လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

တရုတ်ကျောင်းတွင် ရည်းစား လုံးဝမထားရ

အရှေ့တရုတ်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် အငြင်းပွားဖွယ်ရာဖြစ်သော ရည်းစား လုံးဝမထားရ ဆိုသည့် အမိန့်ကို ချမှတ်လိုက်သည်။
ယူကင်းယူကိုင်ကျောင်း၏ ထုတ်ပြန်ချက်ထဲတွင် လူငယ်ကျောင်းသားများ အနေဖြင့် ဆန့်ကျင်ဖက်လိင်၊ အခြားကျောင်းသူကိုဖြစ်စေ၊ ကျောင်းသားကိုဖြစ်စေ သစ်ပင်အောက်၊ ကျောင်းထောင့် စသည့် လူမရှိသော နေရာတွင် တစ်ဦးတည်း စကားမပြောရဟု ကန့်သတ်ထားသည်။
လက်တွဲလမ်းလျှောက်ခြင်း၊ ဖက်ပွေ့ခြင်းနှင့် နမ်းခြင်း တို့ကိုလည်း ပြင်းထန်စွာ တားမြစ်ထားသည်။ ကစားကွင်းထဲတွင် လည်း ယောက်ျားလေး- မိန်းကလေး အချင်းချင်း ယှဉ်တွဲပြီး လမ်းမလျှောက်ရဟု ပိတ်ပင်ထားလိုက်သည်။
''ကျွန်ုပ်တို့ ကျောင်းသားတွေ အားလုံးဟာ ကျိုးကြောင်း ဆင်ခြင်တုံတရားရှိပြီး ချုပ်တည်းနိုင်စွမ်းရှိရှိ နေနိုင်ဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက် အချစ်ရေးကိစ္စနဲ့ ပတ်သက်လို့ပါ။ ဒါမှ စာတစ်ခုတည်းကိုပဲ အာရုံစူးစိုက်လေ့လာနိုင်မှာ" ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ငယ်ရွယ်စဉ် ရည်းစားထားခြင်းဖြင့် ပညာရေးကို ထိခိုက်နိုင်သည်ဟု သတိပေးထားသည်။ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် အန္တရာယ် ဖြစ်စေနိုင်သည်ဟုလည်း ကြေညာချက်တွင် ဖေါ်ပြထားရှိသည်။ စည်းကမ်းကို ဖေါက်ဖျက်သော ကျောင်းသားအနေဖြင့် အပြစ်ပေး အရေးယူခြင်း ခံရမည်ဖြစ်ပြီး မိဘများထံသို့လည်း အကြောင်းကြားမည်ဖြစ်သည်။
"ဆယ်ကျော်သက် ရည်စားထားတာကတော့ ဒီခေတ်မှာ သိပ်ပေါများလွန်းလှတယ်။ ကိုင်တွယ်ရ သိပ်ခက်ခဲတာပါ။"  ကျောင်းဒါရိုက်တာ လီချွန်လီယန်က တရုတ်နေ့စဉ် သတင်းစာကို ပြောပြခဲ့သည်။ "ဒီစည်းကမ်းအသစ်ကတော့ ငယ်ငယ်ရွယ်ရွယ် ဖြစ်ပျက်နေတာကို ကာကွယ်ပေးနိုင်မယ်လို့ ကျမတို့က မျှော်လင့်ထားတာပါ။"
မိဘအများစုက ထောက်ခံကြောင်းကိုလည်း ဒါရိုက်တာက ပြောပြခဲ့သည်။
"ဒီစည်းကမ်းတွေ မချထားခင်မှာလည်း ကျောင်းသားတွေနဲ့ တိုင်ပင်ပါတယ်။" မစ္စလီက ရှင်းပြသည်။ "ကျောင်းသားတချို့ ပြောတာကတော့ ကစားကွင်းထဲမှာ လမ်းအတူတူ လျှောက်နေရင်းမှာပဲ ရည်းစား ဖြစ်သွားကြတယ်တဲ့။ ဒါကြောင့်မို့လို ဒီစည်းကမ်းကို ထည့်ထားရတာပါ။"
သို့သော် အချို့ပညာရေးသမားများက သဘောမတူကြပါ။
"ဆယ်ကျော်သက်အရွယ်မှာ ရည်းစား မထားရဘူးဆိုတဲ့ စည်းကမ်းရယ်၊ ပညာရေးကိုထိခိုက်မယ်ဆိုတဲ့ အချက်တွေကတော့ အင်မတန်ပြောင်မြောက်တဲ့ ဟာသပါပဲ။" ဘေဂျင်းတက္ကသိုလ်နှင့် တွဲဖက်ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းမှ ကျောင်းသား မိုဒင်းကဆိုသည်။ "ရည်စားအတွဲ တချို့ကို တွေ့ဖူးပါတယ်။ သိပ်ကိုစာကြိုးစားကြတာ။ နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် တကယ်ပဲ အားပေးကူညီနေလိုက်ကြပုံများ။"
၂၁ ရာစုပညာရေး သုတေသန အင်စတီကျူ့မှ လက်ထောက်ဒါရိုက်တာ ဇီအွန်ဘက်ကီက လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများ အပေါ် တင်းကျပ်သော စည်းကမ်းများထားရှိမည့်အစား အပြုအမူကို လမ်းညွှန်သင့်သည်ဟု ဆိုပါသည်။
"ကျမအနေနဲ့တော့ ဒီသတင်းကို သိပ်မအံ့သြပါဘူး။ ပညာရေးသမားတွေ၊ ကျောင်းဆရာ ဆရာမတွေက ကျောင်းမှာ စာတော်ဖို့ တစ်ခုတည်းကိုပဲ ပညာရေးလို့ (တလွဲ) ထင်နေကြတာလေ။ ဒီလို စည်းကမ်းတွေက မထူးဆန်းလှပါဘူး။"
"ဒီမိဘတွေ၊ ကျောင်းဆရာဆရာမတွေ နားမလည်ထားတာကတော့ ပုဂ္ဂလအကျင့်၊ စာရိတ္တ သိက္ခာရှိမှုနဲ့ စိတ်ကျန်းမာရေးဟာ ကလေးပညာရေးမှာ ပိုလို့ အရေးကြီးတယ်ဆိုတာပါ။"
အငြင်းပွားဖွယ်ရာ ရှိသော်လည်း ကျောင်းဆုံးဖြတ်ချက်မှာ ရည်ရွယ်ချက် ကောင်းသည်ဟု မစ္စလီကဆိုပါသည်။
"အမြင်မတူတဲ့ ရှုထောင့်တွေကို ကြားသိနေရပါတယ်။ နောက်ပြီးတော့ ဒီစည်းကမ်းရဲ့ သက်ရောက်မှုက ရှေ့ဆက် ဘာဖြစ်လာမှာလည်းဆိုတာကိုလည်း မသိသေးဘူး။ ကျမတို့က ကျောင်းသားတွေကို ကူညီဖို့ လုပ်တာပါ။"
လိင်မတူသော ကျောင်းသားနှင့် ကျောင်းသူတို့သည် စကားပြောသည့်အခါ ၆၀ စင်တီမီတာ (၂ ပေ) အကွာအဝေးတွင် (စာသင်ချိန်မှလွဲ၍) နေကြရမည် ဖြစ်သည်။ တွေ့ဆုံသော နေရာသည် လင်းထိန်နေသော လူအများစုရှိရာ နေရာများလည်း ဖြစ်ရမည်။


ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံများအကြောင်း

(Least developed country) ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (LDC သို့မဟုတ် စတုတ္ထကမ္ဘာ့နိုင်ငံ) များသည် ကုလသမ္မဂ္ဂအဆိုအရ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်နှုန်း အနိမ့်ဆုံးကိန်းညွှန်းများသာ ရှိပြီး ကမ္ဘာ့နိုင်ငံများအား နှိုင်းယှဉ်ပြထားသည့် လူသားဖွံဖြိုးတိုးတက်မှု ညွှန်းကိန်းအဆင့် သတ်မှတ်ချက်တွင် အနိမ့်ဆုံးနိုင်ငံများ ဖြစ်သည်။ မှတ်ကျောက်စံနှုန်း သုံးမျိုးတွင် ပါဝင်ပါက တိုင်းပြည်တစ်ပြည်ကို ဖွံဖြိုးမှုအနိမ့်ဆုံးစာရင်းဝင် အဖြစ် သတ်မှတ်သည်။
  1. ၀င်ငွေနိမ့်ကျခြင်း (တစ်ဦးချင်းတစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၅၀ ထက်နည်းခြင်း)
  2. လူသားအရင်းအမြစ်နည်းခြင်း (အာဟာရ၊ ကျန်းမာရေး၊ ပညာရေးနှင့် သက်ကြီးစာတတ်မြောက်မှုနှုန်း)
  3. စီးပွားရေးအားနည်းမှု (စိုက်ပျိုးထုတ်လုပ်မှု မတည်ငြိမ်ခြင်း၊ ထုတ်ကုန်တင်ပို့မှုနှင့် ၀န်ဆောင်တင်ပို့မှု မတည်ငြိမ်ခြင်း၊ အစဉ်အလာမဟုတ်သည့် စီးပွားရေးလုပ်ငန်းများ၏ အရေးပါခြင်း၊ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုစုစည်းခြင်း၊ စီးပွားရေးသေးငယ်မှုကြောင့် အဟန့်အတားဖြစ်ခြင်း၊ သဘာဝဘေးကြောင့် အိုးအိမ်စွန့်ပြေးရသော ဦးရေရာခိုင်နှုန်း)
အဆိုပါ LDC တိုးတက်မှုအနိမ့်ဆုံး စံသတ်မှတ်ချက်ကို ကျော်နိုင်လျှင် နိုင်ငံအဆင့်အတန်း တက်နိုင်သည်။

ဖွံဖြိုးမှုအနိမ့်ဆုံးနိုင်ငံများသည် ယေဘုယျအားဖြင့် အလွန်ဆင်းရဲခြင်းကို ခံစားရပြီး ပဋိပက္ခ (ပြည်တွင်းစစ်၊ လူမျိုးရေးစစ်ပွဲများ)၊ နက်ရှိုင်းသည့် နိုင်ငံရေးခြစားမှုနှင့် နိုင်ငံရေး လူမှုရေး တည်ငြိမ်မှု ကင်းမဲ့ခြင်းများကို တွေ့ရတတ်သည်။ အစိုးရမှာလဲ ထိုတိုင်းပြည်များတွင် ဗဟိုထိန်းချုပ်ပုံစံ၊ အာဏာရှင်အပါအ၀င်နှင့် စစ်ဦးစီးဝါဒ အစိုးရပုံစံမျိုး ဖြစ်နေတတ်သည်။ LDC နိုင်ငံအများစုမှာ ဆာဟာရအတွင်းပိုင်း အာဖရိကနိုင်ငံများတွင် တည်ရှိသည်။

လက်ရှိ LDC နိုင်ငံများ
အာရှ (၁၀ နိုင်ငံ)
  • အာဖဂန်နစ္စတန်
  • ဘင်္ဂလားဒေ့ရှ်
  • ဘူတန်
  • ကမ္ဘောဒီးယား
  • လာအို
  • မောလ်ဒိုက်
  • မြန်မာ
  • နီပေါ
  • တီမော
  • ယီမင်

အာဖရိက (၃၄ နိုင်ငံ)
  • အင်ဂိုလာ
  • ဘီနင်
  • ဘာကီနာဖာဆို
  • ဘူရွန်ဒီ
  • ကိပ်ဗာဒီ
  • ဗဟိုအာဖရိက
  • ချဒ်
  • ကော်မိုရို့စ်
  • ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
  • ဂျီဘူတီ
  • အီကွေတိုးရီးယဲလ်ဂီနီ
  • အီရစ်ထရီးယား
  • အီသီယိုပီးယား
  • ဇမ္ဘီယာ
  • ဂီနီ
  • ဂီနီဘစ်ဆော
  • လီဆိုသို
  • ဘိုက်ဘေးရီးယား
  • မာဒါဂါးစကား
  • မာလာဝီ
  • မာလီ
  • မောရီတေးနီးယား
  • မိုဇမ်ဘစ်
  • ဆောတီမီနှင့် ပရင်ဆီပီ
  • ဆီနီဂေါ
  • ဆီယာရာလီယွန်
  • ဆိုမာလီယား
  • ဆူဒန်
  • တိုဂို
  • ယူဂန်ဒါ
  • တန်ဇန်နီးယား
  • ဇမ္ဘီယာ

အိုရှင်းနီးယား (၅ နိုင်ငံ)
  • ကီရီဘာတီ
  • ဆာမိုအာ
  • ဆောလ်မွန်ကျွန်းစု
  • တူဗာလူ
  • ဗင်နော့တူ

အမေရိက (၁ နိုင်ငံ)
  • ဟေတီ

အထက်ပါ စာရင်းများသည် ၂၀၁၂၊ ဇန်န၀ါရီလ ၄ ရက်နေ့ နောက်ဆုံး Update ဖြစ်ပါသည်။

တောင်ကိုရီးယားသည် မကြာခင် ဂျပန်ထက် ချမ်းသာလာမည်

နှစ်ပေါင်းအတော်ကြာအောင် ဂျပန်က အာရှမှာ အချမ်းသာဆုံးနှင့် စီးပွားရေးအင်အားအကြီး ဖြစ်ခဲ့သည်။ အာရှစီးပွားရေးမှာ ပထမဆုံး စက်မှုခေတ် ပြောင်းနိုင်ခဲ့တဲ့ နိုင်ငံလည်းဖြစ်သည်။ နောက်မှ အာရှကျားတွေဖြစ်တဲ့ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ တောင်ကိုရီးယားနှင့် တရုတ်တို့  ဂျပန်လမ်းကြောင်းကိုကြည့်ပြီး လိုက်လာခြင်း ဖြစ်သည်။
ဒါပေမဲ့ အခု ဂျပန်ကို သူ့နောက်က နိုင်ငံတွေ ကျော်တက်စပြုနေပြီ။ တရုတ်စီးပွားရေးအရွယ်အစားက ဂျပန်ထက် ပိုကြီးသွားခဲ့ပြီ။ လူသိနည်းတဲ့ အချက်တစ်ခုက စက်မှုဖွံ့ပြီး အာရှနိုင်ငံသစ်တွေရဲ့ စီးပွားရေးက ဂျပန်ထက် ပိုပြီးချမ်းသာနေခြင်း ဖြစ်သည်။
နိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို နှိုင်းယှဉ်ဖို့ အကောင်းဆုံးနည်းက တစ်ဦးချင်း ၀ယ်ယူနိုင်စွမ်း (purchasing-power parity) ဖြင့် တိုင်းတာတဲ့ နိုင်ငံသားတစ်ဦးချင်း ဂျီဒီပီ (GDP per person) ဖြစ်သည်။ ဤနည်းအားဖြင့် တိုင်းပြည်တစ်ခုချင်းအလိုက် လူနေမှုစရိတ် ကွာခြားမှုတွေကို ကြည့်ကြသည်။ PPP တိုင်းတာမှုအရဆိုရင် စင်္ကာပူက ဂျပန်ကို ၁၉၉၃ ခုနှစ်မှာ ကျော်တက်ခဲ့သည်။ ဟောင်ကောင်က ၁၉၉၇ ခုနှစ်မှာ ကျော်လွန် ခဲ့သည်။ ထိုင်ဝမ်က ၂၀၁၀ မှာ ဂျပန်ကို ကျော်လွန်ခဲ့သည်။
အခုနောက်ဆုံး IMF ရဲ့ ခန့်မှန်းချက်အရ လာမယ့်ငါးနှစ်အတွင်း တောင်ကိုရီးယားက ဂျပန်ထက် ချမ်းသာလာပြီး၊ စီးပွားရေး အင်အားပါ သာလွန်သွားမည်ဟု ဆိုသည်။ ၁၉၈၀ ခုနှစ်ကဆိုရင် တောင်ကိုရီးယား တစ်ဦးချင်းရဲ့ ဂျီဒီပီက ဂျပန်ရဲ့ လေးပုံတစ်ပုံသာ ရှိခဲ့သည်။ ယခုတော့ တောင်ကိုရီးယားက နေရစ်တော့ ဂျပန်ရေ.. ဟု နှုတ်ဆက်ဖို့ ရှိနေသည်။


မူရင်း - Maukkha.org

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတများ

  1. စ၀်ရွှေသိုက် (4.1.1948 - 16.3.1952)
  2. ဦးဘဦး (16.3.1952 - 13.3.1957)
  3. မန်းဝင်းမောင် (13.3.1957 - 2.3.1962)
  4. ဦးနေ၀င်း (2.3.1974 - 9.11.1981)
  5. ဦးစန်းယု (9.11.1981 - 25.7.1988)
  6. ဦးစိန်လွင် (25.7.1988 - 12.8.1988)
  7. ဦးအေးကို(ယာယီ)  (12.8.1988 - 19.8.1988)
  8. ဒေါက်တာမောင်မောင် (19.8.1988 - 18.9.1988)
  9. ဦးသိန်းစိန် (4.2.2011 - လက်ရှိ)

