လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အလုပ်လုပ်သည့်မိခင်များ ကျန်းမာရေးပိုကောင်း


အချိန်ပြည့် အလုပ်လုပ် နေသူ မိခင် များသည် အချိန်ပိုင်းသာ အလုပ် လုပ်သည့် မိခင်များ သို့မဟုတ် အကြောင်း ကိစ္စ တစ်ခုခု ကြောင့် အလုပ် မလုပ်သည့် မိခင်များထက် ပို၍ ကျန်းမာမှု ရှိကြောင်း သုတေသီ အဖွဲ့ တစ်ဖွဲ့က သြဂုတ် ၂ဝ ရက်တွင် ပြောကြားသည်။

ပင်ဆယ်ဗေးနီးယား ပြည်နယ်တက္ကသိုလ်နှင့် အာရွန်တက္ကသိုလ်မှ သုတေသီ အဖွဲ့တစ်ဖွဲ့သည် ၁၉၇၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်အတွင်း မိခင်ဘဝ ရောက်လာကြသူ အမျိုးသမီးပေါင်း ၂၅၄ဝ ဦး၏ အလုပ်လုပ်ဆောင်မှု သမိုင်းကို လေ့လာ ခဲ့ကြသည်။ ထိုသို့ လေ့လာ ခဲ့ကြရာတွင် ၄င်းအမျိုးသမီး များ၏ ကိုယ်ဝန် မဆောင်ခင် အလုပ်တာဝန် ထမ်းဆောင်ခြင်းနှင့် ကျန်းမာရေး အခြေအနေများ၊ ပထမသားဦး မွေးဖွားသည့် အသက် အရွယ် ကဲ့သို့သော  အချက်များကို လေ့လာ ခဲ့ကြသည်ဟု သိရသည်။

လေ့လာ တွေ့ရှိခဲ့သည့် အဖြေများ အရ ကလေး မီးဖွားပြီး မကြာမီ အချိန်အတွင်း ပြန်လည်၍ အချိန်ပြည့် အလုပ်လုပ် ခဲ့သူ မိခင်များသည် ခန္ဓာပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာတွင် ပို၍ ကျန်းမာမှု ရှိသကဲ့သို့ အသက် ၄ဝ အရွယ်တွင် ဖြစ်ပေါ် တတ်သည့် စိတ်ဓာတ် ကျဆင်းမှု မှာလည်း လျော့နည်းမှု ရှိကြောင်းကို တွေ့ရှိ ခဲ့ကြသည်။

အဆိုပါ တွေ့ရှိချက် များကြောင့် အလုပ်လုပ် ခြင်းသည် အမျိုးသမီး များ၏ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကို သာမက မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု၊ မိမိ၏ စွမ်းရည်နှင့် မိမိ၏ လုပ်ပိုင်ခွင့် စသည့် အရာများ အားလုံး အတွက် ကောင်းမွန် ကြောင်း အာရွန် တက္ကသိုလ်မှ လူမှုဗေဒ ပညာရပ် ဆိုင်ရာ လက်ထောက် ပါမောက္ဓ အက်ဒရိန်း ဖရက်ခ်ျက ပြောကြားသည်။

Ref: MWD 

ကျုံ့ပြီးပါကင်ထိုးနိုင်သော ကားများ ၂၀၁၃ တွင် စရောင်းမည်


From - Eleven : မြို့ပြကားပါကင် နေရာအခက်အခဲကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ထုတ်လုပ်မည့် ကျုံ့ပြီးကားပါကင် ထိုးနိုင်သောကားများ ၂၀၁၃ ခုနှစ်တွင် စတင်ရောင်းချတော့မည်ဖြစ် သည်။ 

မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ် (အမ်အိုင်တီ) နှင့် စပိန် ဘာ့စ်ခ်ဒေသ ဖွံ့ဖြိုးရေးအေဂျင်စီ DENOKINN တို့ ပူးတွဲဖန်တီးနေသည့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော ကားကို Hiriko Fold ဟု အမည်ပေးထားသည်။
နှစ်ယောက်စီး ကားငယ်ကို လျှပ်စစ်ဓာတ်အားဖြင့် မောင်းရမည်ဖြစ်ကာ တစ်ကြိမ်အားသွင်းပြီးပါက ၇၅ မိုင်မောင်းနှင်နိုင်မည်ဖြစ်သည်။ ဘီးများမှာ တစ်ပတ်လှည့်နိုင်သောကြောင့် ဘေးတိုက်ရွှေ့ပြီးရပ်ခြင်းမျိုးပါ ပြုလုပ်နိုင်မည်ဖြစ်သည်။ ဥရောပ မြို့ကြီးများတွင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်နေပြီဖြစ်သည့် ယင်းကားငယ်ကို ပေါင် ၁၀၀၀၀ ၀န်းကျင်ဖြင့် ရောင်းချသွားရန် ရည်မှန်းထားသည်။

Ref: Eleven 

ဘီလ်ဂိတ်ဖောင်ဒေးရှင်းက အိမ်သာကိုပြန်လည်တီထွင်ရန် ငွေကြေးထောက်ပံ့



From - Eleven : ခေတ်မီသည့် သန့်စင်ခန်းများ ကို သုံးစွဲနိုင်ခြင်းမရှိသည့် ကမ္ဘာတစ်ဝန်းမှ လူ ၂ ဒသမ ၅ ဘီလျံခန့်အတွက် အိမ်သာများကို ပြန်လည်ဆန်းသစ်တီထွင်ရန် ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်းတို့က ငွေကြေးထောက်ပံ့မှုများ ပြုလုပ်နေသည်။

နေရောင်ခြည်စွမ်းအင်သုံးစွဲပြီး ရေကို ပြန်လည်သုံးစွဲနိုင်သော သန့်စင်ခန်း တီထွင်မှုအတွက် ကာလီးဖိုးနီးယား နည်းပညာသိပ္ပံကို ဒေါ်လာ ၁၀၀၀၀၀ ဆုပေးခဲ့ကြောင်း ဂိတ်ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ အန္တရာယ်ကင်းပြီး ရေကုန်ခမ်းမှုမရှိသည့် လိုအပ်ချက်များကိုယ်တိုင် ဖြည့်ဆည်းနိုင်သော တစ်ရက်လျှင်  ငါးဆင့်သာကုန်ကျမည့် အိမ်သာဖန်တီးရန်အတွက် ဘီလ်ဂိတ်ဖောင်ဒေးရှင်းသည် တက္ကသိုလ်ရှစ်ခုကို ဒေါ်လာလေးသန်း ထောက်ပံ့ပေးခဲ့သည်။ 

တစ်နှစ်ခန့်အကြာတွင် အချို့သော စိတ်ကူးများမှာ အကောင်အထည်ပေါ်လာပြီး ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့က ပြပွဲကျင်းပခဲ့ရာ နည်းပညာသုံး သန့်စင်ခန်းများကို ပြသခဲ့ကြခြင်းဖြစ်သည်။ သန့်ရှင်းသည့် အညစ်အကြေးစွန့်စနစ်ကို မရရှိသူအရေအတွက်သည် ကမ္ဘာတစ်ဝန်းတွင် လူ ၂ ဒသမ ၆ ဘီလျံခန့်ရှိပြီး မိလ္လာစနစ်နှင့် ဆက်နွယ်သည့်ပြဿနာများကြောင့် နှစ်စဉ်အသက် ငါးနှစ်အောက်ကလေး ၁ ဒသမ ၅ သန်းခန့် သေဆုံးနေရသည်။

ဂိတ်ဖောင်ဒေးရှင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်ရန်အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် နည်းပညာသစ်အိမ်သာများရရှိရန် အာရုံစိုက် ကြိုးပမ်းနေသည်။ ၁၇၇၅ ခုနှစ်တွင် ရေသုံးသန့်စင်ခန်းစနစ်ကို တီထွင်ခဲ့ပြီး နောက်ပိုင်းမှစ၍ အခြေခံအားဖြင့် မပြောင်းလဲသေးသည့် သန့်စင်ခန်း နည်းပညာကို ပြန်လည်တီထွင်ရန် လိုအပ်နေကြောင်း ဘီလ်ဂိတ်က ပြောကြားထားသည်။ 

