဆောင်း၏ Galaxy ဖုန်းများ နှိုင်းယှဉ်ပါက တူညီမှုအချို့ရှိသော်လည်း သုံးစွဲသူများသည် နှစ်ခုအကြား ကွဲပြားခြားနားမှုကို လွယ်ကူစွာခွဲခြားနိုင်ပြီး ဒီဇိုင်းသဘောအရ ကွဲပြားခြားနားစွာ ခံစားရမှုရှိကြောင်း  ဆိုးလ်အလယ်ပိုင်းခရိုင် တရားသူကြီး ဘေဂျွန်ဟွန်းက သုံးသပ်ခဲ့သည်။
ဆမ်ဆောင်းသည် အက်ပဲလ်၏ နည်းပညာဖြစ်သော ဖန်သားပြင် အစွန်းအထိ လက်ဖြင့်ဆွဲလိုက်ပါက ပြန်ကန်ထွက်ပြီး မြင်တွေ့ရသည့် ဖန်သားပြင် အနေအထား ပုံမှန်အတိုင်း မပျက်မယွင်းဖြစ်စေသည့် နည်းပညာ၊ အက်ပဲလ်စက်များတွင် ပါရှိသည့် Slide to Unlock နည်းပညာတို့ကို ကူးယူခဲ့ကြောင်း တရားသူကြီးက သုံးသပ်သည်။
တောင်ကိုရီးယားတွင် အက်ပဲလ်၏ iPhone 3GS ၊ iPhone 4 ၊ iPad 1  ၊ iPad 2 တို့ ရောင်းချမှု ပိတ်ပင်ရန်နှင့် ဆမ်ဆောင်း၏ Galaxy Series မှ Galaxy S ၊ Galaxy SII ၊ Galaxy Tab ၊ Galaxy Tab 10.1 တို့ ရောင်းချမှု ယာယီပိတ်ပင်ရန်လည်း ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ကုမ္ပဏီနှစ်ခုစလုံး၏ နောက်ဆုံးထုတ်ပစ္စည်းများဖြစ်သော iPhone 4S ၊ New iPad ၊ Galaxy SIII တို့မှာ ပိတ်ပင်ခံရသည့်အထဲတွင် မပါဝင်ခဲ့ပေ။
ဆုံးဖြတ်ချက်သည် ချက်ချင်းအသက်ဝင်မည်ဖြစ်သော်လည်း အမှန်တကယ် ပိတ်ပင်ရေးအတွက် အချိန်ယူရမည်ဖြစ်သလို အယူခံဝင်ခွင့်လည်း ရှိမည်ဖြစ်သည်။ အက်ပဲလ်က ဆမ်ဆောင်းကို နစ်နာကြေး ၀မ်သန်း ၄၀ (ဒေါ်လာ ၃၅၃၀၀)ပေး ရမည်ဖြစ်ပြီး ဆမ်ဆောင်းက အက်ပဲလ်ကို ၀မ် ၂၅ သန်း (ဒေါ်လာ ၂၂၁၀၀)သာ ပေးရမည်ဖြစ်သည်။

Ref: Eleven

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး


(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရှိခြင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တောထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။