မြန်မာနိုင်ငံ ၁၉၄၈၊ ဇန်န၀ါရီ ၄ တွင် လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်ရေးနှင့် နိုင်ငံအကြီးအကဲအဖြစ် သမ္မတရာထူးအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်။ ရာထူးအားဖြင့် သမ္မတသည် အကြီးအကဲဖြစ်သော်လည်း အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲမှာ ၀န်ကြီးချုပ်ဖြစ်သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် ဂုဏ်ထူးဆောင်သမ္မတဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ အနည်းငယ်သာရှိသည်။ လွှတ်တော်ဖျက်သိမ်းထားချိန်များနှင့် ရွေးကောက်ပွဲကြားကာလများ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လစ်ဟင်းမှုများ မဖြစ်စေရန် သမ္မတမှ ယာယီတာဝန်ယူအုပ်ချုပ်ပေးခြင်းမျိုးသာ ရှိသည်။ ထို ပါလီမန်ဒီမိုကရေစီခေတ်တလျှောက် သမ္မတတာဝန် ယူခဲ့သူများမှာ-
  1. စ၀်ရွှေသိုက်
  2. ဦးဘဦး
  3. မန်းဝင်းမောင်
တို့ဖြစ်သည်။
သို့ရာတွင် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် တပ်မတော်မှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် အထက်ပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဖျက်သိမ်းလိုက်သဖြင့် ပါလီမန်ဒီမိုကရေစီ စနစ်နှင့်အတူ သမ္မတရာထူးလည်း တစ်ပါတည်း ဖျက်သိမ်းခံရသည်။ ထို့နောက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တစ်ပါတီစနစ် ကျင့်သုံးပြီး အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတဖြစ်ကြောင်း ပြဌာန်းသဖြင့် သမ္မတသည် အာဏာပိုင်ဖြစ်လာသည်။ ထိုဖွဲ့စည်းပုံအရ တာဝန်ယူခဲ့သူသော သမ္မတများမှာ-
  1. ဦးနေ၀င်း
  2. ဦးစန်းယု
  3. ဦးစိန်လွင်
  4. ဦးအေးကို
  5. ဒေါက်တာမောင်မောင်
တို့ဖြစ်ကြသည်။

 ၁၉၈၈ (၈၈၈၈) လူထုအုံကြွမှုအပြီး တပ်မတော်မှ တဖန် အာဏာသိမ်းယူလိုက်ခြင်းဖြင့် ၁၉၇၄ ဖွဲ့စည်းပုံ ပယ်ဖျက်ခံလိုက်ရသည့်နောက်တွင် စစ်အုပ်ချုပ်ရေးကာလများတွင် စစ်ဦးစီးချုပ်များဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကသာ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ကြသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာကျင့်သုံးခြင်းမရှိသည့် ကာလဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်သော်လည်းကောင်း၊ နိုင်ငံအကြီးအကဲ အဖြစ်သော်လည်းကောင်း သမ္မတအုပ်ချုပ်ရေးပုံစံ မဖြစ်ခဲ့ပေ။ သို့သော် အစိုးရအဖွဲ့ကို ဦးဆောင်ရန် ၀န်ကြီးချုပ်တစ်ဦးကို ခန့်အပ်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည် နိုင်ငံအကြီးအကဲသာမက အစိုးရအဖွဲ့အကြီးအကဲပါဖြစ်သည်။ သို့ဖြင့် ၂၀၁၁၊ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် စစ်ဘက်မှကိုယ်စားလှယ်များ ပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ မဲပေးချက်များအရ ဦးသိန်းစိန် သည် သမ္မတဖြစ်လာသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်
  • ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ပြင်ဆင် သတ်မှတ် ဖြည့်စွက်ခြင်း ပြုနိုင်သည်။
  • ပြည်ထောင်စုဝန်ကြီးဦးရေကို လိုသလို သတ်မှတ်နိုင်သည်။ ဦးရေ တိုး/လျှော့ ပြုနိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ နိုင်ငံတော်သမ္မတမှ တဆင့် ပြည်ထောင်စုလွှတ်တော်အား လည်းကောင်း တာဝန်ခံရမည်။

နိုင်ငံတော်သမ္မတသည်
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။
  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်။

နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
  • ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်သည်။
  • ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ပြန်လည်ရုပ်သိမ်း နိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ ဖြတ်တောက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုးတွင် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းကာ နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်။

နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။


နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
  • ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။
  • ပြည်ထောင်စုလွှတ်တော် အတည်ပြုချက် ရယူရန် မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။

နိုင်ငံတော်သမ္မတသည် နိုင်ငံတော် မူဝါဒများနှင့် အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ နိုင်ငံတစ်ဝှမ်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သ၀ဏ်လွှာပေးပို့ခွင့် ရှိသည်။

လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေး ကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်းကြားနိုင်သည်။

every human must watch this video


မူရင်း Youtube link

မင်းမြောက်တန်ဆာ

မင်းမြောက်တန်ဆာဟူသည် မင်းဧကရာဇ်တို့၏ အဆောင်အယောင်ကို ခေါ်သည်။ ရေမြေသေဌ်နင်း ဘုရင်မင်းတို့ ဘိသိက်မင်္ဂလာအခါတော်တွင် ဆင်ယင်ကိုင်စွဲသော အဆောင်အယောင်ငါးပါးကို မင်းမြှောက်တန်ဆာငါးပါး ဟုခေါ်သည်။ ယင်းတို့မှာ-
  1. သန်လျက်
  2. ထီးဖြူ
  3. မကိုဋ် (သင်းကျစ်)
  4. ခြေနင်း
  5. သားမြီးယပ်
တို့ဖြစ်သည်။
ယင်းတို့သည် ပြည့်ရှင်မင်းတို့၏ ရတနာအပေါင်းတို့ထက် ပြဠာန်းသောရတနာဖြစ်ခြင်းကြောင့် ပဌာနရတနာဟုခေါ်သည်။ မင်းအပေါင်းတို့သည် ထီးဖြူကိုဆောင်းမိုးလျက် ရင်ခွင်ထက် သားမြီးယပ်ပိုက်၍ နဖူးပြင်ဝယ် တင့်တယ်စွာ သင်းကျစ်ကိုဆင်ယင်ပြီးလျှင် ခြေတွင်ခြေနင်းစီးလျက် သန်လျက်စွဲကာ ဘိသိက်မင်္ဂလာ ခံယူကြသည်။ ရဟန်းတွင် သိက္ခာ၊ မင်းတွင် ဘိသိက် ဟုဆိုသောကြောင့် မင်းမြောက်တန်ဆာငါးပါးတို့ကို ဆင်ယင်သုံးစွဲလျက် ရာဇဘိသိက်ခံသောမင်းကိုသာ မင်းဟု သမုတ်အပ်ကြောင်း ရာဇ၀င်များတွင် တွေ့ရပါသည်။

အိုင်းစတိုင်းကို စိန်ခေါ်ခြင်း၊ အလင်းထက်မြန်တာ ရှိသလော

Maukkha.org က ဆောင်းပါးလေးတစ်ပုဒ်ပါ...။ ဗဟုသုတရပါတယ်။

ရီလေတီဗီတီနှင့် အလင်းအလျင်
အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့ အရာဟာ အလင်းရောင် ဖြစ်ပါတယ်။
အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့ လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲကို ဖြတ်သန်းသွားရင်တော့ အလင်းရဲ့ အလျင်ဟာ အနည်းငယ် နှေးသွားပါမယ်။ လေဟာနယ်နဲ့ လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင် ပြုလုပ်လို့ မရပါ။ အလင်းအလျင်ဟာ သတ်မှတ်ထားတဲ့ ကြားခံနယ်တစ်ခုအတွက် ထာဝရကိန်းသေပါပဲ။
အခြေခံပညာအထက်တန်း  ကျေုင်းသူ ကျောင်းသားတွေဟာ အလင်းအလျင်ကို c=3×108 m/sec ဆိုပြီး ကျက်မှတ်ထားရပါတယ်။ ကျွန်ုပ်တို့ဆီကနေ မိုင်ပေါင်း ၂၃၉၀၀၀ ဝေးတဲ့ လဆီကို အလင်းအလျင်နဲ့ သွားမယ်ဆိုရင် ၁.၂၃၈ စက္ကန့်ပဲ ကြာပါမယ်။ နေဆီကို သွားမယ်ဆိုရင် ၈ မိနစ်ပဲ ကြပါမယ်။ ကျွန်ုတို့နဲ့ အနီးဆုံးကြယ်ဖြစ်တဲ့ တောင်ဘက် မိုးကုပ်စက်ဝိုင်း အထက်နားက အယ်လ်ဖာ စင်တောရီကြယ် (alpha centauri) ဆီကို သွားမယ်ဆိုရင်တော့ ၄.၃ နှစ် ကြာပါတယ်။
ဒါကြောင့်လည်း စကြာဝဋ္ဌာလို ကြီးမား ကျယ်ပြောလွန်းတဲ့ အကွာအဝေးတွေအတွက် အလင်းအလျင်ကို အသုံးပြုပြီး တိုင်းတာကြပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့နဲ့ အနီးဆုံးကြယ်ဟာ အလင်းနှစ် ၄.၃ နှစ် ဝေးကွာတယ်။ အလင်းနှစ် (light year) ဆိုတာ အလင်းရောင် တစ်နှစ်ကြာ ပြေးလွှား ရောက်ရှိနိုင်တဲ့ အကွာအဝေးပါပဲ။ အလင်းနှစ် ၁ နှစ်မှာ  မိုင်ပေါင်း ကုဋေ ခြောက်သိန်း ရှိပါတယ်။
ကျွန်ုပ်တို့ရဲ့ နဂါးငွေ့တန်းကြယ်စု (Milky Way galaxy) ဟာ ကြယ်ပေါင်း ကုဋေတစ်သောင်း ပါဝင်ပြီး လက်မောင်းလေးခု ပါဝင်တဲ့ ခရုပတ် အပြားဝိုင်းပုံစံ ကြယ်စုပါ။ အချင်း အလင်းနှစ်တစ်သိန်း ရှိပါတယ်။ စကြာဝဋ္ဌာတစ်ခုလုံးမှာ ကြယ်စုပေါင်း ကုဋေ တစ်သောင်းပါဝင်တည်ရှိနေပါတယ်။
မြောက်ဖက်ကောင်းကင်က ဓူဝံကြယ်ဟာ ကျွန်ုပ်တို့ဆီကနေ အလင်းနှစ် ၁၄၂ နှစ် ဝေးကွာတယ်။ ဒါတွေဟာ အလင်းအလျင် အသုံးပြုပြီး ဖော်ပြချက် ဥပမာတွေပါ။ အိုင်စတိုင်းရဲ့ သီအိုရီအရ အလင်းအလျင်ကို အောက်ပါအတိုင်း ကောက်ချက်တွေ ချနိုင်ပါတယ်။
- လောကတွင် အလင်းအလျင်သာ အမြန်ဆုံး ဖြစ်သည်။
- အလင်းအလျင်ကို ပိုမြန်အောင် ပိုနှေးအောင် ပြုလုပ်၍မရ။
- အလင်းအလျင်နီးပါးဖြင့် ခရီးသွားလျှင် အချိန်နှေးကွေးလာမည်။ ခရီးသည်၏ သက်တမ်း (ကမ္ဘာပေါ်မှ လူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်) ပိုရှည်ပြီး နုပျိုနေမည်။
- အလင်းအလျင် တန်ဘိုးအတိအကျဖြင့် ခရီးသွားလျှင် ခရီးသည်၏ သက်တမ်းထာဝရတည်ရှိမည်။ သေဆုံးခြင်းမရှိ။ လက်ရှိ ရုပ်ခန္ဓာအတိုင်းသာ ထာဝရ ရှိနေတော့မည်။
-အလင်းအလျှင်ထက် ပိုမြန်သောနှုန်းဖြင့် ခရီးသွားလျှင် အချိန်နောက်ပြန်ဆုတ်မည်၊ အတိတ်သို့ ပြန်ရောက်မည်၊ ခရီးသည်၏ အသက် ပြန်လည်ငယ်ပြီး ပိုမိုနုပျိုလာမည်။
အဲဒီအယူအဆပေါ် အခြေခံပြီး ‘အမွှာဝိရောဓိ’ ဆိုတဲ့ ဆင်ခြင်စဉ်းစားမှု သိပ္ပံလောကမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် အမွှာညီအစ်ကို နှစ်ယောက် ရှိတယ်ဆိုပါစို့။ အစ်ကိုဖြစ်သူက အာကာသာယဉ်မှူးအဖြစ် အသွားလေးနှစ် အပြန်လေးနှစ်၊ စုစုပေါင်းရှစ်နှစ် ခရီးထွက်ရမည် ဆိုပါစို့။ အာကာသယာဉ်မှူးရဲ့ သွားနှုန်းဟာ အလင်းအလျှင်ရဲ့ ၉၉ ရာခိုင်နှုန်းရှိတယ် ဆိုပါစို့။
ရှစ်နှစ်ကြာပြီး အစ်ကိုဖြစ်တဲ့ အာကာသယာဉ်မှူး ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါ သူ့အသက်က ၂၈ နှစ် ဖြစ်နေပါပြီ။ အမွှာ အစ်ကို ဖြစ်သူကို လာကြိုဆိုတဲ့ ညီဖြစ်သူဟာ အာကာသယာဉ်ပေါ်က ဆင်းလာတဲ့ သူရဲ့ အစ်ကိုကို အောက်ပါအတိုင်း ပြောပါလိမ့််မယ်။
“အစ်ကို …. အစ်ကိုရဲ့ ရုပ်က နုလိုက်တာ… ဘာမှ သိပ်ပြောင်းမသွားဘူးနော်…”
အစ်ကိုကလည်း ပြောပြောလိမ့်မယ်။
“ဟင် ခင်ဗျားက ကျုပ်ညီလား… ဘယ်လိုဖြစ်လို့ ကျုပ်အဘိုးနဲ့ တူနေရတာလဲ”
အာကာသယာဉ်မှူး အစ်ကိုဖြစ်သူရဲ့ အသက်က ၂၈ နှစ်ပါ၊ အရွယ်ကလည်း ၂၈ နှစ် အရွယ်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အမွှာညီရဲ့ အသက်ဟာ ၇၇ နှစ် ရှိနေပါပြီ။ အဘိုးအရွယ်ရုပ်ရည် ဖြစ်နေပါပြီ။
အကယ်၍များ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်ရဲ့ ၉၉.၉၉ ရာခိုင်နှုန်း အမြန်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ သူဟာ အသက် ၂၈ နှစ်အရွယ်နဲ့ ကမ္ဘာကို ပြန်ရောက်ရှိလာမယ်။ ဒါပေမဲ့ သူ့ရဲ့ ညီဖြစ်သူသာ ရှိနေမယ်ဆိုရင် အသက် ၅၈၇ နှစ် ဖြစ်နေပါတော့မယ်။ ဆိုလိုတာကတော့ သူပြန်ရောက်လာတဲ့ အချိန် ၈ နှစ် အကြာမှာ ကမ္ဘာပေါ်မှာ သူနဲ့သိတဲ့သူ တစ်ယေက်မှ မရှိတော့ပါ။ အလွန်တရာ အပြောင်းလဲကြီး ပြောင်းလဲနေပါလိမ့်မယ်။ ရာစု ၆ ခု နီးပါး ပြောင်းလဲနေပါပြီ။
ဆက်လက်ပြီး တွေးကြည့် စဉ်းစားကြည့် ဆွေးနွေးကြည့်ရအောင်ပါ။ အကယ်၍ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ ကမ္ဘာမြေကို ပြန်ရောက်ရှိလာတဲ့အခါ သူဟာ အသက် ၂၀ အရွယ် ရုပ်ရည် အတိုင်းပါပဲ။ သူရဲ့ သက်တမ်းကို အနန္တတိုင် ဆွဲဆန့်ခဲ့ပါတယ်။ ကမ္ဘာဂြိုဟ်တောင် ရှိချင်မှ ရှိပါတော့မယ်။
ဒါဆိုရင် အလင်းထက်မြန်တဲ့နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အတိတ်ကို ပြန်ရောက်ခဲ့ပါပြီ။ သူ ကမ္ဘာမြေကို ပြန်ရောက်ရှိတဲ့အချိန်ဟာ၊ သူကမ္ဘာမြေက မထွက်ခွာမှီအချိန်  ဖြစ်နေပါတော့မယ်။
အထက်ပါအချက်တွေကို အမှီပြုပြီး စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေ၊ ၀တ္ထုတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိလည်း ထွက်ပေါ် နေဆဲပါ။ ဒါပေမဲ့ ဒီအချက်အလက်တွေဟာ သဘာဝတရားနဲ့တော့ ကိုက်ညီမှုမရှိ၊ လက်ခံနိုင်စရာမရှိပါ။ ဒါကြောင့်လည်း အိုင်းစတိုင်းက အလင်းအလျင်လောက် မြန်တဲ့အရာ စကြာဝဋ္ဌာမှာ မရှိဘူးလို့ ဆိုခဲ့တယ်။ အလင်းအလျင်နဲ့ မောင်းနှင်နိုင်မယ့် အာကာသယဉ်တွေ ဘယ်တော့မှ တီထွင်နိုင်မှာမဟုတ်ဘုးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
အလင်းရောင်ဟာ ဖိုတွန် (photon) လို့ခေါ်တဲ့ စွမ်းအင်မြင့် အမှုန်တွေနဲ့ ဖွဲ့တည်ပေါ်ပေါက်နေတာပါ။ ဖိုတွန်ဆိုတာ လျှပ်စစ်သံလိုက် ဖြာထွက်ခြင်းရဲ့ ကွမ်တမ်တစ်ခု (a quantum)၊ တစ်နည်း စွမ်းအင်ထုတ်တစ်ခု (an energy packet) ပါပဲ။ နားနေဒြပ်ထု သုည ရှိပါတယ်။

