လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မှန်ကွဲလျှင် ကန် ၃ သန်းအလကားယူနိုင်သည်


အမေရိကန် 3M က ထုတ်တဲ့ လုံခြုံရေးမှန် တစ်မျိုးလို့ ဆိုပါတယ်။ ယင်း မှန်ကို ကြော်ငြာဖို့အတွက် လူစည်ကား ဘတ်စ်ကား မှတ်တိုင် တစ်ခုမှာပေါ့။

အမေရိကန်ဒေါ်လာ ၃ သန်း ကို ယင်းမှန်ထဲ ဒီတိုင်းထားပြီး ဘာလုံခြုံရေးမှ ရှိမနေစေပါဘူး။ ဒါကို မရုံတဲ့သူများက လက်တည့်စမ်းပါတယ်။ အမျိုးမျိုး ရိုက်ခွဲ၊ ကန်ခွဲပါတယ်။ ကုမ္မဏီက မှန်အောက်တည့်တည့် ဗုံးထားခွဲတောင် မကွဲဘူးလို့ အာမခံထားတယ်လေ။ မှန်တင်မကပဲ ဘေးအနား သံနဲ့မှန်ကြား ချိတ်ဆက်မှုကအစ လေတောင် မဝင်စေပါဘူး။ ရာသီသုံးမျိုးဒဏ်ခံသတဲ့။

ဒါကို လူသိများ စိတ်ဝင်စားလာအောင် ကြော်ငြာလိုက်တဲ့ နည်းလမ်းကလည်း ကြောက်ဖို့တောင် ကောင်းပါတယ်။ အမေရိကန်ဒေါ်လာ ၃ သန်းကို မှန်ထဲထည့်ပြီး မှန်ကွဲရင် အလားယူ ယူပါတဲ့။ ဘယ်သူ စမ်းကြည့် ချင်ပါသလဲ။

TechSpaceJournal

ဂင်းနစ်စံချိန်တင် ဥာဏ်ကြီးရှင် Michael Kearney


Michael Kearney လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ အသက် ၁၀ နှစ်မှာ မနုဿဗေဒ ပညာရပ်နဲ့ ဘွဲ့ရပြီး ကမ္ဘာ့အသက်အငယ်ဆုံးနဲ့ ဘွဲ့ရှိသူအဖြစ် စံချိန်ခဲ့ပါတယ်။

အသက် ၁၄ နှစ်ရောက်တော့လည်း ဓာတုဇီဝ ဘာသာရပ်နဲ့ မာစတာဒီဂရီ ရရှိခဲ့ပါတယ်။ အဲ့တုန်းကလည်း ဂင်းနစ်စံချိန်တင်ခဲ့ပြန်ပါသေး တယ်။

၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ဖွားပြီး အသက် ၄ လပိုင်းလောက်နဲ့ စကား တစ်လုံးစ နှစ်လုံးစ ပီပီပြင်ပြင် စပြောနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီမှာ နေထိုင်တဲ့ အမေရိကန်ကပြား လူငယ် ဖြစ်ပါတယ်။ ၆ လသားအရွယ်ရောက်တော့ တော်တော်ပြောတတ် သွားပါပြီ။ အသက် ၄ နှစ်သား ရောက်တော့ Johns Hopkins ရဲ့  သင်္ချာဥာဏ်စမ်းပုစ္ဆာများကို အမှတ်ပြည့်ရအောင် ဖြေနိုင်ပြီး San Marin High School မှာ ကျောင်းစတတ်ပါတယ်။ အသက် ၆ နှစ်သားမှာပဲ အထက်တန်း ကျောင်းပညာ ပြီးဆုံးပါတယ်။ အဲ့တုန်းက ၁၉၉၀ ခုနှစ် ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်ကပဲ Santa Rosa Junior College ကို ဆက်တက်ပြီး အသက် ၈ နှစ်သားမှာ Associate of Science မေဂျာနဲ့ အောင်မြင်ပါတယ်။ ဆက်ပြီးတော့ University of South Alabama မှာ မနုဿဗေဒ ဘာသာအထူးပြု တက်ရောက်ပြီး အသက် ၁၀ နှစ်သားနဲ့ ဘွဲ့တစ်ခု ရရှိခဲ့ပါတယ်။ အဲ့မှာပဲ ဂင်းနစ်စံချိန်တင်မှုက စင်တင် ပါတော့တယ်။

အသက် ၁၄ နှစ်သားရောက်တော့ Middle Tennessee State University မှာ ဓာတု ဇီဝ ဘာသာရပ်နဲ့ မာစတာဘွဲ့ ရရှိခဲ့ပါတယ်။ အဲ့ဒီမှာလည်း ဂင်းနစ် စံချိန်ထပ်တင်နိုင်ခဲ့ပါသေးတယ်။ သူ စာတန်းပြုစုထားတဲ့ ၁၁၈ မျက်နှာစာ thesis ဟာလည်း တော်ရုံလူ မရေးနိုင်တဲ့ ဟာကို ရေးသားပြုစုခဲ့ခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ နောက်တော့ အမေရိကန်နိုင်ငံ ရုပ်သံတီဗီတွေမှာ နာမည်ကြီး လူငယ် တစ်ဦး ဖြစ်လာပြီး ဥာဏ်စမ်းပဟေဌိပွဲပေါင်းမြောက်များစွာမှာ ပါဝင်လာပါတယ်။ ပွဲတိုင်းမှာလည်း အမေရိကန်ဒေါ်လာ သိန်းချီတဲ့ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ပြီး ယနေ့အထိပဲ မိုက်ကယ်ဟာ လူငယ် ဥာဏ်ကြီးရှင်အဖြစ် ထင်ရှားကြောင်း သိရပါတယ်။

TechSpaceJournal

GEEKS AND SEX


ဥာဏ်ပညာအဆင့်အတန်း မြင့်လာလေလေ၊ လိင်ဆက်ဆံတဲ့အကြိမ် နည်းလာလေလေ လို့ လေ့လာစမ်းစစ်ချက်တစ်ခုက ဆိုပါတယ်။
Tina Fey နဲ့ ပညာတတ်ကြီး James Franco တို့ ဟာ ဟောလိဝုဒ်မှာ အကျော်ကြားဆုံးတွေထဲမှာ ပါဝင်ပါတယ်။ သူတို့ဟာ မြင်တာနဲ့ စွဲမက်စေသလို ထူးလည်းထူးချွန်ကြပါတယ်။ ဒါပေမယ့် အစည်းအဝေးခန်းထဲမှာ အလွန်တော်ကြတဲ့ ဉာဏ်ကြီးရှင်များဟာ အိပ်ခန်းထဲမှာတော့ အကူအညီ လိုတတ်ကြပါတယ်။

Charlotte မြို့က University of North Carolina မှလူမှုရေး ပညာရှင် Rosemary Hopcroft ကတော့ "ဉာဏ်ပညာနဲ့ လိင်ဆက်ဆံတဲ့ အကြိမ်ရေတို့ဟာ ပြောင်းပြန်ဆက်စပ်နေတယ်။ ဒါဟာ နည်းနည်းတော့ စိတ်ပျက်စရာပါ။" လို့ဆိုပါတယ်။

ဒါတင်မကပဲ ပညာရေး အဆင့်အတန်း ပိုမြင့်ကြတဲ့ လူတွေမှာ လိင်ဆက်ဆံဖက် ပိုနည်းကြပါတယ်။ နောက်ဆုံး ပြုလုပ်တဲ့ မိသားစုပွားများမှု နိုင်ငံလုံးဆိုင်ရာ စစ်တမ်းအရ လွန်ခဲ့တဲ့နှစ်က ကောလိပ်ဘွဲ့ရ အမျိုးသားတွေဟာ အထက်တန်းပဲ အောင်တဲ့ အမျိုးသားတွေထက် လိင်ဆက်ဆံဖက် လေးယောက်နှင့်အထက် ရှိနိုင်ခြေ တစ်ဝက် နည်းတယ်လို့ သိရပါတယ်။ Centers for Disease Control မှ ကျန်းမာရေးသိပ္ပံပညာရှင်နဲ့ လူထုပုံစံ လေ့လာသူ Anjani Chandra ကတော့ အနည်းဆုံးတော့ သူတို့ ဝန်ခံခဲ့တဲ့နှုန်းက တစ်ဝက်နည်းပါတယ်လို့ ဆိုပါတယ်။

ဒါဘာကြောင့် များပါလဲ။
"အကြောင်းရင်းကို သေချာသိအောင်လုပ်ဖို့ ခက်ပါတယ်" လို့ Chandra ကပြောပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်တို့ရဲ့ လိင်မှုအကျင့်တွေကနေ သဲလွန်စ ရနိုင်ပါတယ်။ University of North Carolina ပြည်သူ့ ကျန်းမာရေးကျောင်းမှ ပါမောက္ခ Carolyn Halpern ကတော့ ဆယ်ကျော်သက် လူပျို/ အပျိုတွေဟာ ဉာဏ်ပညာမြင့်တဲ့ အုပ်စုထဲမှာ အများဆုံး ပါဝင်နေတာကို လေ့လာတွေ့ရှိထားပါတယ်။
သူမအထင်ကတော့ ထူးချွန်တဲ့ ကလေးတွေဟာ နောင်ဖြစ်လာမယ့် အကျိုးဆက်တွေကို တွေးမိကြပြီး လိင်ဆက်ဆံဖို့ ဆိုင်းငံ့ထားကြတာ ဖြစ်ကြပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ တော်တဲ့ ကလေးတွေဟာ သိပ်ကြီးအန္တရာယ်မရှိတဲ့ နမ်းရှုံ့ခြင်းလို အပြုအမူမျိုးကိုလည်း အလားတူဆိုင်းငံ့ထားကြပါတယ်။

"၁၅နှစ် သမီးတစ်ယောက်က ကိုယ်ဝန်ရှိလာမှာစိုးလို့ ကောင်လေးကို မနမ်းဘူး ဆိုတာကတော့ တွေးကြည့်ရင် မဖြစ်နိုင်တဲ့အရာပါ။" လို့တော့ သူမ ဝန်ခံပါတယ်။ "ဒါဟာ ရွေးချယ်မှုလား၊ အခွင့်အရေး မရလို့လား ဆိုတာကို မေးဖို့လိုပါတယ်" လို့လည်း သူမက ဆိုပါတယ်။