Buddhism Beams (Myanmar) မှ ပြန်လည်ဖော်ပြပါသည်။ 

သူရဿတီနတ်သမီးအကြောင်း




သူရဿတီနတ်သမီးကိုးကွယ်မှု၊ သူရဿဂါထာရွတ်ဆိုမှု၊ သူရဿသည် ပိဋကတ်သုံးပုံကို စောင့်သည်ဟူသော ယုံကြည်မှု၊ ယင်းတို့ကို အစဉ်အလာအရ လက်ခံဆောင်ရွက်နေကြခြင်းမှာ ထေရဝါဒ ပိဋကတ်တော်များနှင့် လျော်ညီခြင်းမရှိပါ။ ပိဋကတ်သုံးပုံကို သူရဿတီနတ်သမီး စောင့်သည်မှာလည်း လုံးဝမမှန်ပါ။ ထေရဝါဒပိဋကတ်တော်နှင့် သူရဿတီနတ်သမီးသည် ဘာမျှ မပတ်သက်ပါ။ သို့စင်လျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ် ထွန်းလင်းတောက်ပရာ မြန်မာ့ရေမြေတောတောင်တွင် သူရဿတီကိုးကွယ်မှု၊ သူရဿတီဂါထာ ရွတ်ဆိုမှုများကို ကိုယ်တိုင်ပြုခြင်း၊ သူတစ်ပါးအား ပြုမှုစေရန် ဖြားယောင်းသွေးဆောင်လျက် ဟောပြောခြင်း၊ ရေးသားခြင်းများ ရှိနေဆဲဖြစ်သည်မှာ အံ့ဩဖွယ်ရာလည်းဖြစ်၊ ဝမ်းနည်းဖွယ်ရာလည်း ဖြစ်ပါ၏ ။ 
သူရဿတီနတ်သမီးပုံတော်ကို ရေးစား၊ ရိုက်စား၊ ရောင်းစားခြင်းဖြင့် စီးပွါးရှာနေကြသူများသည်လည်း မိမိတို့၏ စီးပွါးရှာမှုသည် သာသနာတော်ကို ပြုရာရောက်သလော၊ ဖျက်ရာရောက်သလောဟု ဆန်းစစ်သင့်ကြပေပြီ။ လွဲမှားသော ကိုးကွယ်ရာဖြစ်သည့် "သူရဿတီနတ်သမီး ကိုးကွယ်မှု" ကို မြန်မာ့ရေမြေတောတောင်တွင် လုံးဝချုပ်ငြိမ်းပပျောက်စေရန် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိပါသည်။ သူရဿတီနတ်သမီးနှင့် ပတ်သက်၍ ဘဒ္ဒန္တ တိလောကသာရ ဆရာတော်ဘုရား (ရဝေထွန်း) က အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ ဟောကြားတော်မှုချက်ကို အလေးအနက် ဂရုဓမ္မပြုအပ်လှပါ၏။ 

"သူရဿတီဟူသည်မှာ အိန္ဒိယမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်အတွင်းရှိ မြစ်တစ်ခု၏ နာမည်ဖြစ်သည်။ ထိုမြစ်ကို ရှေးဟိန္ဒူအာရိယန်များ အထွတ်အမြတ်ထားရာမှ မြစ်ကို နတ်တစ်ပါးအနေဖြင့် ကိုးကွယ်လာကြကြောင်း၊ က္ကတ္တိလိင် (သဒ္ဒါ)၊ မြစ်နဒီမှ နတ်သမီးဖြစ်လာကာ သူရဿတီမြစ်သည် သူရဿတီနတ်သမီး မဟုတ်တော့ဘဲ ဗြဟ္မာကြီး၏ဇနီး နတ်ဘုရားမတစ်ပါးဖြစ်လာပြီး ဝါစာ=စကားကို အစိုးရသည်၊ ကဗျာ၊ လင်္ကာ၊ စာပေ၊ ပညာတို့ကို ပေးစွမ်းနိုင်သည်ဟု ယူဆလာကြလျက် ယင်းတို့အတွက် ဗြဟ္မာဏဝါဒီတို့က ပိုမိုကိုးကွယ်လာခဲ့ကြောင်းဖြင့် မှတ်သားရပါသည်။ 