အိုင်းစတိုင်းကို စိန်ခေါ်တဲ့ နယူထရီနို
နယူထရီနို (neutrino) ဟာ အခြေခံအမှုန်တစ်ခုပါ။ နယူထရီနို သုံးမျိုးရှိပါတယ်။ အီလက်ထရွန် နယူထရီနို၊ မျူယွန် နယူထရီနို နဲ့ တောနယူထရီနို တို့ပါပဲ။ အက်တမ်နယူကလိယတ်ရဲ့ ဘီတာယိုယွင်းခြင်း (beta decay) မှာ ပျောက်ဆုံးစွမ်းအင်အဖြစ် ဟောကိန်း ထုတ်ခဲ့ကြတယ်။ ၁၉၅၃ ခုနှစ်မှာ အစမ်းသဘော ဖော်ညွှန်းနိုင်ခဲ့ပြီး၊ ၁၉၅၆ ခုနှစ်မှာ ပိုမို အတည်ပြုနိုင်ခဲ့တယ်။
နယူထရီနိုမှာ လျှင်စစ်မရှိ၊ နားနေဒြပ်ထု သုည အလျင်းအလျင်နဲ့ ရွေ့လျားတယ်။ မဟာပေါင်းစည်းသီအိုရီများ (Grand Unified Theories- GUTs) ရဲ့ ခန့်မှန်းချက်အရ သုညမဟုတ် ဒြပ်ထု ရှိနေပြန်တယ်။ ဒါပေမဲ့ လက်တွေ့အထောက်အထား မရှိသေးပါ။
၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ဥရောပသိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ရဲ့ ကြေငြာချက် ထွက်ပေါ်ခဲ့ပါတယ်။ နယူထရီနို အမှုန်အုပ်စု တစ်ခုကို အလင်းထက်မြန်တဲ့ အရိပတ်တန်းတစ်ခုအဖြစ် စမ်းသပ်နိုင်ခဲ့ခြင်းပါ။ အလင်းထက်မြန်ရင် အချိန်နောက်ပြန်ဆုတ်မယ်။
ဒါဆိုရင် အိုင်းစတိုင်း အထပ်ထပ်ပြောဆိုခဲ့တဲ့ ‘ကြောင်းကျိုးဆက်စပ်မှု’ ဆိုတာ ပြိုပျက်ရတော့မယ်။ “သေနတ်မောင်း မဆွဲရသေးဘူး၊ ကျဉ်ဆံက ထွက်သွားပြီ.. ဆိုသလို ဖြစနေပြီ” လို့ ရိုက်ချက်စတာ တက္ကသိုလ် နက္ခတ္တရူပဗေဒ ပညာရှင် အဒမ် ဖရန့်ခ် (Adam Frank) က ဆိုပါတယ်။
အထောက်အထားကတော့ အဆင့်မြင့် ရူပဗေဒဆိုင်ရာ စက်ကြီးနှစ်ခုနဲ့ ပတ်သက်နေပါတယ်။ ဂျနီဗာမှာရှိတဲ့ CERN လို့ခေါ်တဲ့ အမှုန်အရှိန်မြှင့်စက်ကြီးက နယူထရီနိုအုပ်စုတစ်ခုကို ဖန်တီးပြီး အီတလီနိုင်ငံ Apennine တောင်ခြေက ဂရန်းဆက်ဆို (Gran Sasso) သိပ္ပံ စူးစမ်းရေး စမ်းသပ်ခန်းက အမှုန်အာရုံခံ စက်တွေဆီကို ပစ်လွှတ်ခဲ့ပါသတဲ့။ မိုင်ပေါင်း ၄၅၀ ဝေးပါတယ်။ နယူထရီနိုတန်းစုရဲ့ အလျင်ဟာ အလင်းအလျင်ထက် ၀.၀၀၂၅ ရာခိုင်နှုန်း ပိုမြန်နေတယ်လို့ ဓာတ်ခွဲခန်းနှစ်ခုလုံးရဲ့ အာရုံခံ စက်တွေနဲ့ ချိန်မှတ်နာရီတွေက မှတ်တမ်းတင်နိုင်ခဲ့ပါသတဲ့။
မိုင် ၄၅၀ အကွာကို အလင်းအလျှင်ထက်တောင် မြန်အောင် ပြေးလွှားခဲ့တာဆိုတော့ ကြာချိန်ဟာ တစ်စက္ကန့်ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်း ၀.၀၀၂၄ စက္ကန့်ခန့်သာ ရှိပါတယ်။
ဒါပေမဲ့ ဒီတွေ့ရှိချက်အရ ကမ္ဘာတစ်ဝှမ်း ကျောင်းတော်တွေမှာ ပြဋ္ဌာန်းထားတဲ့ ရူပဗေဒ သင်ရိုးစာအုပ်တွေကို ဆုတ်ဖြဲ လွှတ်ပစ်ရမလို ဖြစ်နေပါတယ်။ ဘယ်သူမှတော့ အိုင်စတိုင်း စည်းမျဉ်းတွေပါဝင်တဲ့ စာအုပ်တွေကို မဆုတ်ဖြဲကြပါ။ ဘာကြောင့်လဲ ဆိုတော့ အံ့ဖွယ်ရလာဒ်တွေဟာလည်း မကြာခဏဆိုသလို မှားနေတတ်တာကို ရူပဗေဒပညာရှင်တွေ ကောင်းကောင်း နားလည်လို့ပါပဲ။
ယခုတွေ့ရှိချက်ကို အထပ်ထပ် ပြုလုပ်ကြရဦးမှာပါ။ အချက်အလက်တွေကို အဖန်ဖန် စစ်ဆေးရဦးမှာပါ။ အီတလီ ဓာတ်ခွဲခန်းရဲ့ ခေါင်းဆောင် ရူပဗေဒပညာရှင် Antonio Ereditato က “သီးခြားလွတ်လပ်တဲ့ စမ်းသပ်ချက်တွေက တူညီတဲ့ အဖြေကိုပဲ ရှာဖွေ တေ့ရှိပြီ ဆိုမှပဲ ကျွန်တော် ယုံကြည်မှာပါ” လို့ ပြောခဲ့ပါတယ်။
ချီကာဂို ဖာမီဓာတ်ခွဲခန်းက Fermilab အမှုန်အရှိန်မြှင့်စက်မှာ သုတေသနပြုနေကြတဲ့ ရူပဗေဒပညာရှင် အုပ်စုကလည်း အဲဒီ တွေ့ရှိချက်ကို အတည်ပြုဖို့ ဒါမှမဟုတ်ပစ်ပယ်ဖို့ စတင် အလုပ်လုပ်နေကြပါပြီ။ ဖာမီ ဓာတ်ခွဲခန်းဟာ ၂၀၀၇ ခုနှစ်တုန်းက နယူထရီနို နဲ့ ပတ်သက်တဲ့ သုတေသနတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ နယူထရီနိုဟာ အလင်းဖိုတွန်ထက် မြန်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ အထောက်အထားတွေ မပြသနိုင်ခဲ့ပါ။
ကမ္ဘာတစ်ဝှမ်း ရူပဗေဒပညာရှင် အာလုံးကတော့ ဥရောပ ရူပဗေဒပညာရှင်အဖွဲ့ရဲ့ တွေ့ရှိချက်အပေါ် အကောင်းအဆိုး သဘောတွေနဲ့ အလောင်းအစားပြုကြရင်း လက်တွေ့ သုတေသန စမ်းသပ်မှုတွေ ပြုလုပ်နေကြပါပြီ။
သိပ္ပံပညာဟာ ခိုင်မာမှန်ကန်တယ်လို့ ထင်ခဲ့ရတဲ့ အချက်တွေကို မှားမှန်းသိတဲ့အခါ စွန့်ပစ်ခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းပါဘူး။ ယခု တွေ့ရှိချက်လေးတစ်ခု မှန်ပြီဆိုပါစို့။ ကျွန်ုပ်တို့ နားလည်ထားတဲ့ ကျွန်ုပ်တို့ သိရှိထားတဲ့ စကြာဝဋ္ဌာဆိုင်ရာ ဗဟုသုတ အားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပါတော့မယ်။

Ref: Maukkha

ဘာသာမဲ့များသေရင် ဘယ်ဘ၀ကို ရောက်နိုင်ပါသလဲ

ဘာသာမဲ့သူများအတွက် အနာဂတ်ဘ၀ ဘယ်လိုဖြစ်သွားမလဲဆိုရင် သူရဲ့လုပ်ရပ် အခြေအနေအပေါ်မူတည်ပြီး ဖြစ်သွားနိုင်ပါတယ်။ ဆက်ပါအုံးမယ်။ လုပ်ရပ်ဆိုတာက ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ ဖြစ်ပါတယ်။ ကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံများကြောင့် ဘ၀ကြီးသာယာ ဖြောင့်တန်းသွားနိုင်သလို၊ မကောင်းတဲ့ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံတို့ကြောင့်လည်း ဘ၀ကြီး ခက်ထန်ကြမ်းတမ်း သွားနိုင်ပါတယ်။ ဆိုလိုတာက ဘာသာမဲ့သူဖြစ်စေ၊ ဘာသာရှိသူဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ ဘ၀ကို အဆိုးအကောင်း ပြောင်းလဲပေးနိုင်တာက “ံကံတရား”ပဲ ဖြစ်ပါတယ်။ ရှင်းသွားအောင် ပြောပါအုံးမယ်။

ဒီအကြောင်းနဲ့စပ်လို့ ဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် ဘုရားရှင်ကပုဏ္ဏားတစ်ဦးကို “အသင်ပုဏ္ဏား….သင်ဟာ ဘယ်ခုနှစ်၊ ဘယ်ရက် ဘယ်အချိန်မှာ သေမယ်၊ သေတဲ့အခါ မျောက်ဖြစ်လိမ့်မယ်” ဆိုတာကို မိန့်တော်မူလိုက်ပါတယ်။ ပုဏ္ဏားက ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ပေမဲ့ ဘုရားရှင် မိန့်တော်မူတာဆိုရင် မှန်တာကများပါတယ်။ မှန်လည်းမှန်တယ်လို့ သူက ယုံကြည်ထားတယ်။

ဒါနဲ့ ပုဏ္ဏားဟာ သူသေပြီးမျောက်ဖြစ်တဲ့အခါ လွယ်လွယ်ကူကူ စားနိုင်အောင်ဆိုပြီး သူ့ရဲ့ဥယျာဉ်ထဲမှာ စားပင်သီးပင်တွေ စိုက်ပါတော့တယ်။ စတင်စိုက်ပျိုးတုန်းကတော့ မျောက်ဖြစ်ရင် စားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ခဲ့ပေမဲ့ အသီးများသီးလာတဲ့အခါ ခရီးသွားဧည့်သည်တွေက အသီးများကိုတောင်းစားကြတဲ့အတွက် သူက ကြည်ကြည်ဖြူဖြူ ပေးခဲ့ တယ်။

သူဟာ ကံတရားကို အယုံအကြည်မရှိပေမဲ့ သူရဲ့လုပ်ရပ်က သူတစ်ပါးများအား ကြည်ဖြူစွာ သစ်သီးပေးလှူတဲ့ ကုသိုလ်တွေက သူ့သန္တာန်မှာဖြစ်မှန်းမသိဖြစ်နေတယ်။ ဒီလိုနဲ့ သေမဲ့ရက်ကို ရောက်လာတယ်ဆိုရင်ပဲ ပုဏ္ဏားကြီးဟာ သေချိန်ကိုပဲ စောင့်ကြည့်နေတယ်။

အချိန်သာကုန်သွားတယ် ပုဏ္ဏားကြီးဟာ မသေလိုက်ဘူး။ သူမသေတဲ့အကြောင်းကို ပုဏ္ဏားကြီးက ဘုရားရှင်ထံသွားပြီး လျှောက်ထားပါတယ်။ ဒီအခါ ဘုရားရှင်က “အသင်ပုဏ္ဏား….မသေရတဲ့အကြောင်းအရင်းက သင်မျောက်ဖြစ်ရင်စားဖို့ဆိုပြီး စိုက်ထားတဲ့ အပင်များမှ အသီးများကို ခရီးသွားဧည့်သည်များအား ကြည်ကြည်ဖြူဖြူပေးလှူတဲ့ ကုသိုလ်ကံတရားကြောင့် သင်ဟာ သေချိန်ရောက်သော်လည်း မသေခဲ့ပါ”လို့ ပုဏ္ဏားအား မိန့်တော်မူပါတယ်။

ဒါကြောင့် လူတစ်ယောက်ရဲ့ ဘ၀ရှေ့ရေး အဆိုးအကောင်းကို သူပြုခဲ့တဲ့ ကံတရားက အဆုံးအဖြတ်ပေးသွားမှာပါ။ စီမံပေးသွားမှာပါ။

Ref: venkawwida.com

ကမ္ဘာ့ပထမဆုံး အမျိုးသား ကိုယ်ဝန်ဆောင်အဖြစ် ထင်ရှားခဲ့သူသော မတ်စ်ဘီတီ ဇနီးဖြစ်သူနှင့် ကွာရှင်း

ကမ္ဘာ့ပထမဆုံး အမျိုးသား ကိုယ်ဝန်ဆောင်အဖြစ် ထင်ရှားခဲ့သူသော မတ်စ်ဘီတီဆိုသူသည် ၉ နှစ်ကြာ ပေါင်းသင်းလာခဲ့သော ဇနီးဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အသက် ၃၈ ရှိပြီဖြစ်သော ဘီတီသည် အမျိုးသမီးဘ၀မှ အမျိုးသားဘ၀သို့ ကူးပြောင်းသည့် နောက်ဆုံး ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ကွာရှင်းသည့် အကြောင်းနှင့်ပတ်သက်သည့် အင်တာဗျူးတွင် တစ်ပါတည်းပြော ကြားခဲ့သည်။
ဘီတီသည် ဟာဝိုင်အီကျွန်းတွင် ၁၉၇၄ ခုနှစ်က မိန်းကလေးအဖြစ် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းက ယောက်ျားလေး ဖြစ်ချင်ခဲ့သည်ဟု ဆိုသည်။
အသက် ၂၀ အရွယ်တွင် တက်စ်တိုရုန်းထိုးသွင်းမှုများ ပြုလုပ်ခဲ့ပြီး မျက်နှာအမွေးများ ပေါက်လာခဲ့ကာ လိင်အင်္ဂါများလည်း အခြေအနေ ပြောင်းလဲလာစေခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရင်သားနှင့် အဖုအထစ်များ ခွဲစိတ် ဖယ်ရှားမှု ပြုလုပ်အပြီးတွင် အမျိုးသားတစ်ဦးအဖြစ် တရားဝင် အသိအမှတ်ပြုခံခဲ့ရသည်။ သို့ရာတွင် မိန်းမအင်္ဂါဇာတ်၊ သားအိမ်နှင့် အခြားသန္ဓေဆောင်ရန် လိုအပ်သောအရာများကို ဆက်လက်ထားရှိခဲ့သောကြောင့် ကိုယ်ဝန်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့ဇနီးဖြစ်သူနန်စီမှာ သားအိမ်ထုတ်ထားရခြင်းကြောင့် ဘီတီက ကိုယ်ဝန်ဆောင် ပေးခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ်က ကိုယ်ဝန်ရင့်မာစဉ် ဘီတီရိုက်ကူးထားခဲ့သည့်ပုံမှာ အထူးထင်ရှားခဲ့ပြီး ကမ္ဘာ့မီဒီယာများ၏ အာရုံစိုက်မှုကိုပါခံခဲ့ရသည်။

Ref: Eleven

သိမ်အကြောင်း သိကောင်းစရာ

သိမ်အမျိုးအစားက အကျဉ်းအားဖြင့် နှစ်မျိုးရှိတယ်။ ၄ပါး၊ ၄ပါးထက်များတဲ့ ရဟန်းတော်များ စုပေါင်းကာ ဥတ်ကမ္မ၀ါစာဖတ်ပြီး သမုတ်ရသောသိမ်နှင့် ဉတ်ကမ္မ၀ါစာမဖတ်ဘဲ အလိုလိုဖြစ်သောသိမ်တို့ ဖြစ်ကြပါတယ်။

ဒီနှစ်မျိုးမှာ ပဌမအမျိုးအစားက ဉတ်ကမ္မ၀ါစာဖတ်ပြီး သမုတ်ရတဲ့သိမ်ကို ဗဒ္ဓသိမ်လို့ခေါ်ပြီး၊ ဒုတိယအမျိုးအစားက ဉတ်ကမ္မ၀ါစာ မပါဘဲ ဖြစ်တဲ့သိမ်ကိုတော့ အဗဒ္ဓသိမ်လို့ခေါ်ပါတယ်။ ၄င်းနှစ်မျိုးအနက် ဗဒ္ဓသိမ်မှာ (၁)ခဏ္ဍသိမ်၊ (၂) သမာနသံဝါသကသိမ်၊ (၃)အ၀ိပ္ပ၀ါသသိမ်လို့ သုံးမျိုးကွဲပြီး၊ အဗဒ္ဓသိမ်မှာလည်း (၁)ဂါမသိမ်၊ (၂)ဥဒကုက္ခေပသိမ်(ရေသိမ်) (၃)သတ္တဗ္ဘန္တရသိမ်လို့ သုံးမျိုးကွဲပါတယ်။