ထက်မြက်တဲ့ ကလေးတွေဟာ စွဲမက်ဖွယ် မကောင်းတဲ့ ဝိုင်းကြဉ်ခံထားရသူတွေလို့တော့ သူမ မဆိုလိုပါဘူး။ Halpern နဲ့အခြား သုတေသန ပညာရှင်တွေဟာ လိင်မှုကိစ္စနဲ့ ဉာဏ်ရည်ဆက်စပ်မှု၊ စွဲမက်စေနိုင်မှု၊ မိမိကိုယ်ကို ပြင်ပြင်ဆင်ဆင်နေတတ်မှု၊ ခင်မင်ဖွယ်ကောင်းမှု တို့ကို လေ့လာကြည့်ပြန်တော့လည်း လေ့လာတွေ့ရှိထားတဲ့ အချက်က ဒီအတိုင်းပါပဲ။ ဦးစားပေးမှု အခြေအနေကြောင့် ဖြစ်နိုင် ပါတယ်။
"ပညာရေးနောက် လိုက်ရတာ အချိန်တော်တော် ကုန်ပါတယ်။" လို့ Chandra ကဆိုလာ ပါတယ်။ စာကိုပဲ စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်များ အတွက်တော့ ကောင်းပါတယ်။
ဒါပေမယ့် ထူးချွန်တဲ့ လူကြီးတွေကရော ဘာလို့ ဘာမှမလုပ်ကြတာလဲ။ သတ္တဝါမျိုးစိတ်တွေ ရှင်သန်ဖို့ မတူကွဲပြားတဲ့ မျိုးပွားမှုဆိုင်ရာ မဟာဗျူဟာတွေ ဘယ်လိုဆင့်ပွား ဖြစ်ထွန်းလာတယ်ဆိုတာကို လေ့လာတဲ့ ဘဝသမိုင်းကြောင်း သီအိုရီ (Life History Theory) က ဖြစ်နိုင်တဲ့ ဖြေရှင်းချက် တစ်ခုကို ပေးနိုင်ပါလိမ့်မယ်။

"စဉ်းစားချင့်ချိန်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း၊ ဆန္ဒကို ထိန်းချုပ်နိုင်စွမ်းစတဲ့ အဆင့်မြင့်လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်ကြတဲ့ လူတွေမှာ နှေးကွေးတဲ့ ဘဝသမိုင်းကြောင်း ဗျူဟာ ရှိတတ်ကြပါတယ်" လို့ University of Arizona မှ ဆင့်ပွားပြောင်းလဲမှု စိတ်ပညာရှင် Aurelio Jose Figueredo က ဆိုပြန်ပါတယ်။

သူတို့မှာ ကြင်ဖော်အရေအတွက်နည်းပြီး လိင်မှုကိစ္စ နည်းပေမယ့် နောက်မျိုးဆက်အတွက် ငွေ၊ ဂုဏ်စတဲ့ အရင်းအမြစ်တွေ ပိုများပါတယ်။ အကြင်နာတွေများပြီး ပွေချင်ကြတဲ့ ဂုရုများ စိတ်ပျက်ကောင်း စိတ်ပျက်သွားနိုင်ပါတယ်။

ဒါပေမယ့် အနည်းဆုံးတော့ ပုရိသတွေအတွက် မကောင်းသတင်းချည်းပဲတော့ မဟုတ်ပါဘူး။ "အမျိုးသားတွေ လိင်ကိစ္စ ပိုဖြစ်အောင် ကူညီပေးတာက ငွေဖြစ်ပါတယ်။ ဉာဏ်ရည် မဟုတ်ပါဘူး။ ဉာဏ်ရည်က သူ့ချည်းဆို ဘာမှမလုပ်နိုင်ပေမယ့် ငွေရဖို့တော့ ကူညီပေး ပါတယ်" လို့ Hopcroft က ဆိုပါတယ်။
ဒါ ဘာကို ဆိုလိုပါသလဲ။
"ပညာတတ် တစ်ယောက်ဖြစ်အောင် မလုပ်ကြပါနဲ့" လို့ သူမက ရယ်မောပြီး ပြောပါတယ်။

from : General Knowledge

အမေရိကန်တို့ တီထွင်သော အသံထက် ငါးဆမြန်သည့် လေယာဉ်


Boeing X-51 လို့ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလ ကတည်းက စမ်းသပ်လာတာ ယခု နောက်ဆုံး စံချိန်တင်နိုင်မှု ကတော့ တစ်နာရီ မိုင် ၄၀၀၀ ပဲ ဖြစ်ပါတယ်။

ကုန်းပေါ်က တစ်နာရီမိုင် ၂၆၀ ပြေးတဲ့ ကားတောင် ကမ္ဘာ့အမြန်ဆုံး မြေပေါ် သွားကားလို့ သတ်မှတ်ထားတာ။ လေထဲမှာ တစ်နာရီ မိုင် ၄၀၀၀ နဲ့သွားရင် မြင်တောင် မြင်လိုက်ရမှာ မဟုတ်ပါဘူး။ မျက်စိ တစ်မိတ် အတွင်းကို Boeing X-51 အစီး ၅၀ အစဉ်လိုက်ဖြတ်ပြန် သွားရင်တောင် မြင် ရဖို့ ခက်ခဲနိုင်ပါတယ်။

စုစုပေါင်း ၄ စီးရှိပြီဖြစ်ပြီး နောက်ဆုံးအစီးမှာ အောင်မြင်သွားတာပါ။ အမြင့်ပေ ၅သောင်းကနေပြန်သန်းပြီး အသံထက် စံချိန်ချိုးနိုင်ခဲ့ ပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာတို့ ပူးပေါင်း ဖန်တီးထားတဲ့ လေယာဉ် ဖြစ်ပါတယ်။ လူမပါပါဘူး။ လူမဲ့လေယာဉ် ဖြစ်ပြီး စွယ်စုံ အသုံးပြုမှာ ဖြစ်ပါတယ်။

အရွယ်အစားလည်း ကြီးတဲ့အတွက် အာကသ စခန်းပို့တာမျိုး၊ တိုက်ခိုက်ရေး မှာ အသုံးပြုတာမျိုးတို့ ပြုလုပ်ပါ။ ပစ်လွတ်လိုက်တဲ့ ဒုံးကျည်ထက်တောင် သူက အများကြီးမြန်နေပါတယ်။ မြေပြင်ထိန်းချုပ်ရေး အဖွဲ့ က အရေးကြီး ပါတယ်။

Boeing X-51 တစ်စီး ရဲ့  ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိကြောင်း သိရပါတယ်။

TechSpaceJournal

Ph.D ဒေါက်တာ ဆိုတာ ?

Written by နန်းဦးလွင် (M.A, Japan) 

ယခုကာလပိုင်းအတွင်း ပြည်တွင်းကရော ပြည်ပကပါ ဒေါက်တာ အထူးသဖြင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတာတွေ၊ ရတာတွေ၊ ဂုဏ်ပြုတာတွေ ဖတ်နေ၊ ကြားနေ၊ သိနေရပါတယ်။ ဒါကြောင့် မို့ Ph.D ဒေါက်တာရဲ့ သဘောသဘာဝ၊ အနေအထား၊ အဆင့်အတန်းတို့ကို အများသိစေချင်လို့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ မြန်မာလူမျိုးများ အများစုဖြစ်လေ့ဖြစ်ထရှိတဲ့ ဣဿမစ္ဆရိယ မနာလိုဝန် တိုမှုဖြင့် ရေးခြင်းမဟုတ်ကြောင်း ဦးစွာပဏာမခံပါရစေ။

Ph.D ရဲ့ full form ဟာ Doctor of Philosophy ပါ။ British English က Ph.D လို့ရေးပြီး အမေရိကန် အင်္ဂလိပ်က Ph.D လို့ရေးပါတယ်။ တချို့တက္ကသိုလ်တွေက doctorate လို့ သုံးပါသေးတယ်၊ D.Sc (Doctor of Scinece) လို့ သုံးတဲ့တက္ကသိုလ်လည်း ရှိပါသေးတယ်။ သူ့ရဲ့မူရင်းအရင်းအမြစ်သဘောကို စပြောပါမယ်။ First Degree လို့ခေါ်တဲ့ ပထမဆုံးရတဲ့ ဘွဲ့ကနေ M.A or M.Sc - မဟာသိပ္ပံ၊ မဟာဝိဇ္ဇာတန်းတက်ရပါတယ်။ အဲဒီမှာ တချို့တက္ကသိုလ်က နှစ်နှစ်ကြာပါတယ်။ တချို့က ၁၈ လကြာ ပါတယ်။ တချို့က တစ်နှစ်ပဲကြာပါတယ်။ Thesis လို့ခေါ်တဲ့ ကျမ်းစာတင်ပြီး ကျေနပ်မှဘွဲ့ပေးတာပါ။