ဂိတ်ဖောင်ဒေးရှင်းသည် သန့်စင်ခန်းများ ပြန်လည်တီထွင်ရန်အတွက် ရန်ပုံငွေသစ်ဒေါ်လာ ၃ ဒသမ ၄ သန်း ထပ်မံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဂိတ်ဖောင်ဒေးရှင်းက သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ ဂိတ်ဖောင်ဒေးရှင်းသည် အိမ်သာပြန်လည်တီထွင်ရေးအတွက် သုံးစွဲမှုမှာ ယခုအခါ ဒေါ်လာ ၆ ဒသမ ၅ သန်းထိရှိမည်ဖြစ်သည်။ 

Ref: Eleven 

လူသားခန္ဓာကိုယ် ဆေးသိပ္ပံပြတိုက် အာရှတွင် ပထမဆုံး ဖွင့်လှစ်


သက်မဲ့ ဆေးစိမ် လူသား ခန္ဓာကိုယ်ပုံစံအစစ် ၃၁ မျိုးတို့ကို ပကတိ တွေ့မြင်ရသည်။ လူသားကိုယ်ခန္ဓာ အစိတ်အပိုင်း အစစ်များကို အသုံးပြုသည့် ပြတိုက်ကို အာရှ၏ ပထမဆုံးအနေဖြင့် ချုလာလောင်ကွန်းတက္ကသိုလ်က ဖွင့်လှစ်လိုက်သည်။ 
အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းများ၊ ကြွက်သားများ၊ ခြေလက်အင်္ဂါများ၊ ကလေးမွေးဖွားပုံ၊ သန္ဓေသား ဖွံ့ဖြိုးပုံ အဆင့်ဆင့်တို့ကို plastination technique နည်းပညာ အသုံးပြုလျက် ပြသထားခြင်းဖြစ်သည်။
ဘန်ကောက်ရောက်လျှင် အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်သည်။


မော်လ်ဒိုက်ရဲ့ ရေပေါ်ဂေါက်ကွင်းကျွန်း


From - Eleven : တစ်နိုင်ငံလုံးရေအောက် နစ်မြုပ်သွားမည့် အန္တရာယ်ရင်ဆိုင်နေရသော ကျွန်းနိုင်ငံငယ် မော်လ်ဒိုက်၏ ကျွန်းတုများဖြင့် အစားထိုးရေးစီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ပေါင်သန်း ၃၂၀ တန် ရေပေါ်ဂေါက်ကွင်းကျွန်းတုကို တည်ဆောက်သွားမည် ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကျွန်းငယ် ၁၁၉၂ ခုဖြင့် ဖွဲ့စည်းထားသော မော်လ်ဒိုက်ရှိ ကျွန်းများ၏ ပျမ်းမျှရေမျက်နှာပြင်အထက် အမြင့်ပေမှာ ၅ ပေသာရှိသည်။ မော်လ်ဒိုက် အစိုးရသည် နယ်သာလန်မှ Dutch Docklands International နှင့်ပူးပေါင်းကာ ကမ္ဘာ့အကြီးဆုံး ရေပေါ်ကျွန်းတု အစုအဝေးကို တည်ဆောက်သွားရန် စီစဉ်နေသည်။

အကျဉ်းထောင်နှင့် အိမ်ရာများအတွက် ကွန်ကရစ်နှင့်ပိုလီစတိုင်ရင်း အလွှာများ အောက်ခံပြုပြီး  ကျွန်းတုအချို့ကိုလည်း တည်ဆောက်ထားပြီး ဖြစ်သည်။

ယခုတည်ဆောက်ရန် စီစဉ်ထားသည့် ဂေါက်ကွင်းကျွန်းတုကို ရေလက်ဝါးငါး(ကြယ်ငါး)ပုံစံ တည်ဆောက်သွားမည်ဖြစ်ပြီး ဟိုတယ်နှင့် ကွန်ဖရင့်စင်တာပါ ပါရှိမည်ဖြစ်သည်။ စက်ဝိုင်းပုံဖြစ်နေသော သန္တာကျောက်တန်းများအလယ်တွင် တည်ဆောက် သွားမည်ဖြစ်သည်။