ဗဒ္ဓသိမ်နဲ့ပတ်သက်ပြီး မဟာသိမ်ဆိုတာလည်း ရှိပါသေးတယ်။ ဖေါ်ပြပါ ဗဒ္ဓသိမ်များဟာ မြေကြီးပေါ်မှာ သမုတ်တဲ့သိမ်များဖြစ်ပါတယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ သမုတ်မှသာ သိမ်ဖြစ်တာမဟုတ်၊ ကျောက်ဖျာစတဲ့ နေရာတွေမှာ သုမတ်ရင်လည်း သိမ်ဖြစ်ကြပါတယ်။ ဒါကြောင့် သိမ်သမုတ်နေရာကို အစွဲပြုပြီး သိမ်အမျိုးမျိုး ကွဲပြားရပြန်ပါတယ်။ ဒါတွေက (၁) ကျောက်ဖျာပေါ်မှာ သမုတ်အပ်သောသိမ်။ (၂)ကျောင်းငယ်မှာ သမုတ်အပ်သောသိမ်။ (၃)လိုဏ်မှာ သမုတ်အပ်သောသိမ်။ (၄)ပြာသာဒ်မှာ သမုတ်အပ်သောသိမ်၊ (၅)တောင်ထိပ်မှာ သမုတ်အပ်သောသိမ်ရယ်လို့ သိမ်ငါးမျိုး ကွဲပြန်ပါတယ်။ မြစ်ကို လွမ်းကျော်ပြီး(ငုံပြီး) ဟိုဖက်ကမ်း ဒီဖက်ကမ်း နှစ်ဖက်စလုံးကို အတွင်းပြုပြီး သမုတ်အပ်တဲ့ သိမ်မျိုးကို နဒီပါရသိမ်လို့ ဆိုပါတယ်။

အစိုးရပိုင်း၊ အစိုးရပိုင်းမှ အာဏာပါဝါရှိတဲ့ ဌာနဆိုင်ရာတို့မှ ခွင့်ပြုချက်ရမှသာ သမုတ်လို့ရတဲ့ သိမ်ကတော့ သီးခြားရွာလို့ အဓိပ္ပါယ်ရတဲ့ ‘၀ိသုံဂါမ’သိမ် ဖြစ်ပါတယ်။

ခဏ္ဍသိမ်ရဲ့ အဓိပ္ပါယ်ကို ပြောပါအုံးမယ်။ ခဏ္ဍဆိုတာ ပိုင်းဖြတ်ခြင်း အနက်ကို ဟောပါတယ်။ ဆိုလိုတာက မဟာသိမ်အပိုင်းအခြား အတွင်းမှာသမုတ်ရတဲ့ သီးခြားသိမ်တစ်မျိုးဖြစ်ပါတယ်။ နားလည်အောင်ပြောရရင် ယနေ့ခေတ် ရဟန်းခံစတဲ့ ကံဆောင်နေကြတဲ့ သိမ်ဟာ အများအားဖြင့် ‘ခဏ္ဍသိမ်’များ ဖြစ်ပါတယ်။ သိမ်အမျိုးအစားများကွဲပြားခြင်းရဲ့အကြောင်းကို ဖြေရရင် ရှုပ်ထွေးလွန်းပါတယ်၊ ဖြေရရင်လဲ စာအုပ်တစ်အုပ်လောက် ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် သိမ်အကြောင်းစာအုပ်များကို ရှာဖွေဖတ်ရှုရင် အကောင်းဆုံးပါလို့ အကြံပေးပါရစေ။

သိမ်ရဲ့အာနိသင်အစွမ်းသတ္တိကိုပြောရရင် သိမ်ဆိုတာ ဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ကမ္မ၀ါစာနဲ့ သမုတ်ထားတဲ့အတွက် သိမ်ဝင်ပစ္စည်းများဟာ ယုံကြည်ရင် ယုံကြည်သလောက် အန္တရာယ်ကင်းခြင်းစတဲ့ အကျိုးအာနိသင်ရှိပါတယ်။ ဒါပေမဲ့ ဘုရားရှင်က သိမ်ဝင်ပစ္စည်းများ ဘာအာနိသင်ရှိတယ်၊ ဘယ်သိမ်က ဘယ်လိုစွမ်းတယ်ဆိုတာ မဟောကြားခဲ့ပါဘူး။ တစ်ခုတော့ရှိတယ်။ မင်းတုန်းမင်းလက်ထက် ဘုရင်ကြီးက ဗန်းမော်ဆရာတော်ကြီးအား ပြည်နင်ဒဏ်ပေးတဲ့အခါ ဗန်းမော်ဆရာတော်ကြီးက တစ်ခြားမသွားဘဲ၊ သိမ်ထဲမှာ ၀င်နေလိုက်ပါတယ်။ ဒါ့အတွက် ဗန်းမော်ဆရာတော်ကြီးအား ဘယ်သူမှ ဖမ်းလို့ မရတော့ပါ။ သိမ်ဆိုတာက ဘုရားရှင်အာဏာစက်ပြုထားတဲ့ သီးခြားနယ်မြေတစ်ခု ဖြစ်နေတာလည်း ပါပါတယ်။

သိမ်လှူတဲ့အကျိုးတရားက ဘုရားမှာစိန်၊ သင်္ကန်းမှာကထိန်၊ ကျောင်းမှာ သိမ်လို့ ဆိုထားပါတယ်။ ကျောင်းအလှူများအနက် သိမ်အလှူဟာ အမြတ်ဆုံးလို့ ပြောပါတယ်။ ကျောင်းလှူတဲ့သူဟာ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ချမ်းသာခြင်း၊ မျက်စိအားကောင်းခြင်း အကျိုးတရား လေးပါးစလုံးကိုရနိုင်ပါတယ်။ သိမ်အလှူကျတော့ ဒီအကျိုးလေးမျိုးအပြင် ဘုရားသားတော်များဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ရဟန်ဖြစ်ဖို့အတွက် သိမ်မရှိရင်မဖြစ်ဘူး။ ဒါကြောင့် ကျောင်းအလှူမှာ သိမ်အလှူဟာ အမြတ်ဆုံးဖြစ်ပါတယ်။

ကုန်းတွင်းပိတ် နိုင်ငံများ

ကုန်းတွင်းပိတ်နိုင်ငံ ဟူသည်မှာ ပင်လယ်ကမ်းစပ်နှင့် နယ်မြေမထိစပ်ဘဲ ကုန်းမြေအတွင်း ပိတ်နေသော (သို့) ကုန်းတွင်းပိတ်ပင်လယ်နှင့်သာ နယ်မြေထိစပ်နေသော တိုင်းပြည်ကို ဆိုလိုသည်။ ကမ္ဘာပေါ်တွင် ကုန်းတွင်းပိတ်နိုင်ငံ စုစုပေါင်း ၄၇ နိုင်ငံရှိသည်။ မြောက်အမေရိကတိုက်၊ သြစတြေးလျတိုက်နှင့် လူမနေသော အန္တာတိကတိုက် တို့တွင် ကုန်းတွင်းပိတ်နိုင်ငံ မရှိပေ။ ကုလသမဂ္ဂမှ ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲ နိုင်ငံများအား ကူညီရန်အတွက် အစီအစဉ်တစ်ခု ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အချို့တိုင်းပြည်များသည် ရှည်လျားသော ကမ်းရိုးတန်းများ ပိုင်ဆိုင်သော်လည်း ကုန်သွယ်ရေးအတွက် အသုံးပြု၍မရနိုင်ပေ။ ဥပမာ- ရုရှားသည် အာတိတ်သမုဒ္ဒရာဘက်တွင်သာ ဆိပ်ကမ်းတည်ဆောက်နိုင်ပြီး ရေခဲမှုကြောင့် တစ်နှစ်လျှင် လပေါင်းများစွာ အသုံးမပြုနိုင်ဘဲ ပိတ်ထားရသည်။ ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်မှုသည် ရုရှား၏ ဘောလ်တစ်ပင်လယ်၊ ပင်လယ်နက်နှင့် ပစိဖိတ်သမုဒ္ဒရာများဘက်သို့ နယ်မြေချဲ့ထွင်ရန် တွန်းအားဖြစ်စေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း အချို့ကုန်းတွင်းပိတ်နိုင်ငံများသည် နီးစပ်ရာပင်လယ်ကမ်းစပ်သို့ ဆက်သွယ်ရန် သင်္ဘောမောင်းနိုင်အောင် ကြီးမားသောမြစ်ကြီးများရှိနေသည်။ ဥပမာ- ပါရာဂွေးနှင့် ဘိုလီဗီးယား တို့သည် ပါရာဂွေးမြစ်နှင့် ပါရာနားမြစ် များမှ ပင်လယ်ထွက်ပေါက်ယူနိုင်သည်။ အချို့တိုင်းပြည်များမှာမူ ကက်စပီယန်ပင်လယ်နှင့် အေရီယယ်ပင်လယ် ကဲ့သို့ ကုန်းတွင်းပိတ်ပင်လယ်များနှင့် ကမ်းရိုးတန်းများ ရှိနေကြသည်။ သို့သော် သမုဒ္ဒရာထွက်ပေါက် မရှိသဖြင့် ရေကြောင်းကုန်သွယ်မှု မပြုနိုင်၊ ဥပမာ- ကာဇက်စတန်နိုင်ငံ။(ကက်စပီယန်ပင်လယ်သည် ယခုအခါ ဗော်လ်ဂါမြစ်နှင့် ဒွန်းမြစ်အကြားတွင် ပင်လယ်နက်သို့ တူးဖော်ထားသောတူးမြောင်းဖြင့် ပင်လယ်နက်သို့ လမ်းဖောက်ထားသည်)

ကုန်းတွင်းပိတ်နိုင်ငံများစာရင်း
  1. အာဖဂန်နစ္စတန်
  2. အင်ဒိုရာ
  3. အာမေးနီးယား
  4. သြစတြီးယား
  5. အဇာဘိုင်ဂျန် (ဆားငန်အိုင်ဖြစ်သော ကက်စပီယန်ပင်လယ်သို့သာ ထွက်ပေါက်ရှိ)
  6. ဘီလာရုဇ်
  7. ဘူတန်
  8. ဘိုလီဗီးယား
  9. ဘော့ဆွာနာ
  10. ဘာကီးနားဖာဆို
  11. ဘူရွန်ဒီ
  12. ဗဟိုအာဖရိက
  13. ချဒ်သမ္မတနိုင်ငံ
  14. ချက်သမ္မတနိုင်ငံ
  15. အီသီယိုးပီးယား
  16. ဟန်ဂေရီ
  17. ကာဇက်စတန် (ဆားငန်အိုင်ဖြစ်သော ကက်စပီယန် နှင့် အေရီယယ်ပင်လယ် သို့သာ ထွက်ပေါက်ရှိ)
  18. ကိုဆိုဗို (အသိအမှတ်ပြုမှု အငြင်းပွားနေဆဲ နိုင်ငံ)
  19. ကာဂျစ္စတန်
  20. လာအို
  21. လီဆိုသို (အခြားနိုင်ငံအတွင်း လုံးဝပိတ်မိနေသောနိုင်ငံ)
  22. လစ်တန်စတိန်း
  23. လူဇင်ဘတ်
  24. မက်ဆီဒိုနီယား
  25. မာလ၀ီ
  26. မာလီ
  27. မော်လ်ဒိုဗာ
  28. မွန်ဂိုလီယား
  29. နာဂိုနို-ကရာဘက် (အသိအမှတ်ပြုမှု အငြင်းပွားနေဆဲ နိုင်ငံ)
  30. နီပေါ
  31. နိုင်ဂျာ
  32. ပါရာဂွေး
  33. ရ၀မ်ဒါ
  34. ဆန်မာရီ (အခြားနိုင်ငံအတွင်း လုံးဝပိတ်မိနေသောနိုင်ငံ)
  35. ဆာဘီးယား
  36. ဆလိုဗက်ကီယား
  37. တောင်အော်ဆက်တီယား (အသိအမှတ်ပြုမှု အငြင်းပွားနေဆဲ နိုင်ငံ)
  38. တောင်ဆူဒန်
  39. ဆွာဇီလန်
  40. ဆွစ်ဇာလန်
  41. တာဂျစ်ကစ္စတန်
  42. ထရန်နစ္စတြီးယား (အသိအမှတ်ပြုမှု အငြင်းပွားနေဆဲ နိုင်ငံ)
  43. တာ့ခ်မင်နစ္စတန် (ဆားငန်အိုင်ဖြစ်သော ကက်စပီယန်ပင်လယ်သို့သာ ထွက်ပေါက်ရှိ)
  44. ယူဂန်ဒါ
  45. ဥဇဘက်ကစ္စတန် (ဆားငန်အိုင်ဖြစ်သော အေရီယယ်ပင်လယ်သို့သာ ထွက်ပေါက်ရှိ)
  46. ဗာတီကန်စီးတီး (အခြားနိုင်ငံအတွင်း လုံးဝပိတ်မိနေသောနိုင်ငံ)
  47. ဇမ္ဘီယာ
  48. ဇင်ဘာဘွေ
နှစ်ထပ်ပိတ် ကုန်းတွင်းပိတ်နိုင်ငံများ
ကုန်းတွင်းပိတ်နိုင်ငံသည် ၄င်းကိုပိတ်ထားသော ပတ်ဝန်းကျင်တိုင်းပြည်သည်လည်း ကုန်းတွင်းပိတ်နိုင်ငံများသာ ဖြစ်လျှင် ယင်းကို နှစ်ထပ်ပိတ်ကုန်းတွင်းပိတ်နိုင်ငံဟု ခေါ်သည်။
  1. လက်ချင်စတိန်းသည် ဗဟိုဥရောပဒေသတွင်ရှိပြီး ပင်လယ်ထွက်ပေါက်ရရန် အနည်းဆုံး ဆွစ်ဇာလန်နှင့် သြစတြီးယား ၂ နိုင်ငံကိုဖြတ်သန်းရမည်။
  2. ဥဇဘက်ကစ္စတန် သည် ဗဟိုအာရှတွင် ရှိပြီး အာဖဂန်နစ္စတန်၊ ကာဇက်စတန်၊ ကီးရ်ဂစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန် တို့က ၀န်းရံထားသည်။
ဧကဥဿုံ ကုန်းတွင်းပိတ်နိုင်ငံများ
အကယ်၍ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုကို ၀ိုင်းပတ်ပိတ်ဆို့ထားသော ပတ်ဝန်းကျင်နိုင်ငံမှာ တစ်နိုင်ငံတည်းဖြစ်လျှင် ၄င်းကို ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံ ဟုခေါ်သည်။ ၃ နိုင်ငံရှိသည်။
  1. ဆန်မာရီနို (အီတလီအတွင်း လုံးဝပိတ်နေသည်)
  2. ဗာတီကန်စီးတီး (အီတလီအတွင်း လုံးဝပိတ်နေသည်)
  3. လီဆိုသိုဘုရင့်နိုင်ငံ (တောင်အာဖရိကနိုင်ငံအတွင်း လုံးဝပိတ်နေသည်)

နိုင်ငံခြားရုပ်သေး

နိုင်ငံခြားက လမ်းဘေး ရုပ်သေး ဖျော်ဖြေပုံလေးပါ...။


မွေးခါစ စကားပြောကြသူများ

မွေးဖွားခါစ စကားပြောဖူးသောသူများမှာ ဘုရားအလောင်းတော်များဖြစ်ကြတဲ့ ဝေဿန္တရာ၊ မဟောသဓာ၊ သိဒ္ဓတ္တမင်းသားတို့ဖြစ်တယ်။ ဘုရားအလောင်းတော် သုံးဦးတို့ရဲ့ မွေးခါစပြောစကားများကို နားလည်အောင် အကျယ်ပြောပေးပါမယ်။ 

(၁) ဘုရားအလောင်းတော်ဟာ မဟောသဓသုခမိန်ဘ၀တွင် မယ်တော်ဝမ်းမှ ဖွားမြင်တော်မူခိုက် သိကြားမင်းလာပြီး ဘုရားအလောင်းတော်ရဲ့လက်ထဲမှာ စန္ဒကူးနံ့သာနှစ်တုံးကို ထားခဲ့တဲ့အတွက် ဒီစန္ဒကူးနံ့သာနှစ်တုံးကို ဆုပ်ကိုင်လျက် ဖွားမြင်လာသောအခါ မယ်တော်က သားတော်လေးအား “ချစ်သား…အဘယ်ဝတ္ထုကို ယူလာခဲ့သလဲ”လို့ မေးမြန်းရာ သားတော်က “အို မွေးမိခင်….ဆေးဖြစ်ပါတယ်” (သြသဓံ,အမ္မာ)လို့ မဟောသဓသုခမိန်မင်းသားလေးဟာ မွေးခါစမှာ စကားပြောခဲ့တယ်။(သာ တဿ ဟတ္ထေ သြသဓဃဋိကံ ဒိသွာ “တာတ,ကိံ တေ လဒ္ဓ” န္တိ အာဟ။ “သြသဓံ, အမ္မာ” တိ ဒိဗ္ဗောသဓံ မာတု ဟတ္ထေ ဌပေသိ။)

(၂) ဘုရားအလောင်းတော် ဝေဿန္တရာမင်းဘ၀မှာ မယ်တော်ဝမ်းမှ ဖွားမြင်ခါစမှာပင် လက်ျာလက်ကို ဆန့်တန်းဖြန့်ခင်းပြီး “အမ္မ ဒါနံ ဒဒိဿာမိ၊ အတ္ထိနု ကိဉ္စိ တေ ဓနံ”လို့ ပြောပါတယ်။ အဓိပ္ပါယ်က “မွေးမယ်တော်.. မယ်တော်မှာ တစ်စုံတစ်ခုသော ဥစ္စာဝတ္ထု ရှိပါသလား။ အလှူဒါနကို လှူပါအံ့”လို့ဆိုပြီး ဖွားမြင်လာပါတယ်။