ပုံမှန်ပညာရေးအစီအစဉ်အရဆိုရင် မဟာဘွဲ့မရဘဲနဲ့ Ph.D တန်း တက်လို့မရပါဘူး။ Ph.D တန်းအ တွက် ပညာသင်ဆုရရင်လည်း၊ မဟာဘွဲ့မရသေးရင်မဟာဘွဲ့ အရင်တက်ခိုင်းပြီးမှ Ph.D အတွက် ဆက်တက်ရပါတယ်။ တက္ကသိုလ်ချင်းမတူရင် Ph.D တန်းတက်ခွင့်ရဖို့အတွက် အခြားအချက်အလက် များအတူ မဟာတန်းကသင်ခဲ့တဲ့ကျမ်းစာ (Thesis) တင်ပြရပါတယ်။ အဲဒါကြိုတင်လိုအပ်ချက်ပါ။ Ph.D အတွက် လုပ်မယ့်ကျမ်းစာ (Dessertation) Proposal ကိုကြိုတင်ရပါတယ်။ အဲဒီ Proposal ကို ကြိုက်မှ (သို့မဟုတ်) ကြီးကြပ်နိုင်တဲ့ (Superviser) ပါမောက္ခတစ်ဦးဦးရှိမှ Ph.D တန်းတက်ခွင့်ပြုပါ တယ်။ အတန်းတက်ရတာကတော့ တက္ကသိုလ်အလိုက် ကွဲပြားပါတယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုသလို ရှိကြ ပါတယ်။ အတန်းမှာအဓိကထားတာက ကျမ်းစာအတွက် သုတေသနလုပ်နည်းတွေ၊ တွက်နည်းတွေ၊ စဉ်းစားနည်းတွေ၊ စဉ်းစားစရာအချက်အလက်တွေ မပါမနေပါရမဲ့ အချက်အလက်တွေ သင်ပေးတာပါ။ အဓိကကျမ်းစာ (Dessertation) ကိုပေးတာပါ။ လူကိုပေးတာမဟုတ်ပါဘူး။ ကျမ်းစာဖြစ်လာအောင် လုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းတွေနဲ့ အဲဒါတွေရဲ့ရလဒ်ကို ပေးတာပါ။ အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်၊ တချို့ဆို ငါးနှစ်လောက်တောင်ကြာပါတယ်။ စိုက်စိုက်မတ်မတ်လုပ်ရတဲ့ သုတေသနလုပ်ငန်းပါ။ သီအိုရီအသစ်တစ်ခု (သို့မဟုတ်) အတွေးအခေါ်အသစ်တစ်ခု (သို့မဟုတ်) ထုတ်ကုန်အသစ်တစ်ခု ဖန်တီးပေးရတာပါ။ အဲဒီဖန်တီးပေးမှု (creative) ကိုပေးတဲ့ဘွဲ့ပါ။ ပုဂ္ဂိုလ်ကိုပေးတာမဟုတ်ဘဲ သူရဲ့ Product အတွက်ပေးတာပါ။ ဒါကပညာရေးပုံမှန် လုပ်ထုံးလုပ်နည်းနဲ့သွားတဲ့ Ph.D ပါ။ ဂျပန်က တချို့ တက္ကသိုလ်မှာဆို Ph.D ရပြီးမှ သုတေသနတွေ ဆက်လုပ်ခိုင်းပြီး ကျေနပ်မှ Doctorate ပေးတယ်လို့ ကြားဖူးပါတယ်။ ကျမ်းစာပြုစုရာမှာလည်း Supervisor လို့ခေါ်တဲ့ ကြီးကြပ်သူ ပါမောက္ခတစ်ဦးရှိသလို Advisor လို့ခေါ်တဲ့ အကြံပေးတဲ့ ပါမောက္ခတစ်ဦးလည်း ရှိကြပါတယ်။ အဲဒါအပြင် ကျမ်းစာပြီးလို့ Defense ထိုင်တဲ့အခါ ပါဝင်တဲ့ ပါမောက္ခများလည်း ရှိကြရပါတယ်။ အားလုံးဟာ Ph.D ရထား ပြီးရုံမက သုတေသနပေါင်းမြောက်မြားစွာ လုပ်ထားတဲ့သူတွေ ဖြစ်ကြရပါတယ်။ Defense မှာမေးတာ မဖြေနိုင်ရင် အားမနာပဲ ထပ်လုပ်ခိုင်းလေ့ရှိကြပါတယ်။ အားနာပြီးဘွဲ့ပေးလိုက်တာမရှိပါဘူး။ လာစစ်တဲ့သူတွေကိုလည်း ကျောင်းသားကလက်ဆောင် (သို့မဟုတ်) ငွေကြေးမပေးရပါဘူး။ ခရီးစရိတ်လည်း မထောက်ပံ့ရပါဘူး။ နေ့လည်စာ၊ မနက်စာလည်း မကျွေးရပါဘူး။ ကော်ဖီ၊ လ္ဘက်ရည်လည်း မတိုက်ရပါဘူး။ တချို့ဆို Double Ph.D ရယ်လို့ Ph.D နှစ်ခါတက်ပြီး ကျမ်းနှစ်ခု ပြုစုပြီးရကြပါတယ်။ မြန်မာနိုင်ငံမှာ ဒေါက်တာမောင်မောင်နဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ဖြစ်ပါ တယ်။ အဲဒီလို Ph.D ရထားတဲ့ သူတွေဟာ သူတို့ရဲ့ British English အခေါ် Visiting Card or North American English အခေါ် Business Card or Name Card ပေါ်မှာ နာမည်ရဲ့နောက်မှာ Ph.D ဆိုတာပဲရေးပြီး ရှေ့မှာ Dr. လို့ တပ်လေ့တပ်ထ မရှိကြပါဘူး၊ အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့အချို့ West နိုင်ငံတွေပါ။ Dr. ဘယ်သူရယ်လို့လည်း သုံးလေ့သုံးထ ခေါ်လေ့ခေါ်ထ မရှိကြပါဘူး၊ မခေါ်ရဘူး၊ မသုံးရဘူးလို့တော့ သတ်မှတ်ချက်မရှိပါဘူး။ သုံးတဲ့သူလည်း သုံးကြပါတယ်။

နောက်တစ်ခုက ဂုဏ်ထူးဆောင် Ph.D ပါ။ ဘာအတန်းမှလည်း မတက်ဘူး၊ ဘာသုတေသနမှလည်း မလုပ်ဘူး။ ဘာကျမ်းစာမှလည်း မပြုစုဘူး၊ ဒါပေမယ့်သူ့ရဲ့ လွန်ခဲ့သောကာလများက တွေးခဲ့၊ ရေးခဲ့၊ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကို လေးစားသမှုနဲ့ပေးတဲ့ Ph.D ပါ။ ဒါလည်း ဂုဏ်ယူစရာပါ။ ဂုဏ် ရှိတာပါပဲ။ ဒါပေမယ့် မိမိရဲ့ နာမည်ကတ်မှာ Ph.D လို့လည်း မရေးပါဘူး။ ရှေ့ကနာမည်ရှေ့မှာလည်း Dr. လို့လည်းမတပ်ကြပါဘူး။ ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ဆိုရင် ၁၅ ခု၊ ဦးနုဆိုရင် ၂ ခု၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ၁၀ ခု နီးပါးရှိပြီထင်တယ်။ တစ်ခါမှ ဒေါက်တာဦးသန့်၊ ဒေါက်တာမောင်နု၊ ဒေါက်တာအောင်ဆန်းစုကြည်လို့ သုံးတာမတွေ့ဖူးပါဘူး။ အခြားသူက သုံးပေးတာတောင် မသုံးပါနဲ့တားကြောင်း ပြောသံကြားဖူးပါတယ်။ ဒါပေမယ့် ပိုက်ဆံပေး ပြီးဝယ်ရတာတို့၊ ပုဂ္ဂိုလ်ရေးရာအရ ဖားပြီးပေးတာတို့ကတော့ စဉ်းစားစရာပါပဲ။ နောက်တစ်ခုက ကျွန် တော်တို့မြန်မာနိုင်ငံက တက္ကသိုလ်မှာ Ph.D ကိုအခြားနည်းနဲ့ပေးတာလည်း ရှိကြောင်းသိရပါတယ်။ အဲဒါကတော့ တက္ကသိုလ်က ပါမောက္ခတစ်ဦးဦးဟာ Ph.D တစ်ဦးဦးကိုမွေးထုတ်ပေးလိုက်ရင် အလိုလို အော်တိုမတ်တစ် Ph.D ရသွားတာပါပဲ။ Ph.D တစ်ခါမှမလုပ်ဖူးတဲ့၊ အတွေ့အကြုံမရှိတဲ့သူက Ph.D ကို မွေးထုတ်ပေးတယ်ဆိုတာ တော်တော်ကို reasonable မဖြစ်တဲ့ကိစ္စပါပဲ။

နောက်တစ်ခု ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖြစ်နေတာက Ph.D ဒေါက်တာဆိုရင် ခြောက်ပြစ်ကင်း သဲလဲစင် အကုန်တော်ပြီး တတ်ပြီးလို့ထင်နေကြတာ။ မဟုတ်ပါဘူး၊ သူလုပ်တဲ့ သုတေသန field တစ်ခုမှာပဲတော်တာပါ။ ဥပမာ-သတ္တဗေဒဆိုပါစို့ အကောင်တစ်ကောင်အကြောင်း သုတေသနလုပ် တာ၊ အဲဒီအကောင်နဲ့ပတ်သက်တာပဲ သူတော်တာပါ။ ဒါမှမဟုတ် တွားသွားသတ္တဝါတွေရဲ့ မေးရိုး၊ ကျောရိုး၊ အစာအိမ်၊ မျိုးပွားအင်္ဂါအစိတ်အပိုင်း တစ်ခုခုအကြောင်းလုပ်ရင် အဲဒီအစိတ်အပိုင်းတစ်ခုခုမှာ ပဲ သူတော်တာပါ။ ဥပဒေဆိုရင်လည်း ပြစ်မှုရှိတယ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးရှိတယ်၊ တရားမတို့၊ သက် သေတို့၊ ဖွဲ့စည်းပုံ၊ မြေယာ၊ ကုန်ရောင်းကုန်ဝယ် . . . စသဖြင့် ဥပဒေပေါင်းအခွဲတွေ အများကြီးရှိ တယ်။ အဲဒီထဲက သူအထူးပြုတဲ့ ဘာသာရပ်တစ်ခုခုမှာပဲ သူတော်တာပါ။ စီးပွားရေးဆိုရင်လည်း Macro ရှိတယ်၊ တစ်ခါအဲဒီထဲမှာ Development ရှိတယ်၊ Finance ရှိတယ်၊ Planning ရှိတယ်၊ Dev-elopment မှာတစ်ခါ Urban Development ရှိတယ်၊ Rural Development ရှိတယ်၊ City Development ရှိတယ်၊ Transportation Development ရှိတယ်၊ Industrial Development ရှိတယ်။ Agricultural Development ရှိတယ်၊ Planning အပိုင်းမှာလည်း National Planning ရှိတယ်။ Sectoral Planning ရှိတယ်၊ Regional Planning ရှိတယ်၊ Project Planning ရှိတယ်။ အဲဒီ ထဲကမှ Field တစ်ခုကို သုတေသနလုပ်တွက်ချက်ရတဲ့ရလဒ်ကို ကောက်ချက်ချပြီး တီထွင်လိုက်တဲ့ ဆန်းသစ်ချက်ကိုပဲ အသိအမှတ်ပြုတဲ့အနေနဲ့ Ph.D ပေးတာပါ။ အဲဒီ Specific Field မှာတော့ တကယ်တော်လို့ ပေးတာပါ။ ဒါပေမဲ့ အကုန်လုံးအခြား Field တွေရော၊ လူမှူရေး၊ ဘာသာရေး အကုန်လုံးတော်တာ မဟုတ်ပါဘူး။ Ph.D မရပေမယ့် အကုန်လုံးနီးပါးတော်တဲ့သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အထင်အရှားရှိခဲ့ရှိနေပါတယ်။ အထူးသဖြင့် way of thinking တော်တာပါ။ မြန်မာနိုင်ငံမှာ Agricultural economics နဲ့ Ph.D ရထားတဲ့လူကို ကုန်သွယ်ရေးနဲ့ကူးသန်းရောင်းဝယ်ရေး ကဏ္ဍမှာ Ph.D ဆိုရင် အကုန်တတ်တယ်လို့ထင်နေတဲ့ လူကြီးတစ်ဦးက ခေါ်သုံးထားတာတွေ့ရပါတယ်။ မရ ဘူးမဟုတ်ပေမဲ့ လူမှန်နေရာမှန် မဟုတ်တာတော့ သေချာပါတယ်။