ထို့ကြောင့် သူရဿတီမှာ ဗုဒ္ဓဘာသာနှင့် လုံးဝမသက်ဆိုင်၊ ဗြဟ္မာဏဝါဒီတို့ဆိုင်ရာ နတ်သာ ဖြစ်သည်။ ဗြဟ္မာဏတို့၏ တန္တရ၊ မန္တရတို့ကိုလက်ခံသော မဟာယာနဗုဒ္ဓဘာသာတို့ကလည်း သူရဿတီကို လက်ခံခဲ့သဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာတွင် အတန်ကြာကပင် သူရဿတီကိုးကွယ်မှု ရှိလာသည်။ နီပေါပြည်တွင် ယခုအထိ ဟိန္ဒူဘာသာဝင်များနှင့်အတူ မဟာယာနဗုဒ္ဓဘာသာဝင်များလည်း သူရဿတီကို ကိုးကွယ်မှုပြုခဲ့ကြောင်း သိရသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ပိဋကတ်သုံးပုံစောင့်မယ်တော်ကြီးဟု ဖြစ်လာရသည်မှာ ဤသို့ဖြစ်ပါသည်။ သက္ကတ အလင်္ကာကျမ်းကို အမှီပြု၍ သီဟို၌ကျွန်း၊ အရှင်မဟာသံဃရက္ခိမထေရ်သည် သုဗောဓာ (ပါဠိအလင်္ကာ) ကျမ်းကို စီရင်ရာတွင် သက္ကတအလင်္ကာကျမ်းက ဝါဏီ-ဗေဒင်သုံးပုံစောင့် သူရဿတီနတ်သမီးကို ရှိခိုးပဏာမပြုသကဲ့သို့ "သရဏံ ပါဏိနံ ဝါဏီ မယှံပိဏယတံမနံ" ဟုဘုရားစကားတော် ပိဋကတ်တော်တည်းဟူသော သူရဿတီနတ်သမီးသည် အကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သိမ့်ပါစေဟု တင်စားသုံးလိုက်သည်။ ထိုစကားအမြွက်ဖြင့်ပင် သူရဿတီသည် ထေရဝါဒဗုဒ္ဓဘာသာနယ်ပယ်သို့ ရောက်လာပြီးလျှင် ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီမယ်တော်ဟူ၍ ဖြစ်လာရတော့သည်။ အမှန်အားဖြင့် ပိဋကတ်သုံးပုံကို မည်သည့်နတ်သား၊ နတ်သမီး၊ နတ်ဗြဟ္မာများမှ မစောင့်။ ပိဋကတ်အာဇာနည် ဗုဒ္ဓသားကျော် ရဟန်းတော်၊ သံဃာတော်များသာ စောင့်ကြပ်နေပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် သူရဿတီဂါထာတို့ကိုလည်း ရွတ်ဆိုနေရန်မလို။ သူရဿတီဂါသာအစစ်ဟူ၍လည်း ဗုဒ္ဓစာပေ၌ မရှိ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာ မရှိပါ။" 