(၃) ဂေါတမမြတ်စွာဘုရားအဖြစ်သို့ ရောက်တော်မူမယ့် နောက်ဆုံးဘ၀မှာ မွေးဖွားလာတာနဲ့ မြောက်အရပ်သို့ ဖ၀ါးခုနှစ်လှမ်း လှမ်းကြွတော်မူပါတယ်။ ခုနှစ်ဖ၀ါးမြောက်ရောက်တဲ့အခါ ရပ်တန့်တော်မူပြီး အဂ္ဂေါဟမသ္မိ လောကဿ=ငါဟာ လူသုံးပါးမှာ အမြတ်ဆုံးဖြစ်တယ်။ ဇေဋ္ဌောဟမသ္မိ လောကဿ=ငါဟာ လူသုံးပါးမှာ အကြီးအကဲဆုံးဖြစ်တယ်။ သေဋ္ဌောဟမသ္မိ လောကဿ=ငါဟာ လူသုံးပါးမှာ အချီးမွမ်းအပ်ဆုံး ဖြစ်တယ်။ အယမန္တိမာ ဇာတိ=ယခု ပဋိသန္ဓေတည်ရခြင်းဟာ ငါ့အဖို့ နောက်ဆုံးပဋိသန္ဓေ တည်နေရခြင်း ဖြစ်တယ်။ နတ္ထိဒါနိ ပုနဗ္ဘဝေါ=ယခုအခါ ငါအဖို့ တဖန်ဘ၀အသစ်ဖြစ်ရခြင်း မရှိတော့ပြီလို့ ပြောကြားတော်မူခဲ့ပါတယ်။

Ref: venkawwida.com

မြေးအဘွားနှစ်ဦးအား သက်စွန့်ဆံဖျားကယ်တင်

ဒီသတင်းလေးက မြန်မာ့အလင်းထဲမှာ ပါတာပါ။ တခြား ဘယ် ပြည်တွင်း မီဒီယာတွေမှာမှ ဒီလို လေးစားဖွယ် နိုင်ငံ့ဝန်ထမ်းတွေအကြောင်းကို ဖော်ပြခြင်းမရှိသေးလို့ ယခုပို့စ်ဖြင့် ဂုဏ်ပြု တင်ပြခြင်းဖြစ်ပါတယ်။ 

ယခု ဧပြီလ ၁၁ ရက်၊ နံနက် ၁၀ နာရီ၊ မိနစ် ၂၀ က မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲသည့် အမှတ် ၁၇၆ အစုန်ရထားသည် ဒါးပိန်ဘူတာအ၀င် ရထားလမ်းတံတားပေါ်၌ လမ်းဖြတ်ကူးသူ မြေးအဘွားနှစ်ဦးအား စက်ခေါင်းမောင်းလက်ထောက်က ကယ်တင်ခဲ့ရကြောင်း သိရှိရသည်။ 
ဒါးပိန် (မြောက်ပိုင်း) လက်ပံတန်းရပ်ကွက်တွင် နေသူ ဒေါ်မြင့်ကြည်(၆၂နှစ်) နှင့် မြေး မသဲစုဝင်း(၈နှစ်) တို့ဟာ ဒါးပိန်ဘူတာအ၀င် ပေ ၁၂၀ ရှည်တဲ့ ရထားလမ်းတံတားပေါ်ဖြတ်ကူးစဉ် မော်လမြိုင်မှ ရန်ကုန်သို့ထွက်ခွာလာသည့် အမှတ် ၁၇၆ အစုန်ရထားစက်ခေါင်းမောင်း ဦးမင်းလွင်ထွန်း၊ စက်ခေါင်းမောင်းလက်ထောက် ဦးဌေးနိုင်တို့မှာ တွေ့မြင်မြင်ချင်း သတိပေးဥသြဆွဲပြီး အရေးပေါ် ဘရိတ်ဆွဲ ရပ်တန့်ရန် ကြိုးစားခဲ့ပါတယ်။
ရထားကိုကျောပေးပြီး တံတားဖြတ်ကူးတဲ့ မြေးအဘွားနှစ်ယောက်အနေနဲ့ ရုတ်တရက် ကြောက်လန့်ပြီး တံတားအလယ်မှာ ဖက်ပြီးရပ်နေခြင်း၊ ရထားအရေးပေါ်ဘရိတ်သုံးနေသော်လည်း ခုတ်မောင်းလာသော အရှိန်ကြောင့် လုံးဝမရပ်တန့်နိုင်ဘဲ အရှိန်သာလျော့နည်းပြီး တိုက်မိတော့မယ့် အနေအထားတို့ကြောင့် စက်ခေါင်းမောင်းလက်ထောက် ဦးဌေးနိုင်မှ စက်ခေါင်းအပြင်ထွက်ပြီး စက်ခေါင်းထိပ်သွားရောက်ကာ ယင်းမြေးအဘွားနှစ်ဦးအား စက်ခေါင်းပေါ်မှ ခုန်ဆင်း၍ အမြန်တွန်းထုတ်ဖယ်ရှားခဲ့ရာ သုံးဦးစလုံး ၁၂ ပေအမြင့်ရှိ တံတားပေါ်မှ ရေထဲသို့ ပြုတ်ကျသွားခဲ့သည်။ စက်ခေါင်းမောင်းလက်ထောက်၏ ရုပ်ရှင်ဆန်ဆန် သက်စွန့်ဆံဖျားကယ်တင်မှုကြောင့် မြေးအဘွားနှစ်ဦးလုံးနှင့် ၄င်းအပါအ၀င် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ အသက်ကယ်တင်နိုင်ခဲ့ပါသည်။

ရထားများအနေဖြင့် သတ်မှတ်မိုင်နှုန်းဖြင့် ခုတ်မောင်းရာမှာ ရုတ်တရက် ရပ်တန့်နိုင်ခြင်းမရှိဘဲ လုံလောက်အကွာအဝေး ရောက်မှသာ ရပ်နိုင်သဖြင့် ရထားလမ်းတစ်လျှောက်နေထိုင်သူ ပြည်သူများ လမ်း၊တံတား ဖြတ်ကူးရာတွင် သတိဖြင့် ဖြတ်ကူးကြရန် နှင့် လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို ထားရှိကြေညာထားပြီး လိုက်နာကြရန်လိုကြောင်း မိဘပြည်သူများအား မြန်မာ့မီးရထားဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ထားပါသည်။

ပုံသေးနေလျှင် ပုံပေါ်ကို Click နှိပ် ကြည့်ရှုနိုင်ပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားဆင်းတုတော်


ပုံမှာမြင်တွေ့နေရတာကတော့ တရုတ်နိုင်ငံအလယ်ပိုင်း Henan ပြည်နယ် Zhaocun မြို့နယ်မှာ တည်ရှိတဲ့ Spring Temple Buddha အမည်ရ ဗုဒ္ဓဆင်းတုတော် ဖြစ်ပါတယ်။ ယင်းဆင်းတုတော်ကို ၂၀၀၈ ခုနှစ်က အပြီးသတ် တည်ဆောက်ခဲ့ပြီး အမြင့် ၁၅၃ မီတာ၊ (၅၀၂ပေ) ရှိတယ်လို့ သိရပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ Bamiyan ဗုဒ္ဓဆင်းတုတော်များကို ၂၀၀၁ ခုနှစ် မတ်လက တာလီဘန်သူပုန်တို့ ပစ်ခတ်ဖျက်ဆီးပြီး မကြာမီ တရုတ်တို့ Spring Temple Buddha တည်ဆောက်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။

Bamiyan ဗုဒ္ဓဆင်းတုတော်ဟာ တောင်နံရံမှာ ထွင်းထုထားပြီး ၂၅၀၀ မီတာ (၈၂၀၂ ပေ) အမြင့်ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ တရုတ်နိုင်ငံမှ Spring Temple Buddha ဟာ ကမ္ဘာ့အမြင့်ဆုံး ရုပ်တု (ဆင်းတုတော်) အဖြစ် အသတ်မှတ်ခံထားရတယ်လို့ သိရပါတယ်။

Ref: International news for Myanmar

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ သမ္မတကြီး

ဒီကနေ့ ၂၀၁၂ ခုနှစ်၊ ဧပြီ ၂၀ ရက်နေ့ (သောကြာနေ့)ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အသက် ၆၇ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ 


သမ္မတကြီး ဦးသိန်းစိန်ဟာ အစိုးရသစ်သက်တမ်း တစ်နှစ် အတွင်းမှာပဲ ပြည်တွင်းပြည်ပရဲ့ အတိုက်အခိုက်များစွာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ပြီး မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲများကို စတင်သူ၊ မြစ်ဆုံအရေး မိတ်ပျက်မှာမကြောက်ဘဲ ပြည်သူတွေရဲ့ ဆန္ဒကိုသာကြည့်ခဲ့သူ၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဦးဆောင်ကြိုးပမ်းသူ၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး အတိုက်အခံများကို လက်တွဲကြိုဆိုခဲ့သူ၊ ဒီမိုကရေစီစနစ်နဲ့ Clean Government ကို အကောင်အထည်ဖေါ်နေသူ၊ မြန်မာကို ကမ္ဘာမှာ ဂုဏ်တင့်အောင် ပြန်လည်ကြိုးစားနေသူ၊ ဂုဏ်ပကာသန မာန်မာနကင်းစင်ပြီး ပကတိရိုးသား တည်ကြည်သူ တစ်ဦးအဖြစ် ထင်ရှားခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု၊ ထောက်ခံမှုရရှိအောင် အပြောသက်သက်မဟုတ်၊ အလုပ်နဲ့ သက်သေပြခဲ့သူဆိုတာကို တိုတောင်းသေးတဲ့ သမ္မတသက်တမ်းအတွင်း လုပ်ဆောင်မှုများက ငြင်းမရအောင် သက်သေထူလျက်ရှိပါတယ်။ ဒါကြောင့် Time  မဂ္ဂဇင်းရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာတစ်လွှား သြဇာအရှိဆုံး အယောက် ၁၀၀ စာရင်းထဲမှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁၇ နေ့က အတည်ပြုခံ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကျရောက်တဲ့ သမ္မတကြီးရဲ့ ၆၇ နှစ်မြောက်မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘုန်းတန်ခိုး ထက်မြက်ကြီးမားပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာနဲ့ တိုင်းပြည်အကျိုး၊ အမျိုး၊ ဘာသာ၊ သာသနာ နဲ့ ပြည်သူလူထုအကျိုး တို့ကို ဆထက်တပိုး တိုးလို့ ဆောင်ရွက်နိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

အောက်မှာ သမ္မတကြီး ဦးသိန်းစိန်အကြောင်း ပြည့်ပြည့်စုံစုံလေး ဖော်ပြပေးလိုက်ပါတယ်။

ဦးသိန်းစိန်သည် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ အဌမမြောက်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသက်ဝင်ပြီးနောက် ပထမဆုံး နိုင်ငံတော်သမ္မတဖြစ်လာသည်။ ၂၀၀၇ ၊ မေလတွင် ယခင်ဝန်ကြီးချုပ် ဦးစိုးဝင်း ကျန်းမာရေးအခြေအနေ ကျဆင်းပြီးနောက် ၀န်ကြီးချုပ်တာဝန်များ စတင်ထမ်းဆောင်ရပြီး အောက်တိုဘာတွင် တရားဝင်ခန့်အပ်ခံရသည်။ မြန်မာနိုင်ငံ၏ အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌဖြစ်သည်။ ၂၀၀၈၊ မေလ နာဂစ်ဖြစ်ပြီးနောက် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဗဟိုကော်မတီ ဥက္ကဌဖြစ်လာခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ရန် တာဝန်ပေးအပ်ခံရပြီး ၂၀၁၀ ဧပြီမကုန်ခင် အခြား စစ်အရာရှိ ၀န်ကြီး၊ ဒုဝန်ကြီး (၂၇) ဦးနှင့်အတူ အရပ်ဝတ်လဲလှယ်ပြီး ပါတီထူထောင်ခွင့် လျှောက်ခဲ့သည်။ ၂၀၁၀၊ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုလျက် နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်တွင် အရွေးချယ်ခံခဲ့ပြီး ၂၀၁၁၊ ဖေဖော်ဝါရီ ၄ ရက်တွင် သမ္မတအဖြစ် တင်မြှောက်ခံခဲ့ရသည်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ အဌမမြောက်သမ္မတဖြစ်ပြီး ၂၀၁၁၊ ဧပြီ ၁ ရက်နေ့တွင် သမ္မတတာဝန် စတင်ထမ်းဆောင်ရသူ ဖြစ်သည်။

ငယ်ဘဝ
၁၉၄၅၊ ဧပြီ ၂၀ တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ၊ ကျုံကူးရွာတွင် အဖ ဦးအောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ မောင်သိန်းစိန်ပင်ဖြစ်သည်။

ပညာသင်ဘဝ
အခြေခံပညာကို ငပုတောမြို့နယ်၊ ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်းနှင့် ပုသိမ်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း တို့တွင် သင်ကြားခဲ့သည်။ အထက်တန်းအောင်ပြီး ပြင်ဦးလွင် စစ်တက္ကသိုလ် တက်ရောက်ခဲ့ကာ ၁၉၆၈ တွင် အပတ်စဉ် (၉) တွင် ဝိဇ္ဇာဘွဲ့အထူးပြုဖြင့် အောင်မြင်သင်တန်းဆင်းခဲ့ပြီး တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးဘဝ
ကျောင်းဆင်းချိန် ၁၉၆၇ မှ ၁၉၇၃ ထိ ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် (၁) တွင် ဒုဗိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ ၁၉၈၂ ထိ ရမခ၊ ခမရ (၁၀၉) နှင့် ခလရ (၈၉) တွင် ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း၊ ၁၉၈၉ တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ (၈၉)၊ နတခနှင့် ကက(ကြည်း) တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ တွင် ဗိုလ်မှူးကြီးအဖြစ် ကက(ကြည်း) နှင့် စကခ(၄)၊ ၁၉၉၆ တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့် တသခ၊ ၁၉၉၇ တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့် ကကရေး၊ ၂၀၀၇ တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း) တွင် တာဝန်ဆက်လက်ထမ်းဆောင်ခဲ့သည်။

၁၉၉၈ ၀န်းကျင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ခြေလျင်တပ်ရင်းတွင် တပ်ရင်းမှူး တာဝန်ယူပြီးနောက် စစ်ရုံးသို့ပြောင်းရွှေ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့သည်။ ထို့ကြောင့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေးဘက်တွင် ကျွမ်းကျင်လာခဲ့သည်။ ၁၉၈၈ တပ်မတော်မှ အာဏာသိမ်းပြီး ကကကြည်းတွင် စစ်ဦးစီး ဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်များဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီးအခြေစိုက် စကခ(၄) တွင် တပ်မမှူး ဖြစ်လာသည်။ ၁၉၉၇ တွင် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်ထားခံရချိန်တွင် ဘိန်းဘုရင်များနှင့် တစ်ဖက်နိုင်ငံမှ ထိုင်းလူမျိုးများဆက်စပ်သည့် ကိစ္စအ၀၀ကို တာဝန်ယူဖြေရှင်းခဲ့ရသည်။ နယ်စပ်ဒေသရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစားခဲ့ရသည်။ ၁၉၉၈ တွင် ဗိုလ်မှူးချုပ်၊ ၂၀၀၁ တွင် ရန်ကုန်စစ်ရုံးချုပ်တွင် စစ်ရေးချုပ်တာဝန်ယူရသည်။ ၂၀၀၃ တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးအပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၂) တာဝန်ယူရသည်။ ၂၀၀၄ တွင် အတွင်းရေးမှူး (၁)ဖြစ်လာခဲ့သည်။


၂၀၀၇၊ ဧပြီတွင် ယာယီဝန်ကြီးချုပ်ဖြစ်လာပြီး အောက်တိုဘာ ၂၄ တွင် တရားဝင်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ ၂၀၀၈ နာဂစ်ဒဏ်ခံ ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရအရာရှိများထဲတွင် ပထမဆုံးဖြစ်သည်။ နာဂစ်အပြီး ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေးကာကွယ်တားဆီးရေး ဗဟိုကော်မတီ ဥက္ကဌတာဝန် ပူးတွဲထမ်းဆောင်ခဲ့သည်။ ၂၀၁၀၊ ဧပြီ ၂၄ တွင် စစ်ဖက်ရာထူးဗိုလ်ချုပ်ကြီးအဖြစ်မှ နှုတ်ထွက်ပြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၀၊ နိုဝင်ဘာရွေးကောက်ပွဲတွင် ဦးသိန်းစိန်၏ ပြည်ခိုင်ဖြိုးပါတီက မဲအများစုဖြင့် အနိုင်ရပြီး သမ္မတဖြစ်လာခဲ့သည်။

ဦးသိန်းစိန်သည် စီးပွားရေးနာမည်ပျက်ကင်းပြီး နိုင်ငံတကာအတွေ့အကြုံရှိသူဖြစ်သည်။ စာဖတ်အားကောင်းပြီး ဆုံးဖြတ်ချက်ချရာတွင် မြန်ဆန်မှန်ကန်မှုရှိသည်။ သဘောထားပျော့ပျောင်းကာ အားလုံးကိုချစ်ခင်ကြင်နာတတ်သည်။