ကမ္ဘာမှာ အထူးသဖြင့် အမေရိကန်နဲ့အင်္ဂလန်က နာမည်အကြီးဆုံးနဲ့ အခက်ဆုံးလို့သတ်မှတ်ထာတဲ့ တက္ကသိုလ်က Ph.D ဘွဲ့ရပြီး သာမန်ညံ့ရုံမဟုတ်ဘဲ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး စုံးစုံမြုပ်သွား အောင် ပေါ်လစီမှားချမှတ်ခဲ့တဲ့ ညံ့တဲ့သူတွေလည်း မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ လက်ရှိလဲ ရှိနေဆဲ ပါ။

Ph.D ရပြီးသူတွေရဲ့လုပ်ငန်းဟာ တက္ကသိုလ်မှာ ပါမောက္ခဖြစ်ဖြစ်၊ အခြားရုံး၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာ ထိပ်ပိုင်းအရာရှိကြီးတွေဖြစ်ဖြစ် မပျက်မကွက်လုပ်ရမဲ့ အလုပ်တစ်ခုက ကိုယ်ရထားတဲ့ Ph.D ပညာ ပေါ်မူတည်ပြီး သုတေသနတွေ ကိုယ်တိုင်တစ်ဦးတည်းဖြစ်စေ၊ ရာထူးအဆင့်တူသူနဲ့တွဲ၍ဖြစ်စေ၊ Ph.D Candidates ကျောင်းသားတွေနဲ့တွဲ၍ဖြစ်စေ သုတေသနလုပ်နေရမှာ ဖြစ်ပါတယ်။ အနည်းဆုံး Ph.D လုပ်နေတဲ့သူတွေရဲ့ သုတေသနတွေကို Supervise, Advise လုပ်နေရမှာ ဖြစ်ပါတယ်။ သူများနိုင်ငံ တက္ကသိုလ်တွေမှာ ပါမောက္ခတွေဟာ လစာအပြင် သုတေသနရန်ပုံငွေပါရတာပါ။ မလုပ်မနေရ တွန်း အားပေးတဲ့သဘောလည်း ပါပါတယ်။ တက္ကသိုလ်က ဆရာအားလုံးဟာ ပါမောက္ခချည်းပါပဲ။ Assi-stant နဲ့ Associate လောက်ပဲကွာတာပါ။ ဝင်ဝင်ချင်းပါမောက္ခဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ မြန်မာ ပြည်မှာကတော့ လုပ်သက်အရပေးရင် တစ်ယောက်၊ များလှ နှစ်ယောက်ပဲပေးပါတယ်။ ဘာသုတေ သနမှလည်း မည်မည်ရရ လုပ်တာမတွေ့ရပါဘူး။ တစ်ခါလာလည်း ဒီသင်ခန်းစာပဲသင်၊ တစ်ခါလာ လည်း ဒီသင်ခန်းစာပဲသင်ပြီး ပြီးနေတာပါပဲ။ အသစ်ထွက်တာတွေလည်း မလေ့လာ၊ မသိပါဘူး။ ဥပမာ တစ်ခုပြောရင် စီးပွားရေးတက္ကသိုလ်က အငြိမ်းစားယူခါစ ပါမောက္ခတစ်ဦးကို ပထမဘွဲ့က စီးပွားရေးတောင်မဟုတ်ဘဲ Further study ကျမှ စီးပွားရေးလေ့လာနေတဲ့ ပညာရှင်တစ်ဦးက LEAN Manufacturing ဆိုတာ ဘာလဲလို့မေးတော့ မသိဘူးလို့ဖြေသတဲ့၊ Chemistry နဲ့ရထားတဲ့သူတစ်ဦး ကို သကြားရဲ့ဓာတုဖွဲ့စည်းပုံမေးတော့လည်း သူ့ Field မဟုတ်လို့ မသိဘူးလို့ ဖြေတယ်။ တစ်ခါက သမိုင်းနဲ့ Ph.D ဘွဲ့ရထားတဲ့သူတစ်ဦးကို ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သူက ဘယ်သူလဲလို့ မေးတော့ချက်ချင်းမဖြေနိုင်ဘူး။ ဖြေတော့လဲ တလွဲကြီးအနော်ရထာတဲ့။ ဒါဆို မြန်မာပြည်က Ph.D ကို စဉ်းစားကြည့်ပါ။ အကုန်လုံးမဆိုလိုမဲ့ တစ်ဦးတစ်လေတောင် မဖြစ်သင့်တဲ့ကိစ္စပါ။ Ph.D နဲ့ပတ်သက် ပြီး မြန်မာနိုင်ငံမှာ အလွဲကြီးတစ်ခုကတော့ တက္ကသိုလ်ဆရာ၊ ဆရာမထဲက Ph.D ရတဲ့သူတွေကို အထက်တန်းကျောင်းအုပ်ခန့်တဲ့ကိစ္စပါပဲ။ ဘယ်လိုအတွေးမျိုးနဲ့ ဒီကိစ္စလုပ်တယ်ဆိုတာ ဘယ်လိုမှကို တွေးလို့မရပါဘူး။ ယုံနိုင်စရာလည်း မရှိပါဘူး။ Ph.D ရပြီးတဲ့သူတွေရဲ့အတတ်ဟာ အဆင့်မြင့်ပညာပါ။ သာမန်ဘွဲ့ကြိုကျောင်းသားတွေထက်သာမက မဟာတန်းကျောင်းသားတွေကို အသိမျှပေး၊ အတတ် မျှပေး၊ ကြီးကြပ်အကြံပေးရမဲ့သူတွေပါ။ အထက်တန်းကျောင်းသားတွေကို သင်ဖို့ဟာ Ph.D အဆင့်ထိ တတ်စရာမလိုပါဘူး။ ဒါပေမဲ့ ပညာရေးသဘောတရားတို့ ပညာရေးစိတ်ပညာတို့ စတဲ့ပညာရေးဆိုင်ရာ သီအိုရီတွေ၊ ပညာတွေတော့ သိထားဖို့၊ တတ်ထားဖို့လိုသလို ကျောင်းအုပ်ဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု Management ဘာသာရပ်ကို သိထားဖို့လိုပါတယ်။ နောက်တစ်ခုက အထက်တန်းကျောင်းသားတွေ စာသင်ရတာနဲ့ အုပ်ချုပ်ရတာက တက္ကသိုလ်ကျောင်းသားတွေ စာသင်ရတာ၊ အုပ်ချုပ်ရတာနဲ့မတူဘူး။ အဲဒါတွေမသိဘဲ အထက်တန်းကျောင်းအုပ်သွားလုပ်ခိုင်းတာကတော့ တော်တော်ကို စဉ်းစားဉာဏ်မဲ့ တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အရင်လူလုပ်သွားလို့ နောက်လူကပြင်မလားဆိုတော့ မပြင်ဘူး။ အရင်လူရော နောက်လူရော Ph.D ရထားတဲ့သူတွေပါ။ ဂေါ်ဘာချက်ကို ကြည့်ပါ။ အာဏာလက်ဝါးကြီးအုပ်ပြီး အာဏာရှင်အဖြစ်နေနိုင်ပေမဲ့ မနေဘဲဂလက်နော့၊ ပယ်ရီစတွိုက်ကာ စတဲ့အတွေးနဲ့လက်တွေ့ ပေါင်း စပ်ခဲ့သူပါ။ ဒီမိုကရေစီစနစ်ပြောင်းခဲ့သူပါ။ နောက်တစ်ခုက ကျွန်တော်တို့လက်ရှိသမ္မတကြီးကိုပဲကြည့် ပါ။ ဘယ်သူမှ အိမ်မက်တောင်မမက်ခဲ့တဲ့ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကြီးကို လုပ်ခဲ့တာ ရိုးရိုးပြောင်းတာမဟုတ်ပါဘူး Dramatical Change ပါ။ Real Great ပါ။ Real Fantastic ပါ။ တစ်မျိုး သားလုံး၊ ဆွေစဉ်မျိုးဆက် ကောင်းစားအောင် လုပ်ရဲသူလုပ်နိုင်သူပါ။ သမ္မတကြီးဟာ ပညာရေးအား ဖြင့် First Degree သာယူခဲ့သူပါ။ ဒါပေမဲ့ သူ့အတွေးအခေါ် စိတ်ကူးစိတ်သန်းကို ဘယ် Ph.D Holder က မီပါ့မလဲ။

မည်သို့ပင်ဆိုစေ၊ ဒေါက်တာဘွဲ့ရတာဟာ Academic Process အရ ရသည်ဖြစ်စေ၊ ဂုဏ်ထူးဆောင် ရသည်ဖြစ်စေ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကြွားစရာတော့မဟုတ်ပါဘူး။ ဒေါက်တာဘွဲ့မရဘဲ ရသူထက် တော်သူတွေ၊ တတ်သူတွေ၊ ကမ္ဘာမှာရော မြန်မာမှာပါတစ်ပုံတစ်ပင်ပါ။ ကမ္ဘာမှာ သင်္ဘောအများဆုံးပိုင် တဲ့ ဂရိသူဌေးအိုနာစစ်ဟာ ဘွဲ့တောင်မရခဲ့ပါဘူး။ ဒါပေမဲ့ ၁၀ တန်းအောင်တဲ့ အသက် ၁၆ နှစ်မှာ ဘာသာစကားလေးမျိုး ပြောတတ်နေပါပြီ။ မီးလုံးထွင်တဲ့ အက်ဒီဆင်ဟာ ကျောင်းအတန်းမအောင်ပါ ဘူး။ သူမေးတာ ဆရာ၊ ဆရာမတွေ မဖြေနိုင်လို့ သူ့အမေက အိမ်မှာ စာသင်ပေးခဲ့ရတာပါ။ မြန်မာနိုင်ငံ မှာ MA ကျမ်းစာရော Ph.D ကျမ်းစာရော ကျွန်တော် Edit လုပ်ဖူးပါတယ်။ အင်္ဂလိပ်လို ရေးထားတာ ရှယ်ပဲ။ ဒါပေမဲ့ Abstract လည်း ဖတ်လိုက်ရော အကုန်ရေစုန်မျောတာပဲ။ အထဲမှာ ရေးထားတဲ့ အင်္ဂလိပ်စာအရေးအသားက ဆီနဲ့ရေပဲ၊ ရေမှ ရိုးရိုးရေကြည်မဟုတ်ဘူး။ ရွှံ့ဗွက်ရေဖြစ်နေတယ်။ ကိုယ်ကိုယ်တိုင် ရေးထားတဲ့စာနဲ့ ကူးချ၊ ဖြတ်၊ ညှပ်၊ ကပ် လုပ်ထားတဲ့စာနဲ့ အရမ်းသိသာလွန်းတယ်၊ ဒါပေမဲ့ ဘွဲ့ရသွားတာပဲ။ M.A ပဲဖြစ်ဖြစ် Ph.D ပဲဖြစ်ဖြစ် Subject Matter ကိုပေးတာ၊ Language ကို ပေးတာမဟုတ်ပါဘူး။ ဂျပန်မှာ ဂျပန်လိုရေးတင်ကြတာပါပဲ။ မြန်မာမှာရော မြန်မာလိုရေးရင်မရဘူး လား။ စဉ်းစားသင့်ပါတယ်။ အဓိကက တကယ်သိတကယ်တတ်ဖို့ပါပဲ။