Buddhism Beams(myanmar)  မှ ပြန်လည်ဖော်ပြပါသည်။

နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မောင်းနှင်အားများ

မောက္ခမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။


တိုင်းပြည်တခုမှာ ရွေးကောက်ပွဲ ကျင်းပနေလျှင် ဒီမိုကရေစီ ရှိနေပြီးဟု ယူဆမှုများ ရှိနိုင်ပါသည်၊ အမှန်မှာ ဒီမိုကရေစီသည် တရားဥပဒေ စိုးမိုးမှုတည်းဟူသော အခြေခံ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားရခြင်းဖြစ်သည်။ အတိအကျဆိုရင်လျှင် ဒီမိုကရေစီ၏ အောက်ခြေတွင် တဦးချင်း လွတ်လပ်မှုနှင့် တဦးချင်း ပစ္စည်းဥစ္စာပိုင်ဆိုင်မှု လုံခြုံစိတ်ချရမှုတို့အတွက် ကိုယ်စားပြုမှု ရှိပြီး ဖွဲ့စည်းပုံအရ အုပ်ချုပ်သော အစိုးရစနစ်ဖြင့်အာမခံထားခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်တရာကျော်ကျော်ကို နောက်ကြောင်း ပြန်ကြည့်လျှင် ကျွန်ုပ်တို့၏ အဘိုးအဘွားများ၏ ခေတ်တွင် လေယာဉ်ပျံမရှိ။ တယ်လီ ဖုန်း မရှိ။ ယနေ့ခေတ်ကဲ့သို့ ဆေးဝါးများလည်း အဆင်သင့်မရှိ၊ လေအေးပေးစက်၊ ဈေးဝယ်ကုန်တိုက်ကြီးများ၊ ရေဒီယို၊ ရုပ်ရှင် ဘာတခုမျှ မရှိသေး။ စက်ရုပ်နှင့်ကွန်ပြူတာဆို ဝေးရော။  နောက်ထပ် မျိုးဆက်တချို့ကို ပြန်ဆုတ်ကြည့်လိုက်လျှင် နည်းပညာနှင့် လူနေမှု အဆင့် အတန်းက ပို၍ပင် နိမ့်ကျသောအခြေအနေတွင် ထိုခေတ်က ဘေးဘိုးများ မည်သို့မည်ပုံ အသက်ရှင်ခဲ့သည်ကိုပင် မစဉ်းစားတတ်အောင် ဖြစ်နိုင်ပါသည်။
ထို့နောက် သောမတ် အက်ဒီဆင်ကဲ့သို့ စွန့်ဦးတီထွင်သူ သိပ္ပံပညာရှင်များ ပေါ်ပေါက်လာသည်။ ထိုသို့တီထွင်မှုသည် ပုဂ္ဂလိက ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအခွင့်အရေး၊ အခွင့်အရေးတန်းတူရည်တူ စီးပွားရေးအင်စတီကျူးရှင်းများက မွေးထုတ်ခဲ့ခြင်းဖြစ်သည်။  ယနေ့ခေတ်တွင်လည်း Bill Gate၊ Steve Jobs တို့ကဲ့သို့သော အိုင်တီပညာရှင်၊ နယူးကလီယားပညာရှင်၊ ခေတ်မှီဇီဝပညာရှင်၊ တခြားနယ်ပယ်အသီးသီးမှ ပညာရှင် များသည် အမေရိကား မြေပေါ်မှ ပေါ်ထွက်လာခဲ့သည်။  Samsung၊ Hyundai တို့ကဲ့သို့ နည်းပညာအဆင့်မြင့် ထုတ်ကုန်များကို ထုတ်လုပ် နေသော နိုင်ငံသည် မြောက်ကိုရီယား မဟုတ်ဘဲ တောင်ကိုရီးယားဖြစ်နေသည်၊  မက္ကဆီကိုက အက်ဒီဆင်၊ Bill Gate၊ Steve Jobs ကို ဘာကြောင့် မမွေးထုတ်နိုင်သနည်း၊၊ နိုင်ငံရေးနှင့် စီးပွားရေး စနစ်များ၏ ရလဒ်ဖြစ်ပါသည်။ မြောက်ကိုးရီယားက Samsung၊ Hyundai တို့ကဲ့သို့ နည်းပညာ အဆင့်မြင့် ကုမ္မဏီများမရှိသနည်း၊ နိုင်ငံရေးနှင့် စီးပွားရေး စနစ်များကြောင့်ဆိုသည်မှာ ရှင်းပါသည်။
မြောက်ကိုရီးယားတွင် ၁၉၄၇ ခုနှစ်မှ စ ၍ ပုဂလိက ပိုင်ဆိုင်ခွင့်မှန်သမျှ ဖျက်သိမ်းခဲ့သည်။ ဈေးကွက်ကို လည်း ပိတ်ထားသည်။ ဈေးကွက် တွင်သာမက နယ်ပယ်အသီးသီးတွင် လွတ်လပ်မှုမရှိတော့၊ ဖိနှိပ်သော အစိုးရ (ကင်အီဆွန်း၊ ကင်ဂျုံဧ) နှင့် ခရိုနီတစုကသာ နိုင်ငံရေး၊ စီးပွားရေး အထူးအခွင့်အရေးကို ခံစားကြသည်၊ တခြားသူများ၏ ပုဂလိက ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို အားမပေးချင်၊ ဈေးကွက်စီးပွားရေး နစ်ကို မကျင့်သုံးချင်၊ ပုဂလိက ကဏ္ဍကို အားမပေး၊ ထို့ကြောင့် မြောက်ကိုရီးယားသည် စီးပွားရေးအရ ထိုင်းမှိုင်း ရပ်တန့်နေခဲ့သည်။