နိုင်ငံတကာဆက်ဆံရေး
ဝန်ကြီးချုပ်ဖြစ်ပြီးနောက် ချစ်ကြည်ရေးခရီးစဉ်များအဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသည့်နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။ အာဆီယံအစည်းအဝေးများ၊ တောင်အာရှနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ အမေရိကန် နိုင်ငံများသို့ သွာရောက်ခဲ့သည်။ ၂၀၀၉ မတ်လအတွင်း သွားရောက်ခဲ့သည့် စင်ကာပူခရီးစဉ်တွင် စင်ကာပူမှ သစ်ခွတစ်မျိုးကို ဒမ်ဒရိုဗီယမ်သိန်းစိန် ဟု အမည်ပေး ဂုဏ်ပြုခြင်းခံရသည်။ ၂၀၁၁၊ အောက်တိုဘာ ၁၂ ရက်တွင် နိုင်ငံတော်သမ္မတအဖြစ် ဇနီးဒေါ်ခင်ခင်ဝင်းနှင့်အတူ အိန္ဒိယသမ္မတ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး ထွက်ခွာခဲ့သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း
၁၉၈၈ တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိခဲ့သည်။
၂၀၀၉ ၊ မတ်လတွင် စင်ကာပူခရီးစဉ်တွင် သစ်ခွတစ်မျိုးကို ဒမ်ဒရိုဗီယမ်သိန်းစိန် ဟု အမည်ပေး ဂုဏ်ပြုခံရသည်။
၂၀၁၁၊ ဇန်န၀ါရီ ၄ ရက်တွင် အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဘွဲ့ ရရှိခဲ့သည်။

မိသားစု
ဇနီးသည်မှာ ဒေါ်ခင်ခင်ဝင်းဖြစ်ပြီး သမီးသုံးဦးထွန်းကားခဲ့သည်။ ယခုအခါ နေပြည်တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။ ၂၀၁၂ ၊ ဇန်န၀ါရီ ၃၁ ရက်တွင် စင်ကာပူနိုင်ငံ Mt.Elizabeth ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့သည်။ ဦးသိန်းစိန်တွင် နှလုံးရောဂါရှိပြီး ၂၀၀၄ မှစကာ နှလုံးခုန်စက် တပ်ဆင်ထားရသည်ဟု ဆိုပါသည်။

ကမ္ဘာ့ပထမဆုံး ရေအောက်မှ ကြယ်ငါးပွင့်ဟိုတယ် (Poseidon Undersea Resort)

အောက်ကပုံလေးတွေကတော့ Fiji ကျွန်းစုနိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့ပထမဦး ဆုံး ရေအောက် ဟိုတယ်ဖြစ်ပါတယ်။ International news for Myanmar မှာ တင်ထားတာပါ။

၂၀၀၈ စက်တင်ဘာလမှာ ဖွင့်လှစ်ခဲ့တဲ့ ယင်းဟော်တယ်ဟာ ရေအောက်မှာ တည်ဆောက်ထားခြင်း ဖြစ်ပြီး ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ယင်းဟိုတော်မှာ တည်းခိုခကတော့ တစ်ပတ်ကို အမေရိကန်ဒေါ်လာ သုံးသောင်းကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ပုံလေးတွေကို အောက်မှာ ဆက်လက်ရှုစားကြည့်ပါဦး...

Facebook နောက်ခံ ဘာကြောင့်ပြာ

Facebook ရဲ့ နောက်ခံအရောင်ဟာ အပြာရောင်ဖြစ်နေရခြင်းအကြောင်း အရင်းကို တည်ထောင်သူ Mark Zuckerberg ကိုယ်တိုင်ဝန်ခံထားပါတယ်။

ဒါကတော့ Mark Zuckerberg ဟာ ကာလာဘလိုင်း (color blind) ဖြစ်နေခြင်း ဖြစ်ပါတယ်။ သူဟာ အပြာရောင်ကိုသာ ကွဲကွဲပြားပြား ထင်ထင်ရှားရှားမြင်ရပြီး အနီရောင်နဲ့ အစိမ်းရောင်ကို ကွဲကွဲပြားပြားမမြင်ရဘူးဆိုတာကို အွန်လိုင်း စမ်းသပ်ချက်တစ်ခု (Online Test) မှာ ကိုယ်တိုင်ကိုယ်ကျ လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Ref: International news for Myanmar

Time မဂ္ဂဇင်းရဲ့ 2012 အတွက် ကမ္ဘာ့ သြဇာအရှိဆုံး အယောက် ၁၀၀ စာရင်းထုတ်ပြန်

ကမ္ဘာတ၀ှမ်း အပြိုင်အဆိုင် မဲပေးခဲ့ကြတဲ့ Time မဂ္ဂဇင်းရဲ့ 2012 အတွက် ကမ္ဘာ့သြဇာအရှိဆုံး အယောက် ၁၀၀ စာရင်းကို ဧပြီ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါပြီ။ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အယောက် ၁၀၀ စာရင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက သမ္မတကြီးဦးသိန်းစိန် ပါဝင်ခဲ့တာကို ဂုဏ်ယူဖွယ် တွေ့ရပါတယ်။


သမ္မတကြီး နှစ်သစ်မှာ ကျန်းမာချမ်းသာပြီး တိုင်းပြည်အကျိုးကို ဒီထက်ပိုပြီး သယ်ပိုးဆောင်ရွက်နိုင်ပါစေ လို့ ဂုဏ်ပြုဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ပဏာမ ရွေးချယ်ထားတဲ့ လူစာရင်းမှာ မြန်မာနိုင်ငံက ၂ ဦး ပါဝင်ခဲ့ပေမယ့် နောက်ဆုံး အတည်ပြု ရွေးချယ်အပြီးမှာ လူထုခေါင်းဆောင် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် မပါဝင်လာတော့တာဟာလဲ စိတ်မကောင်းစရာ တစ်ခုပါ။ Time ရဲ့ 2012 အတွက် အယောက် ၁၀၀ စာရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Time ရဲ့ မူရင်းလင့်ကတော့ ဒီမှာပါ => မူရင်းလင့်

ရာသီဥတု ဆိုးရွားမှုဘေးမှ လွတ်ကင်းအောင် အသားလျှော့စားပါ

Maukkha.org က ဆောင်းပါးတစ်ပုဒ်ပါ။

တိရစ္ဆာန်အစားအစာအတွက် သီးနှံများစိုက်ပျိုးရာ၌ အသုံးပြုသော ဓာတ်မြေသြဇာများသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို အများဆုံးဖြစ်ပွားစေပြီး၊ ရာသီဥတုပြောင်းလဲမှုများကို ဖြစ်ပွားစေသည်။
ဖွံ့ဖြိုးပြီးတိုင်းပြည်များမှ အသားစားသူများသည် ရာသီဥတုပြောင်းလဲမှု၏ အဆိုးရွားဆုံးအကျိုးဆက်များကို မဖြစ်ပွားရအောင် အသားကို အတော်များများလျှော့စားသင့်ပြီး၊ ၅၀% အထိပင်လျှော့စားသင့်သည်ဟု လေ့လာချက် အသစ်တရပ်က သတိပေးထားသည်။
စိုက်ပျိုးရာ၌ အသုံးပြုသော ဓာတ်မြေသြဇာများသည် ရာသီဥတုပြောင်းလဲမှုဖြစ်ပွားစေသော အပူထုတ်လွှတ်မှု၏ အချိုးအစား အတော်မျာများကို ဖြစ်ပွားစေသည်။
ကြောက်မက်ဖွယ် ကမ္ဘာကြီးပူနွေးမှု အန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအတွက် (၂၀၅၀)ခုနှစ် မရောက်မီ ကာလအတွင်းမှာ ရိက္ခာစိုက်ပျိုးထုတ်လုပ်မှုနှင့် ညစာစားသောက်မှုတွင် အကြီးအကျယ် အပြောင်းအလဲလုပ်ပစ်ရန်လိုသည်ဟု သဘာဝပတ်ဝန်းကျင် သုတေသနစာစောင် (Environmental Research) အမည်ရှိ စာစောင်တွင် ဖော်ပြထားသော လေ့လာချက်တစောင်က သတိပေးထားသည်။
ရာသီဥတုပြောင်းလဲမှုပြဿနာကို ဤသို့ ဖြေရှင်းရာတွင် အကြီးမားဆုံးသော အခက်အခဲကြီးတခု ရှိနေပါသည်။ ဤရာစုနှစ် အလယ်တွင် သန်း (၉ ,၀၀၀) ရှိလာမည့် ကမ္ဘာ့လူဦးရေအတွက် ရိက္ခာအလုံအလောက် ထုတ်လုပ်ပေးရန်ရှိနေသည့်ကြားထဲ၊ ရိက္ခာထုတ်လွှတ်မှုကြောင့် ဖြစ်ပွားသော ဓာတ်ငွေ့ထုတ်လွှတ်မှုကို မည်သို့လျှော့ချမည်နည်း။
မက်ဆာချူးဆက်ပြည်နယ်၊ ၀ုဟိုး သုတေသနဋ္ဌာန (Woods Hole Research Centre) မှညွှန်ကြားရေးမှုး အဲရစ်ဒေးဗစ်ဆန်၏ တွေ့ရှိချက်များက ဖော်ပြထားသည်မှာ ဖွံ့ဖြိုးပြီးတိုင်းပြည်များသည် မြေသြဇာသုံးစွဲမှုကို ၅၀ % လျှော့ချကာ၊ အသားကို များများ လျှော့စားရန် မိမိတို့တိုင်းပြည်အသီးသီးရှိ စားသုံးသူများအား ဆွဲဆောင်သင့်သည်ဟူ၍ ဖြစ်သည်။
ဤသို့ဆွဲဆောင်ရေးသည် မလွယ်လှကြောင်းကိုလည်း ဒေးဗစ်ဆန်က ၀န်ခံပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည် များတွင် အသားသည် နေ့စဉ်အစားအစာတွင် ပါနေကျအစားအစဖြစ်သည်။ တရုတ်ပြည်နှင့် အိန္ဒိယပြည် ကဲ့သို့သော ဖွံ့ဖြိုးဆဲဆိုင်းပြည်များတွင် ကြွယ်ဝချမ်းသာမှုနှင့် တပါတည်းပင် အသားစားသုံးမှု ပိုများလာနေ လျှက်ရှိသည်။
“အသားစားတဲ့ ပမာဏနဲ့ စားတဲ့အကြိမ်ကို လျှော့ဖို့ အနောက်တိုင်းကလူတွေကို နားချဖို့ဆိုတာ ဧရာမ အခက်အခဲကြီးလို့ ကျနော် ထင်ပါတယ်။ ဒါက လက်ရှိ ကျနော်တို့ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းခုပေါ့လေ”ဟု သူကဆိုပါသည်။
သုတေသနပြုလေ့လာသူများက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရာသီဥတုပြောင်းလဲမှုအပေါ် စိုက်ပျိုး ရေး၏ ရိုက်ခတ်ချက်များကသာမက ဤပြဿနာနှင့် တဆက်တည်းဖြစ်သော တိုးပွားလာသည့် လူဦးရေအတွက် ရိက္ခာလုံလောက်ရေး ပြဿနာကိုပါ ဂရုတစိုက်လေ့လာခဲ့သည်။ သိပ္ပံပညာရှင်အချိုံ့ကမူ ရာသီဥတု ပြောင်းလဲမှုဖြစ်ပွားစေသော အရာများဖြစ်သည့် ဓာတ်မြေသြဇာနှင့် တိရစ္ဆာန်အညစ်အကြေးများကို ရှောင် ကျဉ်နိုင်ရေးအတွက် အသားတု ထုတ်လုပ်ရေးလုပ်ငန်းကို စမ်းသပ်လေ့လာကြသည်။
ဓာတ်မြေသြဇာနှင့် တိရစ္ဆာန်အညစ်အကြေးတို့က ထုတ်လွှတ်သော နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့သည် ရာသီဥတု ပြောင်းလဲစေသော ဖန်လုံအိမ်ဓာတ်ငွေ့ကို အများဆုံးဖြစ်ပွားစေသည်။ ကုလသမဂ္ဂ၏ ရာသီဥတု ဆိုင်ရာအဖွဲ့အစည်းက ဤဓာတ်ငွေ့ထုတ်လွှတ်မှုများကို သိသိသာသာလျှော့ချရန် ဆော်သြထားသည်။
ကျွဲနွားနှင့် ၀က်တို့အတွက် အစာစိုက်ပျိုးခြင်းသည် လူ့အစားအစာအစားအတွက် စိုက်ပျိုးသော သီးနှံများ ထက်ပို၍ ဤဓာတ်ငွေ့များကို ထုတ်လွှတ်ပေးသည်။ အသားကို လျှော့စားခြင်းအားဖြင့် ဓာတ်မြေသြဇာလို အပ်ချက်ကိုသာမက တိရစ္ဆာန် အညစ်အကြေးပမာဏကိုပါ လျော့နည်းသွားစေမည်ဖြစ်သည်။
လက်ရှိစိုက်ပျိုးရေးအလေ့အထမှာ ပြောင်းလဲမှုများ (ဆောင်းရာသီ သီးထပ်စိုက်ပျိုးခြင်းကဲ့သို့သော စိုက်ပျိုးမှုများ) လုပ်ပေးခြင်းအားဖြင့် လေထုထဲသို့ နိုက်ထရိုဂျင်ထုတ်လွှတ်မှုမဖြစ်အောင် နိုက်ထရိုဂျင်ကို စုပ်ယူနိုင်စေမည်ဖြစ်သည်။
ဤသို့ကောက်ချက်ချရာ၌ ဒေးဗစ်ဆန်က ၂၀၅၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၈. ၉ ဘီလျံရှိလာမည့်အကြောင်းနှင့် လူတဦးချင်း နေ့စဉ်ကယ်လိုရီစားသုံးမှုသည် ၃ ,၁၃၀ ကယ်လိုရီအထိ မြင့်လာမည့်အ ကြောင်းတို့ကို ညွှန်းဆိုပြနေသည့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့၏ ကိန်းဂဏန်းများကို ထုတ်နှုတ်ပြသပါသည်။
အသားစားသုံးမှုပမာဏသည် ချမ်းသာသောနိုင်ငံများ၌ လူတဦးလျှင် တနှစ်မှာ ၈၉ ကီလိုအထိလည်းကောင်း ဖွံ့ဖြိုးဆံနိုင်ငံများတွင် တနှစ်လျှင် ၃၇ ကီလိုအထိလည်းကောင်း မြင့်တက်သွားမည်ဟု ခန့်မှန်းရပါသည်။
ဤအလားအလာအတိုင်း စခန်းသွားမည်ဆိုလျှင် ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပို၍ပြင်း ပြင်းထန်ထန် ခံရဖွယ်ရှိသည်။
အသားလုံးဝမစားရန်ကိုမူ ဒေးဗစ်ဆန်က တိုက်တွန်းခြင်းမပြုချေ။ “လိုတာက လူတိုင်း သက်သတ်လွတ် စားဖို့ မစဟုတ်ပါဘူး။ အသားစားတဲ့ ပမာဏနဲ့ စားတဲ့အကြိမ်ကို လျှော့ဖို့ဆိုတာတောင် အဝေးကြီးလိုပါသေးတယ်” ဟု သူကဆိုပါသည်။ သို့ဖြစ်ရာ ကာဘွန်ထုတ်လွှတ်မှု များစေသော ကျွဲနွားနှင့် ၀က်တို့ ၏အသားကို စားရာမှနေ၍ ကြက် သို့မဟုတ် ငါးတို့ကို ပြောင်းစားခြင်းသည် လိုပါလိမ့်မည်။ 

Ref: Maukkha.org

မြန်မာ့သင်္ကြန်နှင့် ယို့ယွင်းအပိုင်းအစလေးများ (ကျွန်တော့်အတွေး)

ဒါလေးက ကျွန်တော့်ဘလော့ရဲ့ အဓိကရည်ရွယ်ချက်တော့ မဟုတ်ပါဘူး။ စိတ်ထဲရှိတာလေးပေါ့...။
မြန်မာပြည်ရဲ့ သင်္ကြန်ကာလအတွင်းမှာ ပျော်ပျော်ရွှင်ရွှင် အေးချမ်းစွာနဲ့ ရေကစားကြသူ၊ လည်ပတ်ကြသူတွေ၊ စတုဒီသာ၊ အလှူကျွေးမွေးမှုတွေ၊ တရားစခန်းဝင်ကြသူတွေ စသဖြင့် အမျိုးမျိုး ရှိကြပါတယ်။

ဒီပို့စ်မှာ ပါတဲ့ ပုံလေးတွေက နေ့တိုင်း Facebook စတဲ့ Social Network တွေမှာ တနေ့ထက်တနေ့ မရိုးအောင် မြင်နေရတဲ့ မြန်မာပြည်ရဲ့ သင်္ကြန်တွင်းသရုပ်ပျက် ဓာတ်ပုံလေးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနဲ့ နိုင်ငံတစ်နိုင်ငံအတွက်တော့ ဒီမြင်ကွင်းတွေဟာ ရင်နင့်စရာပါ (ကြီးကြီးကျယ်ကျယ်ပြောတာတော့ မဟုတ်ပါဘူး)၊ စိတ်ထဲမှာခံစားမိတာလေးပါ။