The Yangon Times Daily
အတွဲ (၁)၊ အမှတ် (၁၄)၊ မေ - ၁၆၊ ၂၀၁၃ ခုနှစ်

ကျောင်းခေါင်းလောင်း စောခေါက်သဖြင့် ကျောင်းတာဝန်ရှိသူကို ထောင်ချ

ဟူနန်၊ မေ ၁၄
တရုတ်ပြည်တောင်ပိုင်း ကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးတစ်ယောက်သည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုနေစဉ် အချိန်ပြည့်ခေါင်းလောင်းကို ၅ မိနစ်စောခေါက်သဖြင့် ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက် ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

နိုင်ငံတော်အဆင့်ဖြင့် ကျင်းပနေသည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် အထက်တန်းကျောင်းသားများသည် တက္ကသိုလ်ဝင်ခွင့်ရရှိရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းဖြေ ဆိုကြရသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သတ်မှတ်ထားသည့် တက္ကသိုလ်သို့ ဝင်ခွင့်ရလျှင် မိဘများ အနေဖြင့်လည်း ဂုဏ်ယူဝံ့ကြွားလေ့ရှိကြသည်။

ဟူနန်နယ်မှ အသက် ၅၄ နှစ်အရွယ်ရှိ ရှောင်ယုလုံသည် စာမေးပွဲပြီးချိန်မတိုင်မီ ၄ မိနစ် ၅၄ စက္ကန့် ခေါင်းလောင်းကို စောခေါက်မိသဖြင့် စာမေးပွဲဖြေဆိုနေသော ကျောင်းသား ၁၀၅၀ ယောက်က ကန့်ကွက်ခဲ့ ကြသောကြောင့် ထိုသို့အရေးယူ အပြစ်ပေးရခြင်းဖြစ်ကြောင်း သတင်းမီဒီယာ တွင် ဖော်ပြထားသည်။

ကျောင်းသားရာချီသည့် မိဘများက အစိုးရကို ထိုသို့ကျောင်းအုပ်ကြီး၏ လုပ်ရပ်နှင့်ပတ်သက်ပြီး အရေးယူ ပေးပါရန် တောင်းဆိုခဲ့ကြသည်။ အရေးကြီးသည့် စာမေးပွဲတွင် ခေါင်းလောင်း စောခေါက်ခြင်းသည် ကျောင်းသားများကို စော်ကားခြင်းဖြစ်သလို၊ ထို ၅ မိနစ်ဆိုသည့် ကာလလေးသည် ကလေးတစ်ယောက်၏ ဘဝ အချိုးအကွေ့ကို ပြောင်းလဲ သွားစေနိုင်သောကြောင့် မိဘများက မကျေနပ်ခြင်းဖြစ်သည်။
ရှောင်ယုလုံကို ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်လိုက်သော်လည်း ကျောင်းတွင်ဆက်လက်အမှုထမ်းခိုင်း ထားဆဲဖြစ်ကြောင်းသိရသည်။

Maukkha 

အမျိုးသားတို့ အတွက် စားရမယ့် အစားအစာ

အမျိုးသားတွေ ကျန်းမာကြံ့ခိုင်မှု ရှိစေဖို့ စားသင့်တဲ့ အာဟာရတွေအနက် လေ့ကျင့်ခန်းလုပ်ပြီး နာကျင် နေချိန်မှာ ဘာကိုစားသင့်သလဲ၊ ကြွက်သား သန်စွမ်းအောင် ဘာကိုပိုစားသင့်သလဲ စတဲ့ အချက်တွေကို သိထားရင် ပိုမိုအကျိုးရှိရှိ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

 ကြွက်သား တည်ဆောက်မှုကောင်းအောင် အဆီနည်း အနီရောင် အသားစားပါ


အနီရောင် အသားတွေကို များများစားတာက ကျန်းမာရေးအတွက် မကောင်းဘူး ဆိုပေမယ့် အဆီနည်းတဲ့ အနီရောင် အသားမှာတော့ ပရိုတင်းဓာတ် ပါဝင်မှုများပြီး အဆီပါဝင်မှု နည်းတာကြောင့် စားပေးသင့်ပါတယ်။ အနီရောင် အသားမှာ လူစင်းဆိုတဲ့ အမိုင်နို အက်စစ်တစ်မျိုး ပါဝင်တာကြောင့် ကြွက်သားတွေ သန်စွမ်းအောင် တည်ဆောက်ပေးနိုင်ပါတယ်။

သွေးလှည့်ပတ်မှု ကောင်းမွန်အောင် အမည်းရောင် ချောကလက် စားပါ

ချောကလက်ကို သင့်တင့်တဲ့ ပမာဏ စားပေးရင် သွေးစီးဆင်းမှု ကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ အမည်းရောင် ချောကလက်မှာပါတဲ့ ဖလေဗနောဟာ မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျ စေတာ၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေ တာနဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေတာ စတဲ့ ကောင်းကျိုးတွေ ပေးနိုင်ကြောင်း သိရပါတယ်။ သွေးစီးဆင်းမှု အားနည်းတဲ့ အမျိုးသားတွေဟာ ပန်းသေ ပန်းညှိုး ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမဲ့ ချောကလက်ကို အများကြီးစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်တာကြောင့် တစ်နေ့ တစ်ကွက်စာ ပမာဏကိုပဲ စားသင့်ပါတယ်။

မျိုးဆက်ပွားအင်္ဂါ အားကောင်းအောင် အခွံမာ ပင်လယ်စာ စားပါ

အခွံမာတဲ့ ပင်လယ်စာတွေမှာ ဇင့် (သွပ်) ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် နှလုံး၊ ကြွက်သားနဲ့ မျိုးဆက်ပွား စနစ်အတွက် ကောင်းကျိုး ပေးပါတယ်။ လေ့လာမှုအရ အမျိုးသားတွေမှာ ဇင့်(သွပ်)ဓာတ် ချို့တဲ့တာကြောင့် သုက်ကောင် အရည်အသွေး ကျဆင်းမှုနဲ့ မျိုးအောင်နိုင်စွမ်း လျော့ကျမှု တို့ ဖြစ်နိုင်ကြောင်း သိရပါတယ်။

သွေးတွင်းကောင်းသော အဆီတိုးအောင် ထောပတ်သီး စားပါ

ထောပတ်သီးမှာ အဆီဓာတ် ပါဝင်မှု များပေမယ့် ကောင်းတဲ့ အဆီတွေပါ။ ထောပတ်သီးမှာ ပါတဲ့ မပြည့်ဝဆီတွေက မကောင်းတဲ့ ကိုလက်စထရောနဲ့ Total ကိုလက်စထရော အမျိုးအစားတွေကို လျော့ကျစေပါတယ်။

နှလုံးရောဂါ ကင်းဝေးအောင် အဆီပါသော ငါးစားပါ

ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတို့လို အဆီများတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်လို့ခေါ်တဲ့ ကျန်းမာရေး အကျိုးပြု အဆီတွေ ပါဝင်ပါတယ်။ ဒီအဆီတွေက နှလုံးရောဂါ၊ ကင်ဆာရောဂါ တချို့နဲ့ အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်မှာ အဆီများတဲ့ ငါးဟင်းကို နှစ်ကြိမ် စားပေးရင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေကြောင်း သိရပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် နာကျင်မှု မဖြစ်အောင် ချင်း(ဂျင်း) စားပါ

ချင်း (ဂျင်း) မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်။ လေ့လာမှုတွေအရ ချင်း(ဂျင်း)ကို ပုံမှန် စားပေးတာက လေ့ကျင့်ခန်း လုပ်တာကြောင့်ဖြစ်တဲ့ ကြွက်သား နာကျင်မှုဒဏ်ကို လျော့ကျစေနိုင်ကြောင်း သိရပါတယ်။

ကြွက်သား သန်စွမ်းအောင် နွားနို့နှင့် ဒိန်ချဉ်သောက်ပါ

နွားနို့နဲ့ ဒိန်ချဉ်မှာ ကြွက်သားတွေကို သန်စွမ်းစေတဲ့ အမိုင်နိုအက်စစ် လူစင်းဓာတ် ပါဝင်ပါတယ်။ ဒါကြောင့် အလေးမ လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသားတွေ အနေနဲ့ ကြွက်သားသန်စွမ်းစေဖို့ နွားနို့နဲ့ ဒိန်ချဉ်ကို သောက်သင့် ပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယားလည်း ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကျန်းမာ စေပါတယ်။

ကြွက်သားကျုံ့အားကောင်းအောင် ငှက်ပျောသီး စားပါ

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ် ဓာတ်ဟာ ကြွက်သားတွေကို ကျုံ့နိုင်စွမ်း ကောင်းစေသလို အရိုးကိုလည်း ကျန်းမာ စေပါတယ်။ ပိုတက်စီယမ် အလုံအလောက် မှီဝဲတာကြောင့် သွေးဖိအားကို ထိန်းပေးနိုင်တာ ကိုလည်း တွေ့ရပါတယ်။

မြ၀တီ

ကမ္ဘာမြေဆွဲအားနှင့် ငြိမ့်ညောင်းစေမည့် ထိုင်ခုံ


Gravity Balans လို့ အမည်ပေးထားပါတယ်။ နော်ဝေနိုင်ငံမှ Varier အမည်ရ ကုမ္မဏီက ထုတ်လုပ်တာ ဖြစ်ပါတယ်။