ရေပေါ်ကျွန်းများကို ရေအောက်ကြမ်းပြင်နှင့် ကေဘယ်ကြိုးများ၊ ပိုင်တိုင်များဖြင့် ချိတ်ဆက်ထားမည်ဖြစ်သောကြောင့် မုန်တိုင်းတိုက်ချိန်တွင်ပင် တည်ငြိမ်နေစေမည်ဖြစ်သည်။

ကျွန်းတုများကို ကုန်ကျစရိတ် သက်သာစေရေးအတွက် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းနောက်တွင်မှ မော်လ်ဒိုက်သို့ သယ်လာမည်ဖြစ်သည်။

ဂေါက်ကွင်းကျွန်းတုကို ရေကူးသူများ၊ ဒိုင်ဗင်သမားများအတွက် အထူးဖန်တီးပေးမည်ဖြစ်ပြီးကျွန်းတုရှိ မိမိအခန်းအတွင်းသို့ ရေအောက်မှ ၀င်နိုင်ရန်ပါ ဖန်တီးပေးမည်ဖြစ်ပြီး ရေငုပ်သင်္ဘောငယ်များပါ ငှားရမ်းပေးသွားမည်ဖြစ်သည်။ ပြီးစီးပါက ကမ္ဘာ့ပထမဆုံး ကျွန်းတုဂေါက်ကွင်း ဖြစ်လာမည်ဖြစ်သည်။ ကျွန်းကို ရေအောက်ဥမင်မှတစ်ဆင့်လည်း လာနိုင်မည် ဖြစ်သည်။

ကျွန်းကို တည်ဆောက်ပြီးမှ မော်လ်ဒိုက်သို့ ရွှေ့လာမည်ဖြစ်ပြီး မြက်နှင့်အပင်များ စိုက်ပျိုးမည်ဖြစ်သည်။ အီကွေတာနှင့်နီးသောကြောင့် လျှပ်စစ်ဓာတ်အားအတွက် နေစွမ်းအင်ကိုသုံးမည်ဖြစ်ကာ ကာဗွန်ထွက်ရှိမှု လုံးဝရှိမည်မဟုတ်ဟု ဆိုသည်။

Ref: Eleven

ကျန်းမာရေး အကောင်းဆုံး ၁၀ နိုင်ငံ


ဘလွန်းဘာ့ဂ်သုတေသန ဆာဗေးအရ စင်္ကာပူမှာ ကမ္ဘာ့ပေါ်တွင် ကျန်းမာရေး အကောင်းဆုံးနိုင်ငံဖြစ်သည်ဟု သိရသည်။ လူ့သက်တမ်း၊ ဆေးလိပ်သောက်ခြင်း နှုန်းထား၊  သေဆုံးနှုန်းတို့မှာ ပါဝင်သော စစ်တမ်းအရ လေ့လာခဲ့သည်။
၁၄၅ နိုင်ငံစစ်တမ်းတွင် စင်္ကာပူက ရမှတ် ၈၉ ဒသမ ၄၅ ရရှိခဲ့သည်။
အီတလီနှင့် သြစတြေးလျတို့က ဒုတိယနှင့် တတိယ နေရာများတွင် ရှိနေသည်။


ဒီမိုကရေစီ ဟူသည်

ဒီမိုကရေစီ (Democracy) သည် ခေတ်သစ်နိုင်ငံရေး အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်သည်။ ဒီမိုကရေစီ ဟူသောစကားရပ်မှာ ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အင်အား) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူက အာဏာပိုင်စိုးသောစနစ် ဟုခေါ်သည်။ ပြည်သူအများစု စုပေါင်းပါဝင် အာဏာပိုင်စိုးသောစနစ်ဟုလည်း ဆိုနိုင်သည်။ စကားလုံးသဘောအရ ဒီမိုကရေစီ ဆိုသည့် အဓိပ္ပာယ်ကို အတိအကျ ဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီး ပြည်သူတစ်ရပ်လုံး လက်တွင်းသာရှိသည်။ အဖွဲ့၊ အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထက် အနည်းငယ်မျှသာပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၎င်းနှင့် တွဲပြီး ၀ိသေသပြုသည့် စကားလုံးစကားရပ်နှင့် ပူးတွဲမှသာ ပိုအသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာ လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင် ဒီမိုကရေစီ (Participatory Democracy)၊ တိုက်ရိုဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဒီမိုကရေစီ၏ အနှစ်သာရမှာ ပြည်သူ့ထံမှ ဆင်းသက်လာသော အာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။