နိုင်ငံခြားသားတွေ မြန်မာပြည်ကို စိတ်ဝင်တစား အလည်လာကြတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုပွဲတော်တွေ၊ ၀တ်စားဆင်ယင်မှုတွေ၊ ကိုယ်ပိုင်ဂီတအနုပညာတွေကြောင့်ပါ၊ ဒီလို ယို့ယွင်းနေတဲ့ သရုပ်ပျက် ဆင်ယင်မှု၊ အပြုအမူတွေသာ တနေ့တခြားများပြားလာမယ်ဆို ဒါဟာ အနှုတ်လက္ခဏာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

အဓိက မိန်းကလေးတွေ အတွက်ပါ၊ ကျွန်တော်ဆိုလိုတာက  အင်္ကျီလက်ပြတ်နဲ့ စကပ်အတိုပဲ ၀တ်ဝတ်၊ လွတ်လွတ်လပ်လပ် ဘောင်းဘီရှည်၊ ဂျင်းဘောင်းဘီ စတာတွေပဲဝတ်ဝတ် သင်္ကြန်တွင်းမှာ ခေတ်မီမီ၊ ခပ်လန်းလန်း၊ ခေတ်ဆန်ဆန်နဲ့ လုံလုံခြုံခြုံ ၀တ်လို့ရတာတွေ အများကြီးပါ။ မမြင်သင့်တာတွေ၊ private တွေကိုတော့ လုံခြုံကြစေချင်ပါတယ်။ ခုဟာက သင်္ကြန်တွင်းရောက်ပြီ၊ ငါတို့ ပြချင်တာတွေ တရားဝင်ပြလို့ရပြီ ဆိုသလိုဖြစ်နေပါတယ်။ မိန်းကလေးတန်မဲ့ အရက်၊ ဘီယာသောက်စားမူးယစ်၊ ပြီးတော့ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်ဘဲ လူမြင်ကွင်းမှာ မဖြစ်သင့်၊ မမြင်သင့်တာတွေချည်း ဖြစ်နေ၊ မြင်နေရပါတယ်။ Celebrity တွေကလဲ Celebrity တွေမို့လို့ စသဖြင့်ပေါ့...။ ကျွန်တော် အခုလိုပြောနေတာ လူတစ်ဖက်သားကို ရှုံ့ချပုတ်ခတ် အပြစ်တင်လိုတဲ့ သဘောနဲ့မဟုတ်ပါဘူး။ အားလုံးကို ကျွန်တော့်ရဲ့ ညီမ၊ အစ်မ တွေလို သဘောထားပြီး တွေးမိပြောမိတာလေးတွေပါ။
ကျွန်တော်တို့ မြန်မာ ယောက်ျားလေးများအနေနဲ့လဲ သင်္ကြန်တွင်းမှာ လွတ်လွတ်လပ်လပ် ပျော်ရွှင်ကြတာ ကိစ္စမရှိပါဘူး။ မမြင်ကွယ်ရာမှာကို မပြောလိုပါ၊ လူမြင်ကွင်းမှာတော့ အမြင်မသင့်တာတွေ၊ သရုပ်ပျက် ရှက်ဖွယ် လုပ်ရပ်မျိုးတွေကို ကိုယ်တိုင် အတတ်နိုင်ဆုံး ထိန်းသိမ်းကြဖို့ တိုက်တွန်းလိုပါတယ်ဗျာ။ ဆရာကြီး၊ လူတတ်ကြီးလုပ်တာလဲ မဟုတ်သလို ကိုယ်တိုင်လဲ အရမ်းယဉ်ကျေးသိမ်မွေ့နေသူမဟုတ်ပေမယ့် အခုပြောတာတွေဟာ ကျွန်တော့်ရင်ထဲကလာတဲ့ အတွေးအပိုင်းအစလေးတွေ ဖြစ်ပါတယ်။ အမှားပါခဲ့ရင် အားလုံး နားလည် ခွင့်လွှတ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ...။

အောက်မှာတင်ထားတဲ့ ပုံတွေက လူတဘက်သားရဲ့ privacy ကို တိုက်ခိုက်လိုစိတ်၊ အပုတ်ချလိုစိတ်နဲ့ တင်ထားတာမဟုတ်ပါ။ တမင် ပြုပြင် လုပ်ယူထားတာလဲ မပါပါ။ အင်တာနက်မှာ လက်တလော ပျံ့နှံ့နေကြတဲ့ (မြန်မာလူမျိုးအမြင်နဲ့) အမြင်မတင့်တဲ့ ပုံများကို ပြုပြင်စေချင်တဲ့ဆန္ဒနဲ့ ယို့ယွင်းအပိုင်းအစလေးများအဖြစ် တင်ပြခြင်းသာဖြစ်ပါတယ်။
အောက်မှာ ပုံတွေ ကြည့်နိုင်ပါတယ်...။

နိုင်ငံခြားသူတို့ရဲ့ မြန်မာ့အက၊ မြန်မာ့အလှ (မော်စကို)

၁၂.၄.၂၀၁၂ နေ့ က မော်စကိုမြို့၊ မြန်မာသံရုံးမှာ ကျင်းပခဲ့တဲ့ သင်္ကြန်ပွဲမှာ ကသွားတဲ့ ရုရှားသူလေးများရဲ့ မြန်မာ့ရိုးရာ သင်္ကြန်အကလေးပါ ။








သင်္ကြန်

ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတိုင်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး သည်ကို အလေးအမြတ်ထားကြသည်။ မိမိတို့ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံ အလိုက် နှစ်သစ်ကူးပွဲတော်များ ကျင်းပကြ၍ နှစ်ဆန်းနှစ်သစ်ကို ကြိုဆိုလေ့ ရှိကြသည်။
မြန်မာတို့က ယင်းနှစ်သစ်ကူးပွဲ ကို သင်္ကြန်ပွဲ တော် ဟုခေါ်၏။ သင်္ကြန်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့်အတူ ပေါ်လာသော နှစ်သစ်ကူး ပွဲတော်ဖြစ်သည် ဟု ဆိုကြပါသည်။
သင်္ကြန်သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်သည်။ အမှန်ဆိုရလျှင် သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်းဖြစ်သည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။
နှစ်ကူးသင်္ကြန်၊ လကူး သင်္ကြန်၊ ရက်ကူး သင်္ကြန် စသဖြင့် ဖြစ်ပါသည်။ သို့သော် တစ်လနှင့် တစ်လ၊ တစ်ရက်နှင့် တစ်ရက် ကူးပြောင်းခြင်းများ အစား တစ်နှင့်တစ်နှစ် ကူးပြောင်းခြင်းကိုသာ သင်္ကြန် ဟု လူသိများပါသည်။

သင်္ကြန် ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိ၊ သင်္ကြ န္တခေါ် သက္ကတ ဘာသာမှ သက်ဆင်းလာသော ဝေါဟာရ ဖြစ်သည်။ သင်္ကန္တ၊ သင်္ကြ န္တဟူ သည် ကူးပြောင်းခြင်း ဟု အနက်အဓိပ္ပါယ် ရလေသည်။
တပေါင်းလတွင် မြန်မာနှစ် တစ်နှစ် ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရ သောကာလ၊ နှစ်သစ်ကူးပြောင်းသော ကာလ ဟု ဆိုလိုရင်း ဖြစ်သည်။
နွေရာသီ၏ အပူဒဏ်ကို သင်္ကြန်ရေဖြင့် အေးမြစေသည်။ နှစ်ဟောင်းမှ အညစ် ကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသစ်လွင် တောက်ပသန့်စင် လာစေသည်။

မြန်မာပြက္ခဒိန်အဖို့ နှစ်ဆန်း ၁ ရက်နေ့သည် နှစ်ဆန်းတစ်ရက် နေ့သာ ဖြစ်ပြီး တန်ခူးလဆန်း ၁ ရက်နေ့ မဟုတ်ပါ။
မြန်မာ့ယဉ်ကျေးမှုအယူအဆ အရ နှစ်သစ်ကူး သင်္ကြန်ကျချိန်၌ သိကြားမင်းသည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ခေတ္တဆင်းသက် လာသည် ဟု ယုံကြည်ကြသည်။ သိကြားမင်း လူ့ပြည်ဆင်းချိန်ကို သင်္ကြန်စ၍ ကျသည်ဟု ယုံကြည်လက်ခံသည်။
သိကြားမင်းမဆင်းမီ တစ်ရက်အလို တွင် သိကြားမင်းကို ကြိုဆိုသောအားဖြင့် အတာအိုးများတွင် ပန်းများထိုးပြီး ကြိုဆိုလေ့ရှိသည်။ ယင်းကို သင်္ကြန်အကြိုနေ့ဟု သတ်မှတ်ထားကြသည်။
သိကြားမင်းဆင်းလာသော သင်္ကြန်ကျချိန်တွင် ဆဲဆိုခြင်း မပြုကြရန်၊ မကောင်းမှု မပြုလုပ်ကြရန်၊ ကုသိုလ်ကောင်းမှုပြုကြရန်၊ သက်ကြီးဝါကြီး များကို ပူဇော်ကန်တော့ရန် ဆုံးမထားသည်။
သိကြားမင်း နတ်ပြည်သို့ပြန်တက်ချိန်ကို သင်္ကြန်အတက် ဟု သတ်မှတ်ကြသည်။ နှစ်သစ်ကူး သိကြားမင်း လူ့ပြည်သို့ဆင်းလာသည့်အခါ တွင် ကျွဲ၊နွား စသော သတ္တ၀ါ တစ်ကောင်ကောင်ကို စီး၍ ဖြစ်စေ၊ လှံ၊ မီးရှူးတိုင် စသည့် ၀တ္ထုပစ္စည်းတစ်ခုခုကို ကိုင်ဆောင်၍ဖြစ်စေ ဆင်းလာလေ့ရှိသည်ဟု ယုံကြည်ကြသည်။

(၁) ဟိန္ဒူ ကနေလာသော ရာဇ၀င်
သိကြားနဲ့ ဗြဟ္မာကြီး ( Arsi ) အငြင်းပွားပြဿနာတက်ရာကနေ သိကြားကနိုင်လို့ ဗြဟ္မာကြီးရဲ့ ဦးခေါင်းကိုရတယ်။ ဗြဟ္မာကြီးက တန်ခိုးကြီးလွန်းတာမို့ ဒီခေါင်းကြီးကို ပင်လယ်ထဲကို ပစ်ချရင် ရေခန်းကုန်မယ်။ မြေကြီးဆီမှာ ထားရင် မီးလောင်ပျက်ဆီးကြမယ်။ လေထဲကို ပစ်ရင်တောင် သတ္တ၀ါအားလုံး မီးလောင်ကြရမှာမို့ သိကြားမင်းက ဘယ်မှာမှ မထားရဲပဲနဲ့ သူ့လက်ထဲမှာပဲ ကိုင်ထားရတယ်။
နောက်တော့ တန်ခိုးကြီးတဲ့ နတ်မင်းကြီးတွေကို တာဝန်လွှဲပြီး တစ်နှစ်ကို နတ်တစ်ယောက်က ဒီခေါင်းကြီးကို ထိန်းသိမ်းထားရမယ်လို့ ဆိုတယ်။ ဒီခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦး လွှဲမယ့် အချိန်အတိအကျကို ပုဏ္ဏားတွေက တွက်ကြတယ်။ အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။ နှစ်တစ်နှစ်ပြည့်တယ် လို့လဲ သတ်မှတ်တယ်။
ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသားရေမှာ ရေးတယ်လို့ ဆိုပါတယ်။
ဒီအတိုင်းဆိုရင် ဇာတ်လမ်းမှာ သိကြားဆင်းတယ်။ ဒါပေမယ့် ရေလောင်းတာ မပါသေးဘူး။ နောက်တော့ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုတဲ့သဘောနဲ့ ရေပက်ကစားကြတယ် ဆိုတာကို ဆက်လိုက်ကြတော့ သင်္ကြန်ဆိုတဲ့ စကား ၊သိကြား နဲ့ ရေပက် တာတွေ ကွက်တိဖြစ်ကုန်တယ်။
ဒီမှာမှ သိကြားက သင်္ကြန်အကျမှာ လူ့ပြည်ကိုလာတယ် ၊ သင်္ကြန်အတက်မှာ ပြန်တယ် ။ သင်္ကြန်အကြတ်မှာတော့ သူဘယ်မှာ တည်းခိုတယ်။နားတယ် ၊ကစားတယ် မပါပါဘူး။ ဘာကိုင်လာတယ်၊ညာကိုင်လာတယ် ..ဆိုတာတွေကလဲ ရှိသေးတယ်။ ဒါက ဇာတ်လမ်းတစ်ခုပေါ့ ။

(၂) နေနဲ့ ကမ္ဘာလည်ပတ်ရာကနေလာသော ရာဇ၀င်
ဒ်ီတစ်ခုကတော့ ဗုဒ္ဓ၀င်ကျမ်းတွေနဲ့ ဗေဒင်ပညာတွေနဲ့ ဆက်စပ်တယ်။ ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်တယ်။
အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်းစတယ်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူးသေးဘူး။ နောက် ထပ် (၂)ရက်၊(၄)နာရီ၊(၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ်ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ ကျရောက်လာတယ်။
သဘာဝကျတာတစ်ခုက တန်ခူး ဆိုတာကိုက တာကူးဆိုတာကနေ ဖြစ်လာတယ်။ တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် က မိဿရာသီသို့ ကူးတာကို ရည်ရွယ်ပြီး ရှေးမြန်မာပညာရှိတွေ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ တန်ခူး လို့ နောက်ခေါ်လာကြတော့ အနက်ကတော့ ပြောင်းသွားတယ်။ တန် (၀ါ)တန်းက ထန်း လို့ အဓိပ္ပါယ်ရတယ်။ ခူးက ဆွတ်ခူးတယ်။ ဒီတော့ ထန်းသီးခူးတဲ့လ လို့ ဖြစ်နေတယ် ။ တာကူးကနေ ပြောင်းလာတယ်ဆိုတာပဲ မှတ်ထားတာကောင်းမယ်။ ဗုဒ္ဓဘာသာကျမ်းများမှာ ဒီကာလ အခါမှာ ဘုရားရှင်ရဲ့ အမေဘက်က အမျိုးတွေ ဖြစ်လာမယ့် ဒေ၀ဒဟပြည်က မင်းသားမင်းသမီးတွေ ရေကစားကြတယ်။ ဒေ၀ ဆိုတာ နတ်လို့ ပဲ ဘာသာပြန်လို့ မရဘူး ။ မင်းသား၊မင်းသမီးလို့လဲ အဓိပ္ပါယ်ရှိသေးတယ်လို့ သီတဂူဆရာတော်ဟောပါတယ်။ အခုရက်ပိုင်းသတင်းစာတွေမှာ ဒေ၀ဒဟ = နတ်ရေကန် လို့ ရေးကြတာတွေ့လိမ့်မယ်။ ဒီတော့ ဒေ၀ဒဟ =မင်းသား၊မင်းသမီးများရေကစားသော ရေကန် လို့ ပြန်ရင်ပိုကောင်းပါမယ်။ သမိုင်းနဲ့လဲ ကိုက်ညီပါတယ်။
ဒုတိယ ဇာတ်လမ်းမှာ ပူပြင်းသော မိန်မှ မိဿအပြောင်း ၊ရှေးဘုရားရှင်မတိုင်မီကတည်းက ဒီရာသီမှာ ရေကစားကြတယ်။ ဒီတော့ ဗုဒ္ဓဘာသာမြန်မာတွေလဲ ဒီရာသီမှာ ရေကစားကြတယ် လို့ ပြောရင်ရပါမယ်။
ဒီဇာတ်လမ်းမှာတော့ ဆရာသိကြား မပါတော့ပါဘူး။ ဗုဒ္ဓ၀င်နဲ့ ဗေဒင်ကို အစဉ်အလာနဲ့ ညှိပြီးကစားကြတယ်လို့ ဆိုပါတယ်။
မြန်မာနဲ့ ယဉ်ကျေးမှုခြင်းတူနေတဲ့ ထိုင်း ၊လာအို ၊ ကမ္ဘောဒီယားတွေမှာတော့ ဘယ်လို အစဉ်အလာရှိမယ် မသိဘူး။ အင်တာနက်မှာ ဖတ်ကြည့်မယ်ဆို ရှိနိုင်ပါတယ် ။ ထိုင်းမှာ ( Songkran ) ကမ္ဘောဒီယားမှာ (Chaul Chnam Thmey ), လာအို မှာ ( Pimai ) လို့ ခေါ်ကြတယ်။ နှစ်ဟောင်းက အကုသိုလ်ကို ရေနဲ့ ဆေးတာ၊အေးချမ်းစေတာ ၊ နှစ်သစ်ကို ကြိုဆိုတာ ဆိုတာတွေကတော့ အတူတူပါပဲ ။