အနိမ့်အမြင့် စိတ်ကြိုက်ချိန်နိုင်ပြီး ကမ္ဘာမြေဆွဲအားကို လိုချင်တဲ့ Angle ကနေ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ကျိုးလည်း မသွားနိုင်ပါဘူး။ ထောင့်ကျကျ၊ နည်းစနစ် ကျကျ ဖွဲ့စည်းတည်ဆောက်ထားပြီး အသုံးပြုတဲ့ ဖိုက်ဘာ ကြောင့် ခိုင်ခံမှုလည်း ရှိပါတယ်။ ခုံပေါ်မှာ ခင်းတဲ့ သားရေနဲ့ ဆွဲသားတို့ ကြောင့် လျောင်းအိပ်လို့လည်း အဆင်ပြေပါတယ်။

ရုံးမှာ စားခွဲခုံ့ရှေ့ မတ်မတ်ထား အသုံးပြုနိုင်သလို၊ တစ်နေ့တာ ပင်းပန်မှုအတွက် ခဏ လှဲအိပ်ချင်ရင်လည်း ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ပုံစံ ပြောင်းနိုင်ပါတယ်။ Gravity Balans နဲ့ ပက်သက်လို့ အသေးစိတ် လေ့လာချင်ရင် အောက်ပါလခ့်မှာ ကြည့်ရှု နိုင်ပါတယ်။


ZinYawNews

သင့်မျက်နှာက ပြောပြနေသော သင့်ကျန်းမာရေး

သင့်မျက်နှာပေါ်က အချက်အလက်တွေက သင့်ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြနေတယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။  ကိုယ်ခန္ဓာ အချက်ပြမှုတွေကို ဖတ်ရှူရင်း သတိပြုသင့်တဲ့ ကိုယ်တွင်း ကျန်းမာရေး အခြေအနေတွေကို တရုတ်ဆေးပညာအရ အခုလို သိရပါတယ်။


ကျန်းမာရေး အချက်ပြမှု (၁)
နဖူးပေါ် ဝက်ခြံပေါက်လျှင်
တရုတ်ဆေးပညာအရ နဖူးဟာ အစာခြေစနစ်နဲ့ နီးနီးကပ်ကပ် ဆက်စပ်မှုရှိပြီး မျက်ခုံးနှစ်ခု ကြားနေရာက အသည်းနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ သိရပါတယ်။ အယ်လ်ကိုဟောနဲ့ အဆီအအိမ့် များလွန်းတဲ့ အစာတွေကို စားသောက်တာကြောင့် ဒီနေရာတွေမှာ ယာယီ အဖုအပိမ့်တွေ ဖြစ်စေပါတယ်။ အာဟာရချို့တဲ့မှု ဖြစ်တာကြောင့် မျက်နှာ အပြစ်အနာအဆာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအဖုအပိမ့်တွေ ပျောက်အောင် အာဟာရရှိတဲ့ အစားအသောက်တွေကို စားပြီး ရေဓာတ် ပြည့်ဝအောင် ကြိုးစားပါ။

ကျန်းမာရေး အချက်ပြမှု (၂)
ပါးပြင်ပေါ်တွင် အပြစ်အနာအဆာရှိလျှင်
မိတ်ကပ်အလှကုန်တွေ၊ ညစ်ပတ်တဲ့ ခေါင်းအုံးစွပ်တွေကြောင့် ပါးပြင်မှာ အဖုအပိမ့် ပေါ်နိုင်သလို ဒီနေရာက အဆုတ်နဲ့ ဆက်စပ်နေတာကြောင့် ဆေးလိပ်သောက်သူ၊ ပန်းနာရင်ကျပ်ရောဂါ ရှိသူနဲ့ ဓာတ်မတည့်မှု ဝေဒနာရှင်တွေလို အသက်ရှူလမ်းကြောင်း ဝေဒနာရတာကြောင့် ပါးပြင်မှာ အဖုအပိမ့် ပေါ်နိုင်တယ်လို့ တရုတ်ဆေးပညာအရ သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၃)
မေးစေ့နှင့် မေးရိုးတစ်လျှောက် အဖုအပိမ့်များ ရှိလျှင်
မေးစေ့နဲ့ မေးရိုးလိုင်းတစ်လျှောက် အဖုအပိမ့်တွေ ရှိနေတာက ဟော်မုန်း အတက် အကျကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီလာစဉ် အမျိုးသမီးတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာတွေမှာ ကြာရှည် အဖုအပိမ့်ပေါက်တာက ဟော်မုန်းမညီမျှတာနဲ့ အန်ဒိုခရိုင်းဝေဒနာတို့ရဲ့ လက္ခဏာအနေနဲ့ ပြတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီမလာတာနဲ့ ကိုယ်အလေးချိန် တက်တာတို့လို တခြားလက္ခဏာတွေ ဖြစ်ပေါ်ရင် ဟော်မုန်း အတက်အကျကို စစ်ဆေးဖို့ လိုပါလိမ့်မယ်။

ကျန်းမာရေး အချက်ပြမှု (၄)
မျက်ကွင်းညိုပြီး မျက်အိတ်ဖြစ်နေလျှင်
မျက်ကွင်းညိုတာနဲ့ မျက်အိတ် ဖြစ်ပေါ်တာက အများအားဖြင့် မျိုးရိုးလိုက်လို့ ဖြစ်ရတာပါ။ ဒါပေမဲ့ ရုတ်တရက် ဖြစ်ပေါ်လာရင်နဲ့ သိသိသာသာ ပိုဆိုးလာရင်တော့ ကျန်းမာရေး ပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ မျက်လုံးအောက် နေရာတစ်ဝိုက်က ကျောက်ကပ်နဲ့ ဆက်စပ်နေတာကြောင့် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖြစ်တာက ရေဓာတ်ခန်းခြောက်တာနဲ့ အဆိပ်တွေ စုဆောင်းမှု ရှိနေတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကို တွန်းလှန်နိုင်ဖို့ ရေများများသောက်ပါ၊ အယ်လ်ကိုဟော၊ ကဖင်းနဲ့ ဆားကို ရှောင်ပါ။ မျက်ကွင်းညိုတာက ဗီတာမင်ဘီ ၁၂ ဒါမှမဟုတ် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်း ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး အချက်ပြမှု (၅)
မှဲ့
မှဲ့တွေရှိရင် နေကာခရင်မ် မှန်မှန်လိမ်းတာ၊ နေရောင်ထဲ မထွက်ဘဲ အိမ်တွင်းအောင်းနေတာ၊ မှဲ့တွေကို မကြာခဏ စစ်ဆေးတာ စတာတွေကို လုပ်ဆောင်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ မှဲ့ ၁၀၀ ကျော်ရှိရင် အရိုးတွေ အားနည်းတတ်ပြီး အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ရှိတယ်လို့ လန်ဒန်ကင်းကောလိပ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

ကျန်းမာရေး အချက်ပြမှု (၆)
လျှာက ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေလျှင်
တရုတ်ဆေးပညာအရ လျှာက ကျန်းမာရေးကို ဖော်ပြနေတဲ့ မြေပုံဖြစ်တာကြောင့် လျှာကို ကြည့်ပြီး ကျန်းမာရေး ချို့တဲ့မှုတွေကို သိနိုင်ပါတယ်။ သံဓာတ်၊ ဖောလိတ်နဲ့ ဗီတာမင်ဘီ ၁၂ တို့ ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ လျှာအနာ၊ လျှာနီတာတို့နဲ့ ဆက်စပ်နေသလို လျှာအရောင်က ဖြူဖွေးနေတတ်ပါတယ်။ လျှာက အပြာရောင် သန်းနေရင် သွေးကြောထဲ အောက်ဆီဂျင် ပြတ်လပ်တဲ့ လက္ခဏာ ဖြစ်နိုင်သလို လျှာပေါ်မှာ အဖြူရောင်အနာ ဖြစ်ပေါ်တာက မှက္ခရုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး အချက်ပြမှု (၇)
မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေး အလွန်အမင်း ပေါက်နေလျှင်
မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အမွေးအမှင်တွေ များလွန်းရင် အင်ဒိုခရိုင်းပြဿနာ (Endocrine Disorder) ကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များဆုံး အင်ဒိုခရိုင်း ပြဿနာက သားဥအိမ်မှာ သားဥ မကြွေနိုင်ဘဲ ရေအိတ်ငယ်တွေ ဖြစ်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစု (PCOS) ဖြစ်ပြီး ဝက်ခြံထွက်တာ၊ ကိုယ်အလေးချိန် တက်တာ၊ ရာသီမမှန်တာနဲ့ အမွေးအမှင် ထူထဲတာတို့လို လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

KIO ကျောင်းတွင် တရုတ်စာကို ဘာသာရပ် တခုအဖြစ် သင်ကြားသွားမည်

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့ (Mai Ja Yang) ထွယ်နင်ရှောင် (Htoi Ning Shawng) အထက်တန်းကျောင်းတွင် ယခုနှစ်ပညာသင်နှစ်မှစ၍ တရုတ်စာကို ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်း သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“တရုတ်အစိုးရရဲ့ အကူအညီနဲ့သင်ကြားသွားမှာပါ။ သူတို့ဘက်က လိုအပ်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ်နဲ့ နည်းပြဆရာတွေကို ပံ့ပိုးမှုပေးသွားမှာဖြစ်တယ်” ဟု ကျောင်းအုပ်ကြီး ဦးဖုန်ဆန့် ကပြောသည်။

ထိုကျောင်းတွင် ၅ တန်းမှ ၁၀ တန်းထိ သင်ကြားသွားမည်ဖြစ်ပြီး ကျောင်းသားသစ် အနေဖြင့် မြန်မာအစိုးရနှင့် KIO မည်သည့် ကျောင်းမှလာသည်ဖြစ်စေ ပဉ္စမတန်း တက်ရောက်မည့် ကျောင်းသားသစ် ၂၅ ယောက်ကိုသာ လက်ခံသွားမည်ဖြစ်ပြီး တက်ရောက်သူများ သည် ဘော်ဒါဆောင် နေရမည်ဖြစ်သည်။

ကျောင်းသားများ၏ အစားအသောက်နှင့် ကျောင်းစရိတ်များကို KIO နှင့် မိဘများမှ ခွဲဝေပံ့ပိုးသွားမည်ဖြစ်ပြီး ကျောင်းကို လာမည့်ဇွန်လမှ ဖွင့်လစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်မှစကာ တရုတ်စာ ထည့်သွင်းသင်ကြားရခြင်းမှာ များစွာသောပညာရပ်များကို လျင်မြန်စွာ လက်လှမ်းမှီ သင်ယူ တတ်မြောက်နိုင်ပြီး အိမ်နီးချင်းနိုင်ငံ တရုတ် စာနှင့် စကားများကို ကျောင်းသားများအား တတ်မြောက်စေ လိုသောကြောင့် ဖြစ်သည် ဟု ကျောင်းအုပ်ကြီးက ပြောသည်။