၁၉၅၀ တ၀ိုက်က တောင်ကိုရီယားက ပြောင်းပြန်ဖြစ်သည်။ စီးပွားရေးအင်စတီကျူးရှင်းက ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကို အားပေးသည်။ စွန့်ဦးတီထွင်သူ လူငယ်လေးတဦးသည် ဘဏ်မှ ငွေချေးနိုင်သည်။ ကိုယ်ပိုင် ကုန်စည်နှင့် ၀န်ဆောင်မှုများကို ထုတ်ရောင်းနိုင်သည်။ အမြော်အမြင်ရှိသော နိုင်ငံရေးသမားများက ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြသည်။ ပညာ တတ်မြောက်မှုနှုန်းမြင့်မားသည်။ တောင်ကိုရီယားကုမ္ပဏီများသည် ပညာတတ်များကို စီးပွားရေး လုပ်ငန်းများတွင် ပြန်၍ သုံးနိုင်ကြသည်။ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလက်မှု လုပ်ငန်းထွန်းကားရေး၊ ပို့ကုန်၊ နည်းပညာရေးဖလှယ်ရေးကို အားပေးသော စီးပွားရေးစနစ်ကြောင့် အကျိုးပိုဖြစ်ကြသည်။ သို့နှင့် တောင် ကိုရီယားသည် အာရှတွင် စီးပွားရေး ရွှေထီးဆောင်းသော နိုင်ငံ၊ ကမ္ဘာပေါ်တွင် စီးပွားရေး တိုးတက်မှုနှုန်း အမြန်ဆုံးနိုင်ငံဖြစ်လာသည်။
နောက်ထပ် နှစ် ၅၀ အကြာ (၁၉၉၀ ပြည့်လွန်နှစ်များ) တွင် တောင်ကိုရီယားက ကြီးပွားချမ်းသာသွားပြီး ဆယ်ဆမကနောက်ကျကျန်ခဲ့သော မြောက်ကိုရီယားတွင် မြောက်ကိုရီးယားတွင် ပြည်သူ သန်းချီပြီး ဆင်းရဲ ငတ်ပြတ်နေကြသည်။
အကြောင်းရင်းက ရှင်းပါသည်။ မြောက်ကိုရီးတွင် မျိုးဆက်သစ်များသည် ဆင်းရဲတွင်းထဲမှာ ကြီးပြင်းလာကြသည်။ စွန့်ဦးတီထွင်မှု၊ ဖန်တီးမှု ဓလေ့များနှင့် ကြီးပြင်းလာကြခြင်းမဟုတ်။ လုံလောက်သော ပညာရေးလည်း မရခဲ့ကြ။ ပညာရေး ဆိုသည်မှာ အစိုးရ သက်ဆိုးရှည်ရေး အတွက်  ၀ါဒဖြန့်ချိရေးသက်သက်အတွက်သာ အသုံးချခံဖြစ်နေသည်။ ကျောင်းတွင် ကွန်ပြူတာမဆိုထားနှင့် စာအုပ်ပင် အပြည့်အစုံမရှိ၊ မစို့မပို့။ ကျောင်းပြီးသောအခါ လူတိုင်း စစ်တပ်ထဲတွင် ၁၀ နှစ် စစ်မှုထမ်းကြရသည်။ ပုဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်၊ လုပ်ငန်းလုပ်ကိုင်ခွင့်နှင့် ကြီးပွားရာကြီးပွားကြောင်း ကြိုးစားခွင့်လည်းမရှိပေ။
မြောက်ကိုးရီယားကဲ့သို့ နောက်ထပ် ဥပမာများစွာရှိပါသည်။ ဥပမာ ဟေတီ၊ ကွန်ဂို တို့တွင် ကျောင်းမတက်နိုင်သော ကလေးများစွာရှိသည်။ ပညာရေး အရည်အသွေးကလည်း ညံ့ဖျင်းသည်။ ကျောင်းမှာ စာအုပ် အလုံအလောက်မရှိ။ ဆရာများက ကျောင်းမှာ စာလာမသင်၊ ထို့သို့ ပညာရေးလောက ချွတ်ခြုံကျနေရသည့် အဓိက အကြောင်းနှစ်ရပ်ဖြစ်နိုင်သည်။ စီးပွားရေးရူ့ထောင့်မှ ကြည့်လျှင် ကျောင်းက ပေးသော ပညာရေးက လက်တွေ့ဘ၀မှာ သုံးစားမရသောကြောင့် မိဘများက သူတို့ကလေးကို ကျောင်းမပို့ချင်။ နိုင်ငံရေးရူ့ထောင့် ကြည့်လျှင် အစိုးရ ကလည်း ပညာရေးကဏ္ဍကို လျစ်လျူရှုထားသည်။  