သမိုင်းအရ ဒီမိုကရေစီကို ဂရိမှ အေသင်နှင့် စပါတာမြို့ပြနိုင်ငံများမှ စကျင့်သုံးသည်။ ထိုစဉ်က အေသင်လူဦးရေမှာ မများသကဲ့သို့ အေသင်ဒီမိုကရေစီတွင် ပါဝင်သူနိုင်ငံသားဦးရေမှာလည်း များသည်ဟု မဆိုသာပေ။ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံနီးနီးရှိ ကျွန်လူတန်းစားများနှင့် ကျန်သုံးပုံတစ်ပုံမျှ နိုင်ငံခြားသားများမှာ နိုင်ငံသားဟု သတ်မှတ်မခံရသဖြင့် ပါဝင်ခြင်းမရှိသလို နိုင်ငံသားများတွင်လည်း အရွယ်ရောက်ပြီး အမျိုးသားများသာ ပါဝင်ခွင့်ရသောကြောင့် အေသင်ဒီမိုကရေစီစနစ်မှာ များစွာ ကျဉ်းမြောင်းခဲ့သည်။

အေသင် ဒီမိုကရေစီစနစ်
အေသင်တွင်ရှိသော လူမျိုးစု ဆယ်စုမှ ရွေးချယ်ထားသော လူထုကောင်စီဖြင့် အစိုးရတာဝန်များကို ထမ်းဆောင်သည်။ လူမျိုးစုတစ်စုအတွက် ကိုယ်စားလှယ် ငါးဆယ်စီရွေးပြီး စုစုပေါင်း ငါးရာပါဝင်သောကြောင့် ငါးရာကောင်စီဟုလည်း ခေါ်သည်။ အချုပ်အခြာအာဏာမှာ ထိုကောင်စီလက်တွင်ရှိသော်လည်း အရေးကြီးကိစ္စရှိလျှင် လူထုအစည်းအဝေးသို့တင်ပြကာ သဘောတူညီမှုရယူသည်။ ပီရစ်ကလီး(၄၆၁-၄၃၁ ဘီစီ) လက်ထက်တွင် ထိုစနစ် ပီပီပြင်ပြင်ထွန်းကားခဲ့သည်။ လေးလတစ်ကြိမ်ကျင်းပသော လူထုအစည်းအဝေးကို အသက် ၂၀ ပြည့်ပြီး နိုင်ငံသားတိုင်း တက်ရောက်နိုင်ပြီး လူဦးရေ ၆၀၀၀ ကျော်ပါက အစည်းအဝေးထမြောက်သည်။ မဲခွဲဆုံးဖြတ်သဖြင့် တိုက်ရိုက်ဒီမိုကရေစီစနစ်သဘောဖြစ်သည်။ ကမ္ဘာပေါ်တွင် အစောဆုံး ပြည်သူကတိုက်ရိုက်အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီစနစ် ဟုခေါ်နိုင်သည်။