“မိုင်ဂျာယန်မြို့မှာ ပထဆုံး တရုတ်စာထည့်သွင်းသင်ကြားသွားမဲ့ ကျောင်းလို့ပြောလို့ရတယ်။ အရင်ကတော့ မိုင်ဂျာယန် ပညာရေးကောလိပ်၊ Intensive English Program (IEP) ကျောင်းတွင်မှာ ခဏတော့သင်ကြားဖူး တယ်။ ဒါပေမဲ့ အခုတော့မရှိတော့ဘူး။”

အဆိုပါကျောင်းကို ယခင်က KIO ၏ စိုက်ပျိုး မွေးမြူရေးကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ ၎င်းတွင် စိုက်ပျိုးရေးပညာ၊ ရိုးရာယာဉ်ကျေးမှုအကြောင်း၊ ဂီတ (music) ပညာ၊ စက်ချုပ်ပညာနှင့် လက်သမားပညာများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

ထိုမှ ၂၀၀၅ ခုနှစ်မှ စတင်ကာ ထွယ်နင်ရှောင် (Htoi Ning Shawng) ဘော်ဒါပြုလုပ်လိုက်ပြီး ၂၀၁၂ ခုနှစ်မှ ထွယ်နင်ရှောင် (Htoi Ning Shawng) ပညာရေးကျောင်းဆိုပြီး ပြန်လည်ဖွင့်လစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကျောင်းတွင် သင်ကြားပြီးမြောက်သော ကျောင်းသူ/သားများသည် KIO အစိုးရမှဖွင့်လှစ်ထားသာ TTC (Teacher Training College)၊ IEP (Intensive English Program) ကျောင်းများတွင် ဆက်လက် သင်ယူခွင့် ရှိကြောင်း သိရသည်။

မိုင်ဂျာယန် Htoi Ning Shawng အထက်တန်းကျောင်းတွင် ယမန်နှစ် ကျောင်းသားဦးရေ စုစုပေါင်း (၈၆) ယောက်ရှိပြီး ယခုနှစ် စီမံကိန်းအဖြစ် အခြေခံပညာမူလတန်းကျောင်းကို ဆက်လက် တည်ထောင်သွားရန် လည်းရှိကြောင်း သိရသည်။

Maukkha

ကမ္ဘာ့အကောင်းဆုံး အမဲလိုက် သေနတ်


ယနေ့ခေတ် အမဲလိုက် သေနတ်အများစုဟာ ကိုက် တစ်ထောင် အကွာမှာ ရှိတဲ့ ပစ်မှတ်တစ်ခုကို ပစ်မယ်ဆိုရင် ၆ ပေလောက်ထိ height losses ထည့်သွင်း တွက်ချက်ရပါတယ်။

ယင်းပြဿနာကို ဖြေရှင်းပေးမယ့် သေနတ်ပေါ်လာပါပြီ။ Linux OS အခြေ ဆိုက် OS တစ်ခု ထည့်ထားပြီး သေနတ်သမား ကို တောက်လျှောက် ကူညီပေးနေမယ့် သေနတ်ဖြစ်ပါတယ်။ ပစ်မှတ် နဲ့ အကွာအဝေး ဘယ်လောက်ရှိတယ်။ လေတိုက်နှုန်း ဘယ်လောက် ရှိတယ်။ ဘယ်အတိုင်း တာလောက်ထိချိန်မှ ထိနိုင်မယ် အစရှိ သဖြင့်တို့ကို ချိန်ကိုက် သတင်းပေး သွားမှာ ဖြစ်တဲ့အတွက် ပစ်မှတ် လွဲဖို့ ခဲယဉ်းသွားပါတယ်။

အမဲလိုက်သေနတ်အဖြစ် ထုတ်လုပ်ပေမယ့် လူတိုင်း ကိုင်ခွင့်တော့ ရှိမှာ မဟုတ်ပါဘူး။ ကြောက်စရာ ကောင်းတဲ့ လူသတ်လက်နက် လည်း ဖြစ် လာနိုင်တဲ့ Linux အမဲလိုက်ရိုင်ဖယ် ဟာ ကမ္ဘာ့ အကောင်း ဆုံး အမဲလိုက် ရိုင်ဖယ်ဖြစ်တယ်လို့ ကြေညာထားကြောင်း သိရ ပါတယ်။

International News for Myanmar

၂၂၉ ဒေါ်လာတန် Samsung Galaxy S4



တကယ်အမှန်အကန်နော်။ သို့ပေမယ့် တရုတ်ဖြစ် အမှန်အကန်ပါ။ :D။ အထင် မသေးပါနဲ့။ Samsung Galaxy S3 နဲ့ Level ချင်းပြီး ဗီဒီယို ဒီမိုစတေးရှင်း ပြတော့ Samsung Galaxy S3 ထက်သာကို မြင်လိုက် ရပါတယ်။ အောက်ပါ ဗီဒီယိုလခ့်ပေးထားပါတယ်။

သာမှာပေါ့။ ကင်မရာလည်း အမှန်အကန် 13 megapixel ထည့်ပေး ထားပါတယ်။ Processor ကလည်း Quad core တဲ့လေ။ မျက်နှာပြင် HD ဖြစ်ပြီး 1080p ဗီဒီယို အသာလေး ကြည့်နိုင်ပါတယ်။ Internel 16GB ပါပြီး 64GB အထိထည့်နိုင်ပါသေးတယ်။

တရုတ်ဖုန်း ဆိုတော့ ထူးခြားချက်က GSM တင်မကပဲ CDMA 800 ပါထည့်လို့ ရမှာ ဖြစ်ပါတယ်။ Android ကလည်း Jelly Bean 4.2.1 ကို အသုံးပြု ထားပေးပါတယ်။ Samsung Galaxy S4 official နဲ့ အရွယ်လည်းတူ၊ ပုံစံလည်း၊ UI လည်းတူအောင် ဖန်တီးထားပါတယ်။ သို့ပေမယ့်လိုက်လို့ မမှီ၊ မပါနိုင်တာ များလည်း ရှိမှာပါ။ S Bean တို့၊ S Translation တို့ပါမှာ မဟုတ်ပါဘူး။ Eye tracking လည်း ပါမှာ မဟုတ် ပါဘူး။ S Feature တွေ ပျောက်နေမှာ အမှန်ပါပဲ။

ကင်မရာ 13 ရှိကြောင်းတော့ အာမခံထားရှာပါတယ်။ ရှေ့ကင်မရာ ကော ဘယ်လောက် ရှိတယ် ထင်ပါသလဲ။ ဟုတ်ကဲ့။ 5 Megapixel တောင် ရှိပါတယ်။ ဒါလည်း အင်မဟုတ်ပါဘူး။ လက်တွေ့ စမ်းသပ်ပြသ ထားပါတယ်။

အွန်လိုင်းကနေ တစ်ဆင့် ရောင်းချတာပါ။ ယခင်က ဒေါ်လာ ၂၄၀ ဝန်းကျင် ကနေ ဈေးချလို့ ၂၂၉ ဒေါ်လာအထိတောင် ဈေးချထားပါတယ်။ အသေးစိတ် specification နဲ့။ အသုံးပြုပုံ၊နှိုင်းယှဉ် ချက်များကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။


TechSpaceJournal မှ ကူးယူဖော်ပြသည်။

ဒု သ န သော

ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်း မကြာမကြာ အမေးခံရဖူးပါတယ်။ တစ်ချို့လည်း ကြားဖူးနေပေမယ့် အဓိပ္ပါယ် တိတိကျကျ မသိတဲ့အတွက် မေးကြခြင်းဖြစ်သလို တစ်ချို့လည်း စာအုပ်စာပေ တွေဖတ်ရင်းကြားညပ်ပါလာလို့ ဖတ်လိုက်ရပေမယ့် အကျယ်မရှင်းထားတော့ ဘာမှန်းမသိ ဖြစ်တဲ့အတွက် မေးကြတာလည်း ရှိပါတယ်။ တကယ်တော့ ဒီအသံတွေဟာ မကောင်းတဲ့ အလုပ်ကြောင့် မကောင်းတဲ့ဘ၀ ကနေခံစားနေရတဲ့ မကောင်းကျိုးတွေအပေါ် နောင်တရတဲ့ သူတွေရဲ့ သံဝေဂနဲ့အတူ အသိပေးတဲ့သတိ ပေးသံတွေပဲ ဖြစ်ပါတယ်။ ဒီစကားလေးတွေ ဖြစ်ပေါ်ခဲ့ရခြင်း အကြောင်းရဲ့ အတိတ်ကို ပြန်ကြည့်လိုက်ရင် ကြောက်လန့်စရာ တကယ့်ကိုပဲ ကောင်းလှပါတယ်။ ဒီအသံပိုင်ရှင်တွေရဲ့ အတိတ်က လုပ်ရပ်တွေဟာ ကြောက်တတ်မယ်ဆိုရင် တကယ်ပဲ ကြောက်စရာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓအနေနဲ့ ဒီအကြောင်းတရားကိုဟော ကြားဖြစ်ခဲ့တာကတော့ ကောသလဘုရင်နဲ့ ဆက်စပ်နေပါတယ်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီး တစ်ဦးကိုနှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီးအကြောင်းကို စုံးစမ်းခိုင်းတဲ့ အခါအိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီးအပေါ်စွဲ လန်းနေမိတဲ့အတွက် ဒီအမျိုးသမီးကို အရယူဖို့သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာအလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်း နည်းနဲ့အပြစ်ရှာပြီး အပြစ်အတိုင်းအဆုံးစီရင်ကာ ကျန်ခဲ့တဲ့အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ်ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကိုတမင် အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်းသွားရောက် ဆောင်ယူရမှာဖြစ်ပါတယ်။
ဒါနဲ့သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာရှိတဲ့ သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။

တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ဘုရင်အမိန့်အတိုင်း လိုအပ်တာကို ယူဆောင်ပြီး နန်းတော်သို့ အချိန်မီရောက်အောင် ပြန်လာ ခဲ့ပေမယ့် အကြံကြီးတဲ့ ဘုရင်ကြီးဟာ သူဆင်းရဲသား မရောက်ခင် နန်းတော်မြို့တံခါးကို စောစော အပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါးပိတ်ထားတဲ့ အတွက်အဲဒီည အိပ်စရာမရှိတဲ့အခါနောက်ဆုံး သတ္တ၀ါတွေရဲ့ထုံးစံအတိုင်းဒုက္ခရောက်မှ ဘုရားကျောင်း ကန်ကိုသတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။

ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက် ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရဖြစ်နေ ခဲ့ပါတယ်။အိမ်မပျော်ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ငရဲသား လေးယောက်ရဲ့အသံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်းသူတို့ မှားခဲ့တဲ့အမှားအတွက် ခံရတဲ့ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က“ဒု”၊ တစ်ယောက်က“သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲပြန်မြုပ် သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ် လန့်ကာဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။

မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပု ရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရာယ် အတွက်စိုးရိမ်စရာဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကိုပူဇော်ရပါမယ်၊ဒီယဇ်ပူဇော်ဖို့ အတွက် ဆင်၊မြင်း၊နွားလဥသဘ၊ နို့ညှစ်နွားမ၊ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊၀က်၊ သတိုးသား၊သတိုးသမီး စသဖြင့်သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီးပူဇော်ရပါမယ်၊ အဲဒါဆိုဘုရင်ကြီးရဲ့ အသက်အန္တရာယ် အတွက်စိုးရိမ်စရာမရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင် လိုက်ပါတယ်။

ကောသလဘုရင်ဟာ ဉာဏ်အမြင် နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့ သူဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်းစီရင် စေပါတယ်။ဘုရင်ရဲ့ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သား သမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။ဒီအသံတွေကြောင့် ကောသလမင်း ကြီးရဲ့မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာလမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက် ကြားဖို့အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့အကြံအ တိုင်းဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။

ဘုရားရှင်ထံရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့ အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရကံကြောင့် လောဟကုမ္ဘီ ငရဲမှကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာအတူပျော် ပါးစားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက် တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကိုပေးကာ သူတို့နဲ့ပျော်ပါးတဲ့အခါ အသုံးပြုကြဖို့ဆုံး ဖြတ်ပြီးချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီးပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေး ယောက်ဟာကာမေသုမိစ္ဆာစာရ အမှုကိုနှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲသူတို့ လေးယောက်သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီးအခု တစ်ခါလောဟကုမ္ဘီငရဲမှာ ထပ်ပြီးခံနေရတာဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီသူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက
“ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့ “ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အားစည်း စိမ်ဥစ္စာများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့်ကုသိုလ် ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ပြောလို တာဖြစ်ကြောင်း၊

“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့ “သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“န”ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့ “နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏အပိုင်းအ ခြားသည်မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့ “သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကိုသိ လေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည်ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ပြော လိုတာဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။

အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်းအဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင် အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန် ပါ တော့တယ်။

ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။
ဒီနေရာမှအဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့စကားလုံးတွေအကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်ကလုပ်ခဲ့တဲ့ သူတပါးသားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့တန်ပြန် သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင်ကိုယ်ကျင့် သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒု - သ - န - သောဆိုတဲ့ စကားလုံးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအဖြစ်အပျက် အဓိပ္ပါယ် တွေကိုကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

ဖယောာင်းတိုင်မီးက လူ့ကျန်းမာရေးကို ထိခိုက်စေ

အိမ်တံခါး အလုံပိတ်ပြီး ဖယောင်းတိုင်မီးထွန်းခြင်းက လူ့ကျန်းမာရေး ကို သိသိသာသာ ထိခိုက်စေကြောင်း သိရပါတယ်။

ဖယောင်းတိုင်မှာပါတဲ့ ရေနံဆီ၊ လောင်စာ၊ ဖယောင်း တို့ ရောမွှေလောင်ကျွမ်းမှုကြောင့် ထွက်လာတဲ့ အငွေ့ဟာ အနံ့အားဖြင့် မပြင်းထန်ပေမယ့် ရှုရှိုက်မိရင် အဆိပ်အတောက် ဖြစ် ရ လောက်အောင် ဆိုးကျိုး ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖယောင်းတိုင် ထွန်းရင် လေဝင်လေထွက် တစ်နေရာရာမှာ ရှိဖို့ လိုအပ်ပါတယ်။

ရေမွေး တစ်စက်တို့မှုကြောင့် အနံလှိုင်လှိုင်ထွက် သကဲ့သို့ ဖယောင်း တိုင် လောင်ကျွမ်းမှုကြောင့် ထွက်ရှိတဲ့ အနံ့လည်း မနည်းကြောင်း ဆိုပါတယ်။ ယင်း အနံ့ကြောင့် အသက်ရှူ လမ်းကြောင်းနဲ့ ဆက်စပ်ရောဂါ အပြင်၊ အဆုတ်၊ ကင်ဆာ တို့လို ရောဂါ တို့ကိုပါ ဖြစ်ပေါ်စေတတ်ကြောင်း သိရပါတယ်။

International News for Myanmar

အိန္ဒိယနိုင်ငံက ရထားပေါ်များတွင် Wi Fi အခမဲ့ အသုံးပြုနိုင်

အိန္ဒိယမှာ စီမံကိန်းသစ် တစ်ခုအနေနဲ့ ရထားတွေပေါ်တိုင်းမှာ အင်တာ နက် အလကားသုံးနိုင်မယ့် Wi-Fi လွင့်ပေးတော့မတဲ့လေ။ ပထမဦးဆုံး အစီအစဉ်အနေနဲ့ နယူးဒေလီမြို့ မှာ ပြေးဆွဲနေတဲ့ ရထားတွေပေါ်မှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

နောက်ဆိုရင် အခြားမြို့ တွေက ရထားနဲ့ နိုင်ငံတစ်လွှား ပြေးဆွဲသော ခရီးတို၊ ခရီးဝေး ရထားတွေတိုင်းပေါ်မှာ တပ်ဆင်ပေးသွားတော့ မှာ ဖြစ်ကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ ရထားစီးနေစဉ် အတွင်း အီးမေးလ်ဝင်စစ်နိုင်ရန်၊ You Tube ကြည့်ရှုနိုင်ရန်၊ ဝဘ်ဆိုဒ်များ ဝင်ရောက်လေ့လာရန် ဖြစ်ပါတယ်။ ဒီတော့ Bandwidth သိပ်အများကြီး ထားမပေးပါဘူး။

Porn site များကြည့်ရှုခြင်းကိုတော့ ပိတ်ပင်ထားပါတယ်။ ယခု ၂၀၁၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတလွှား မီးရထားများပေါ်မှာ မြန်နှုန်းမြင့် အင်တာနက်လိုင်းများ အသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အိန္ဒိယ မီးရထားပို့ဆောင်ရေဝန်းကြီးဌာနမှ ပြောဆိုထားကြောင်း သိရ ပါတယ်။

TechSpaceJournal

So Cute နော်... :P





စမတ်ဖုန်းများတွင် အသုံးပြုနေသည့် Capacitive Touchscreen ဘယ်လို အလုပ်လုပ်သလဲ

ထိတွေ့မှုသုံး မျက်နှာပြင် တပ်ဆင်ထားတဲ့ ဖုန်းနဲ့ tablet များကို အသုံးပြုရာမှာ လက်ချောင်းတွေကို အသုံးပြုရပါတယ်။ အထူးပြုလုပ်ထားတဲ့ Stylus Pen ကလွဲလို့ သာမန် ဘောပင်တို့ ၊ ခဲတံတို့လို့ အရာဝတ္ထုတွေနဲ့ တွဲဖက်သုံးစွဲလို့ မရနိုင်ပါဘူး။ ဒါဟာ ဘာကြောင့်ပါလဲ။

ထိတွေ့မှုသုံး မျက်နှာပြင်များဟာ လူ့အရေပြားရဲ့ ထူးခြားတဲ့ လျှပ်စစ်ဓာတ်ကူးမှုပုံစံပေါ် မူတည်ပြီး အလုပ်လုပ်လို့ ဖြစ်ပါတယ်။ Capacitive Touchscreen လို့ ခေါ်တဲ့ ဒီထိတွေ့မှုသုံး မျက်နှာပြင်တွေမှာ ပါဝင်တဲ့ ဓာတ်ကူးအလွှာပါးဟာ သင့်ရဲ့ လက်ချောင်းများမှာ သိုမှီးထားတဲ့ လျှပ်စစ်ဓာတ်ပေါ် မူတည်ပြီးတော့ တုန့်ပြန်ဆောင်ရွက်တာ ဖြစ်ပါတယ်။

ထိတွေ့မှုသုံး မျက်နှာပြင်များမှာ အလွှာ ၂ လွှာ ပါဝင်ပြီး တစ်ခုကတော့ အတွင်းပိုင်းမှ ပစ္စည်းတွေကို ဓာတ်ကူးခြင်းမှ ကာကွယ်ပေးနိုင်တဲ့ မှန်သားပြင်နဲ့ အပေါ်လွှာအဖြစ် ဓာတ်ကူးခြင်းကို အားပေးတဲ့ Indium Tin Oxide လိုမျိုး အလွှာပါးတစ်ခုတို့ ပါဝင်ပါတယ်။

လူ့ခန္ဓာကိုယ်ဟာ သဘာဝအလျောက် ဓာတ်ကူးခြင်းကို အားပေးပါတယ်။ ဒီထူးခြားတဲ့ အချက်ကြောင့် အထက်ဖော်ပြပါ မျက်နှာပြင်ကို ထိတွေ့လိုက်တဲ့အခါ လျှပ်စစ်စက်ကွင်းတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်သွားပြီး မျက်နှာပြင်ကို ဓာတ်ကူးစေပါတော့တယ်။ ဤဓာတ်ကူးမှု အသွင် သဏ္ဍာန်ပေါ် မူတည်ပြီး မိမိလက်ညှိုးညွှန်ရာ ကို မျက်နှာပြင်က တုန့်ပြန်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း လူ့အရေပြားလို့ ထူးခြားတဲ့ ဓာတ်ကူးမှုသဏ္ဍာန် ဖန်တီးနိုင်ခြင်း မရှိတဲ့ ပလတ်စတစ် (သို့) သတ္တုပစ္စည်းများဟာ ထိတွေ့မှုသုံး မျက်နှာပြင်များပေါ်မှာ အလုပ်မလုပ်တာ ဖြစ်ပါတယ်။

လူသားနှင့် ကွန်ပြူတာ ဆက်စပ်ပေါင်းကူးမှုဆိုင်ရာ Berkshire စွယ်စုံးကျမ်းကြီးကမူ - "Capacitive touchscreens use a single layer of material and detect changes in the amount of electric charge that can be stored to determine where the user is touching.” ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။

Myanmar Comsumer Guide
Related Posts Plugin for WordPress, Blogger...