ထိုအတွက် ပေးရမည့်အဖိုးအခက မနည်းလှ၊ အလားအလာရှိသော ကလေးများကို လူ့အဖွဲ့အစည်း တိုးတက်စည်ပင်ရေးအတွက် အသုံး မချနိုင်တော့။ ဟေတီ၊ ကွန်ဂိုတို့တွင်လည်း ဘေးဂိတ် ကဲ့သို့ ဖြစ်လာနိုင်သော ပါရမီရှင်များ ရှိနိုင်သည်။ အိုင်စတိုင်းကဲ့သို့ ပါရမီရှင်များပင် တယောက်စ၊ နှစ်ယောက်စ ပါကောင်း ပါနိုင်သေးသည်။ သို့သော် ထိုကလေးငယ်များသည် ဆင်းဆင်းရဲရဲ၊ ပညာမတတ်သော လယ်သမား လေးများ ဖြစ်နေနိုင်သည်။ သို့မဟုတ်လည်း စစ်တပ်ထဲကို မ၀င်ချင်ဘဲ အတင်းဝင် နေရသည်လည်း ဖြစ်နိုင်သည်။
ပြန်ကောက်ရလျှင် အများကို လမ်းဖွင့်ပေးသောစီးပွားရေးအင်စတီကျူးရှင်း (Inclusive Economic Institution) သည် Inclusive Market ကို ဖန်တီးပေးသည်။ ရေရှည်ခံသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နည်းပညာတိုးတက်မှုမပါဘဲ မဖြစ်နိုင်။ ဆိုလိုသည်မှာ လူ (လုပ်အား)၊ မြေ၊ နှင့် အရင်းအနှီး (ဥပမာ အဆောက်အဦး၊ စက်ယန္တယား) များ၏ ထုတ်လုပ်မှုသည် အမြဲတမ်း တိုးတက်နေရန် လိုအပ်သည်။ ထိုသို့ တိုးတက်နေစဉ်ရန် ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှု၊ တရားဥပဒေစိုးမိုးမှုတို့ မရှိဘဲ မရနိုင်ပေ။
ပုဂလိက ပစ္စည်းပိုင်ဆိုင်မှု အာမခံချက်မရှိဆိုသော အဓိပ္ပါယ်မှာ လူအများစုကြီးကို စတေးပြီး အခွင့်ထူးခံ လက်တဆုပ်စာလူတစုက စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့်၊ မက်လုံးရှိကြပြီး ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ခဲ့ကြသော စနစ်ကို ဆိုလိုသည်။ မြောက်ကိုရီယား ဥပမာတွင် ကင်အီဆွန်း၊ ကင်ဂျုံဧ နှင့် ခရိုနီတစုကသာ နိုင်ငံရေး၊ စီးပွားရေး အထူးအခွင့်အရေးကို ခံစားကြသည့် ပုံစံမျိုးဖြစ်သည်၊ လူသန်းပေါင်းများစွာ ငတ်ပြတ်နေ၊ တိုင်းပြည်အတွက် အနာဂတ်မဲ့နေသော်လည်း အုပ်ချုပ်သူနှင့် ခရိုနီတစုအတွက် အခွင့်ထူးရနေသဖြင့် သူတို့က ထိုစနစ်ကို မပြောင်းလဲချင်ကြ။ (ကင်ဂျုံဧကွယ်လွန်သော်လည်း စနစ်ကို မပြောင်းလဲဘဲ ကင်ဂျုံအန်းနှင့် ဆက်စခန်း သွားနေသည်ကိုကြည့်ပါ)   စနစ်ကို မပြောင်းလဲသဖြင့် တိုင်းပြည်က ကျဆုံးပြီးရင်း ကျဆုံးရင်း အဆိုးသံသရာမှ ရုန်းမထွက်နိုင်ဖြစ်ရသည်။
အာရပ်ဦးဟု လူသိများသည့် အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုအုံကြွမှုများ တောမီးကဲ့သို့ မပျံ့နှံခင် (၂၀၁၁ ဇန်န၀ါရနီလ ၁၃ ရက်နေ့) တွင် နိုင်ငံတကာ နျူးကလီးယားထိန်းချုပ်ရေးအဖွဲ့ (IAEA) ၏ ညွန်ကြားရေးမှူချုပ်ဟောင်း မိုဟာမက် အယ်ဘာရာဒေးက သူ၏ တွစ်တာ စာမျက်နှာတွင် တူနီးရှား အခြေအနေသည် ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံး ဖြစ်နေပြီး ကြိုတင်နိမိတ်ဖတ်ခဲ့သည်။
“Tunisia: Repression + Absence of Social Justice + Denial of Channels for Peaceful Change = a ticking Bomb”
အဓိပ္ပါယ်မှာ ရှင်းလောက်ပါသည်။ ဖိနှိပ်မှုကြီးစိုး၊ လူမှုတရားမျှတမှု ဆိတ်သုဉ်း၊ ငြိမ်းချမ်းစွာ အပြောင်းအလဲလုပ်ရန် လမ်းပိတ်နေသော တူနီးရှားသည် ပေါက်ကွဲခါနီး ဗုံးတလုံးနှင့် တူသည်ဟုဆိုခဲ့ခြင်းဖြစ်သည်။
Related Posts Plugin for WordPress, Blogger...