စပါတာ ဒီမိုကရေစီစနစ်
စပါတာအုပ်ချုပ်ရေးသည် ရောနှောနေသော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ စပါတာမြို့ပြနိုင်ငံကို စတင်တည်ထောင်ခဲ့သော စစ်ခေါင်းဆောင်နှစ်ဦးကို အာဏာတူဘုရင်အဖြစ် ခန့်အပ်ထားသည်။ အထက်လွှတ်တော် ဆီးနိတ်ပုံစံဖွဲ့စည်းထားသော အသက် ၆၀ ကျော် ကောင်စီဝင်သုံးဆယ် ပါဝင်သည့် ဂျီရူးရှ (Gerusia) ခေါ် ဥပဒေပြုကောင်စီ ရှိသည်။ ဘုရင်နှစ်ပါးမှာ ထိုထဲတွင် ပါဝင်သည်။ အသက် ၃၀ အထက် ယောက်ျားမှန်သမျှ ပါဝင်သည့် အယ်ပယ်လာ(Appella) ခေါ် လွှတ်တော်လည်း ရှိသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသော ထိုလွှတ်တော်တွင် ဥပဒေပြဌာန်းခြင်း၊ တိုင်းပြည်ရေး ဆွေးနွေးခြင်း၊ ကောင်စီဝင်များ ရွေးချယ်ခြင်း၊ ပြည်သူ့ကိုယ်စားလှယ်ငါးဦး(Ephors) ရွေးချယ်ခြင်း စသည့် ကိစ္စများ ဆောင်ရွက်သည်။ ထို အီဖော့စ်ငါးဦးနှင့် ဥပဒေပြုကောင်စီသာ အာဏာရှိပြီး ဘုရင်မှာ ရုပ်သေးသက်သက်သာ ဖြစ်သည်။ ရီပက်ဘလီကန် ဆန်သော ဒီမိုကရေစီဟုခေါ်နိုင်သော်လည်း လွှတ်တော်တက်ခွင့်ရသော လူဦးရေမှာ တစ်နိုင်ငံလုံး၏ ငါးရာနှုန်းသာရှိသည်။ ထိုကြောင့် လူနည်းစု ဒီမိုကရေစီ ဟုလည်း ခေါ်သည်။

လက်ရှိမျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေအဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်ကဲ့သို့ အုပ်ချုပ်ရေးတွင် ပြည်သူတိုက်ရိုက်ပါဝင်ရန် မဖြစ်နိုင်။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီစနစ် သုံးစွဲကြသည်။ ပြည်သူက ရွေးချယ်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သည့် စနစ်ဖြစ်သည်။ ဒီမိုကရေစီအရ အစိုးရသည် ပြည်သူက တင်မြှောက်သော ကိုယ်စားလှယ်များဖြစ်ပြီး ၎င်းတို့ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။

တစ်ပါတီစနစ် နိုင်ငံများတွင် ဆိုရှယ်လစ်ဒီမိုကရေစီ ကို လက်ခံကျင့်သုံးကြသည်။ ထိုနိုင်ငံများတွင် တစ်ခုတည်းသောပါတီသည် ပြည်သူအများစုကြီးကို ကိုယ်စားပြုသည်ဟု ဆိုသည်။
လက်တစ်ဆုပ်စာ လူတစ်စုလက်တွင်း၌ ထင်ထင်ရှားရှား အာဏာရှိသော အဖွဲ့အစည်း (ဥပမာ- တတိယကမ္ဘာမှ ကွန်မြူနစ်နိုင်ငံများ) တွင် ဒီမိုကရေစီအပေါ် သတ်မှတ်ချက်အကဲဖြတ်မှုမှာ ကွဲပြားလာသည်။ ဒီမိုကရေစီမှာ အများပြည်သူက မအုပ်ချုပ်ဘဲ ပြည်သူလူထုက ၎င်းတို့အကျိုးအတွက် အုပ်ချုပ်ခံရခြင်းဟု အဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။ မီးခေးလ်ဂေါ်ဗာချော့(Mikhail Gorbachev) စတင်သည့် ပြောင်းလဲမှုများမတိုင်မီ ဆိုဗီယက်ယူနီယမ်၏ အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်ပြီး စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသရွေ့ လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ်လူသားစစ်စစ် မပေါ်သရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သရွေ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမ၀င်ဘဲ အဆိုးကိုသာ ဖန်တီးပေးမည်ဟု ဝေဖန်ကြသည်။ ၎င်းတို့ စောဒကတက်သည်မှာ လူအများအမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ ၊ ထို့ပြင် မိမိတို့ အဓိကလိုအပ်ချက် မည်သည့်အရာဖြစ်သည်ကို ခွဲခြားနိုင်မှုမရှိသေးဘဲ ၎င်းတို့ ခေါင်းဆောင်များကိုသော်လည်းကောင်း ၊ နိုင်ငံရေးအခွင့်အရေးများကိုသော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟု ဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိကာလတွင် ဒီမိုကရေစီစနစ်သည် လူ့ဘောင်အတွက် အဆင်ပြေ၊ ကောင်းမွန်သော စနစ်၊ တရားမျှတသော စနစ်တစ်ခုအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...