သင်္ကြန်စာ
ရှေးခေတ်မြန်မာဘုရင်များ လက်ထက်ကတည်းက ပင် သင်္ကြန်အခါတော်ကို နန်းတော်ရှိ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့က ဗေဒင်ကျမ်းများနှင့် အညီ တွက်ချက်ပေးရသည်။
ဘုရင့်နန်းတော်တွင် ဗေဒင် ဆန်းကျမ်း၊ နက္ခတ်ကျမ်း စသည်တို့ကို တစ်ဖက်ကမ်းခတ် တတ်မြောက်သော ပညာရှိတို့က မည်သည့်နှစ်တွင် ၀ါထပ်မည်၊ ၀ါကြီးထပ်မည်၊ ၀ါငယ်ထပ်မည်၊ ရက်ငင်သည်၊ မည်သည့် ဂြိုဟ် အကောက်သွားမည်၊ အဖြောင့်သွားမည်၊ နေကြတ်မည်၊ လကြတ်မည်၊ ငလျင်လှုပ်မည်၊ တော်လည်းမည်၊ စစ်ဖြစ်မည် စသည်တို့ကို နှစ်စဉ်တွက်ချက်၍ ဗေဒင်ဟောစတမ်း ရေးပြီး ဆက်သွင်းရသည်။
တိုင်းပြည်အတွက် တစ်နှစ်တာ ဟောစာတမ်းကို ဘုရင်က သာသနာပိုင်ဆရာတော်အား ပြသပြီး ပညာရှိများ တွက်ချက်ယူဆပုံ နှင့် ကိုက်ညီ- မညီ ညှိနှိုင်းစီစစ်၍ တိုင်းပြည်သို့ ဖြန့်ချီသည်။ ဤဟောစာတမ်းကို သင်္ကြန်စာ ဟူ၍ ခေါ်ဝေါ်လေသည်။
ယနေ့ခေတ်တွင်မူ နိုင်ငံတော်အစိုးရက နိုင်ငံတော်ပြက္ခဒိန်အဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ယင်းအဖွဲ့က နိုင်ငံတော်အတွင်း သင်္ကြန်ကျရက်၊ ကြတ်ရက်၊တက်ရက်၊ ၀ါထပ်ရက်တို့ကို ညှိနှိုင်းတွက်ချက်၍ နိုင်ငံတော် အစိုးရသို့ တင်ပြရသည်။
နိုင်ငံတော်အစိုးရက ယင်းတင်ပြချက်ကို ထုတ်ပြန်ကြေညာပေးသည်။

ရေပက်ဖျန်းကစားခြင်း ဓလေ့
မြန်မာတို့ နှစ်သစ်ကူးတွင် ရေပက်ဖျန်း ကစားကြသည်။ ယင်းယဉ်ကျေးမှု ဓလေ့သည် တကောင်းခေတ်ကပင် ပေါ်ခဲ့သည်ဟု ဆိုရပါမည်။ ပုဂံခေတ်၌ မြန်မာမင်းတို့သည် သကျသာကီဝင်မင်းတို့၏ ဓလေ့ထုံးစံ အတိုင်း ရေပက်ဖျန်းကစားလေ့ရှိကြသည်ကို တွေ့ရသည်။
မှန်နန်းရာဇ၀င် ၌ နရသီဟပတေ့ (ခေါ်) ပုဂံမင်းသည် နွေလအခါ ဧရာဝတီမြစ်ဆိပ်တွင် မင်းတဲ လုံခြုံစွာ ဆောက်၍ နန်းတော်မှ မြစ်ဆိပ်အရောက် လူသူမမြင် သော တဲနန်းဥမင်ဖြင့် ကြွတော်မူ၍ မိဖုရားမောင်းမမိဿံ တို့နှင့်အတူ ရေဖျန်းသဘင် ဆင်ယင်ကျင်းပသည် ဟုရေးသားထားသည်ကို တွေ့ရပါသည်။
ရေပက်ဖျန်းခြင်း ဓလေ့ကို မည်သို့ အဓိပ္ပါယ်ဖွင့်၍ ယူကြစေကာမူ ယနေ့မြန်မာတို့ကမူ နှစ်သစ်ကူးမင်္ဂလာအချိန်တော်တွင် တစ်ဦးနှင့် တစ်ဦး ရေပက်ကစား ကြခြင်းသည် -
အေးမြကြည်လင်ခြင်း၊ အညစ်အကြေးကိုဆေးကြောခြင်း၊ ရေကိုသား၍ အာကြားမထင်ဘဲ ဆက်စပ်နေသကဲ့သို့ တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်၍ ချစ်ခင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း ဟူသော နေရနိမိတ် သုံးပါးကိုယူ၍ ရေပက်ဖြန်းကစားလေ့ရှိကြသည်။

သင်္ကြန်ပွဲတော် ကျင်းပပုံ
မြန်မာလူမျိုးတို့သည် ရှေးအခါမှစ၍ သင်္ကြန်ပွဲတော်ကို ပြက္ခဒိန်အဖွဲ့ က သတ်မှတ်ပေးရက်အရ အကျရက်၊ အကြတ်ရက်၊ အတက်ရက်၊ (၃) ရက် ကျင်းပမြဲဖြစ်သည်။
သင်္ကြန်ပွဲတော်သည် သာကီဝင်မင်းတို့၏ ရေပက်ဖြန်း ကစားမှုဓလ့မှ လောကီဗေဒင်ကျမ်းလာအရ ပွဲတော်ဖြစ်လာသော်လည်း ဗုဒ္ဓဘာသာဝင် တို့ကမူ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို လူမျိုးတိုင်း မင်္ဂလာရှိစေချင်သည်။ မင်္ဂလာယူကြသည်။ မင်္ဂလာအခါဟူ၍ သတ်မှတ်ကြသည်။
နှစ်သစ် တွင် မင်္ဂလာအဖြာဖြာတို့ သစ်ဆန်း၍ တင့်လန်းဝေဖြာစေရန် ဗုဒ္ဓတရားတော်အရ တကယ့်မင်္ဂလာအစစ်ဖြစ်စေသည့် ကုသိုလ်ရေးကိုရအောင်ယဉ်တွဲ၍ သင်္ကြန်ပွဲကို ဆင်နွဲကြသည်၊ ဖန်တီးတည်ဆောက်ကြသည်။
ယင်းအစီအစဉ်အရ သင်္ကြန်အခါတော်တွင် အလှူဒါနပွဲများ ခြိမ့်ခြိမ့်သဲသဲ ဆင်နွဲကြခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ရဟန်းသံဃာတော်များ ဆွမ်းကပ်ခြင်း၊ ဗုဒ္ဓရုပ်ပွါးတော်များအား ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ တရားနာခြင်း၊ ဘုရားပုထိုး ပူဇော်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ ကျောင်းကန် ဇရပ်တို့ကို သန့်ရှင်းခြင်း၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တို့ကို တရော်ကင်ပွန်းတို့ဖြင့် ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာ ရေကောင်းတို့ဖြင့် ရေချိုးသန့်စင်ပေးခြင်း၊ ဘိုးဘွားမိဘ တို့ကို ပူဇော်ကန်တော့ခြင်း၊ ပရိတ်တရားတော် ပွားများ ခြင်း၊ ရေခန်းလုနီးဖြစ်သော အင်း အိုင် ချောင်း မြောင်းများမှ ငါးများကို ဖမ်း၍ဖြစ်စေ၊ အသတ်ခံရမည့်ဆဲဆဲ ငါးများကို ၀ယ်ယူ၍ဖြစ်စေ ရေများရာ ရေကန် ချောင်း စသည်တို့၌ လွှတ်ပေးခြင်း၊ ကျွဲ နွား စသည့် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း စသော ကုသိုလ်ကောင်းမှု များစွာပြု၍ နှစ်သစ်ကူးရေကစား မှုကို ပြုလုပ်ကြသည်။
ရှေးဘုရင် အဆက်ဆက်မှ ယဉ်ကျေး သိမ်မွေ့စွာ ကျင်းပလာခဲ့သော သင်္ကြန်ပွဲတော်သည် ခေတ်အားလျော်စွာ တစ်နှစ်ထက် တစ်နှစ် အသွင်ပြောင်းလဲ လာခဲ့ပါသည်။ သို့သော်လည်း လူ့လောကကို အကျိုးပြု ထိန်းသိမ်း စောင့်ရှောက်သော ယဉ်ကျေးမှုကို နှစ်ပရိစ္ဆေဒ မည်မျှ ကြာညောင်း၍ မည်မျှပင် ရှေးကျစေကာမူ လစ်လျူရှုမထားဘဲ အရှည် တည်တံ့စေရန် အစဉ် ကြိုးစားအားထုတ်ကြရမည်။
မြန်မာ့ ရိုးရာယဉ်ကျေးမှုပွဲတော်များသည် မြန်မာတို့အဖို့ လူမှုရေး၊ နိုင်ငံရေး၊ဘာသာရေးတို့ ၌ များစွာ ကျေးဇူးပြုသည်ကို မြန်မာလူမျိုးတိုင်း နားလည်ကြသည်။
ဒါ့ကြောင့် မြန်မာ့ယဉ်ကျေးမှုဓလေ့ကို မြန်မာတိုင်း လေးစားလိုက်နာ ထိန်းသိမ်းကြရန်ဖြစ်ပါကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။

ကမ္ဘာ့အကြီးဆုံး ကျွန်းကြီးများ

၁။   ဂရင်းလန်ကျွန်း (မြောက်အမေရိကသမုဒ္ဒရာ) - ၂ ၁၃၀ ၈၀၀ စတုရန်းကီလိုမီတာ
၂။   နယူးဂီနီကျွန်း (ပါပူဝါနယူးဂီနီ နှင့် အင်ဒိုနီးရှား) - ၈၀၀ ၀၀၀ စတုရန်းကီလိုမီတာ
၃။   ဘော်နီယိုကျွန်း (အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း) - ၇၃၄ ၁၀၀ စတုရန်းကီလိုမီတာ
၎။   မဒကားစကားကျွန်း (အိန္ဒိယသမုဒ္ဒရာ) - ၅၇၈ ၀၄၁ စတုရန်းကီလိုမီတာ
၅။   ဘတ်ဖ်ဖင်ကျွန်း (ကနေဒါ) - ၅၀၇ ၄၅၁ စတုရန်းကီလိုမီတာ
၆။   ဆူမတြားကျွန်း (အင်ဒိုနီးရှား) - ၄၃၄ ၀၀၀ စတုရန်းကီလိုမီတာ
၇။   ဟွန်ရူးကျွန်း (ဂျပန်) - ၂၂၇ ၄၁၄ စတုရန်းကီလိုမီတာ
၈။   ဗစ်တိုးရီးယားကျွန်း (ကနေဒါ) - ၂၁၇ ၂၉၁ စတုရန်းကီလိုမီတာ
၉။   ဗြိတိန်ကျွန်း (အတ္တလန်တိတ်သမုဒ္ဒရာ) - ၂၁၆ ၇၇၇ စတုရန်းကီလိုမီတာ
၁၀။ အဲလက်စ်မားကျွန်း (ကနေဒါ) - ၁၉၆ ၂၃၆ စတုရန်းကီလိုမီတာ
၁၁။ ဆူလာဝေစီကျွန်း (အင်ဒိုနီးရှား) - ၁၇၉ ၀၀၀ စတုရန်းကီလိုမီတာ
၁၂။ တောင်ကျွန်း (နယူးဇီလန်) - ၁၅၁ ၉၇၁ စတုရန်းကီလိုမီတာ
၁၃။ ဂျာဗားကျွန်း (အင်ဒိုနီးရှား) - ၁၂၆ ၉၀၀ စတုရန်းကီလိုမီတာ
၁၄။ မြောက်ကျွန်း (နယူးဇီလန်) - ၁၁၄ ၄၈၉ စတုရန်းကီလိုမီတာ
၁၅။ နယူးဖောင်းလန်ကျွန်း (ကနေဒါ) - ၁၀၈ ၈၆၀ စတုရန်းကီလိုမီတာ
၁၆။ ကျူးဘားကျွန်း (ကာရေဘီယန်ပင်လယ်) - ၁၀၄ ၉၄၅ စတုရန်းကီလိုမီတာ

ယူရို (၂၀၁၂)ပြိုင်ပွဲနှင့် လက်ခံ ကျင်းပမည့် ဘောလုံး ကွင်းများ

ဒီပို့စ်လေးကတော့ myanmarstriker အားကစားဆိုက်လေးမှာ တင်ထားတာပါ။ လာမယ့် ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲကြီးကို ယူကရိန်းနဲ့ ပိုလန်နိုင်ငံတွေမှာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပကြမှာ ဖြစ်ပါတယ်။ အဲတော့ ပြိုင်ပွဲကျင်းပဖို့ ပြင်ဆင်ထားတဲ့ နှစ်နိုင်ငံက ဘောလုံးကွင်းတွေအကြောင်းကို ဘောလုံး ၀ါသနာရှင်များအတွက် ဗဟုသုတအဖြစ် ပြန်လည်ဝေမျှလိုက်ပါတယ်။

ကိဗ်အိုလံပစ် စတေဒီယမ် ( ပရိသတ် ၀င်ဆန့်မှု – ၆၀၀၀၀ )

ကိဗ် အိုလံပစ် ဘောလုံး ကွင်းကြီးကို ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်ယက် တွင် တည်ဆောက် ထားသည်။ အဆိုပါ ကွင်းကြီး သည် လက်ရှိ ယူကရိန်း တွင် အကြီးဆုံး ကွင်းကြီး အဖြစ် သတ်မှတ် ထားပြီး ယူကရိန်း ကလပ် ဒိုင်နမိုကိဗ် အသင်း ပိုင်ဆိုင်သော ကွင်းကြီးလည်း ဖြစ်သည်။
ထို ကွင်းကြီးတွင် ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ဗိုလ်လု ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရန် စီစဉ် ထားပြီး၊ ကွာတား ဖိုင်နယ် ပွဲစဉ် တစ်ပွဲနှင့် ယူကရိန်း အသင်း ပါဝင်သော အုပ်စု ပွဲစဉ်များ ကိုလည်း အဆိုပါ ကွင်းတွင် ပင် ယှဉ်ပြိုင် ကစား ရမည် ဖြစ်သည်။

နယူးအယ်လ်ဗစ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၃၀၀၀၀)
အဆိုပါ ကွင်း ကို ယူကရိန်း ဘောလုံး ကလပ် FC Lviv အသင်း ပိုင်ဆိုင်ပြီး ယူကရိန်း နိုင်ငံ အနောက်ပိုင်း မြို့တော်ဟု ခေါ်တွင် သည့် Lviv မြို့ တွင် တည်ဆောက် ထားသည်။ အဆိုပါ ကွင်း တွင် ဂျာမနီ ၊ ပေါ်တူဂီ ၊ ဒိန်းမတ် နှင့် ဟော်လန် အသင်း တို့ ပါဝင်သော အုပ်စု ပွဲစဉ် အချို့ကို လက်ခံ ကျင်းပမည် ဖြစ်သည်။

ခါကစ်-မီတဲလစ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၃၀၀၀၀)
အဆိုပါ ကွင်းကို ယူကရိန်း နိုင်ငံ၏ ဒုတိယ မြို့တော် ခါကစ်စီးတီး တွင် တည်ဆောက် ထားပြီး လက်ရှိ ယူကရိန်း ကလပ် မီတဲလစ် အသင်း ပိုင်ဆိုင်သော ကွင်းဖြစ် သည်။ ထိုကွင်း တွင် ဂျာမနီ ၊ ဟော်လန် ၊ ပေါ်တူဂီ၊ ဒိန်းမတ် အသင်းများ ပါဝင်သော အုပ်စု ပွဲစဉ် အချို့ကို လက်ခံ ကျင်းပ သွားမည် ဖြစ်သည်။

ဒွန်းဘတ်စ် အရီနာ (ပရိသတ် ၀င်ဆန့်မှု – ၅၀၀၀၀)
 
အဆိုပါ ကွင်း ကို ယူကရိန်းနိုင်ငံ ၏ မြို့တစ်မြို့ ဖြစ်သော ဒိုးနပ်စ် မြို့တွင်တည်ဆောက် ထားခဲ့သည်။ ကိဗ် အိုလံပစ် ကွင်းပြီး လျှင် ယူကရိန်း နိုင်ငံ၏ အကြီးဆုံး ကွင်း တစ်ကွင်း ဖြစ်ပြီး ၂၀၀၉ ခုနှစ် က မှ ယူရိုပြိုင်ပွဲ အတွက် ရည်မှန်း၍ တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ယူကရိန်း ကလပ် ရှက်တာဒိုးနပ်စ် အသင်း ပိုင်ဆိုင်မည့် ကွင်း ဖြစ်လာ မည် ဖြစ်သည်။
အဆိုပါ ကွင်း တွင် အင်္ဂလန်၊ ပြင်သစ် ၊ ယူကရိန်း ၊ ဆွီဒင် အသင်းများ ပါဝင်သော အုပ်စု ပွဲစဉ် အချို့ကို လက်ခံ ကျင်းပ မည့် အပြင် ကွာတားဖိုင်နယ် ပွဲစဉ် တစ်ပွဲနှင့် ဆီမီးဖိုင်နယ် ပွဲစဉ် တစ်ပွဲကို ပါ လက်ခံ ကျင်းပ မည် ဖြစ်သည်။

ဝါဆောအမျိုးသားကွင်း (ပရိသတ် ၀င်ဆန့်မှု -  ၅၀၀၀၀)
 
ပိုလန် နိုင်ငံ ၀ါဆောမြို့ တွင် တည်ဆောက် ထားခြင်း ဖြစ်ပြီး အဆိုပါ ကွင်း အတွက် ပေါင် ၂၅၅ သန်း အထိ အကုန် အကျခံ တည်ဆောက် ထားသည်။ ယူရို ၂၀၁၂ ပြိုင်ပွဲ၏  ဖွင့်ပွဲ ကို အဆိုပါ ၀ါဆော ကွင်းတွင် ပြုလုပ် သွားမည် ဖြစ်ပြီး ပိုလန် အသင်း ပါဝင်သော အုပ်စု ပွဲစဉ် အချို့ ကိုလည်း လက်ခံ ကျင်းပ မည်ဖြစ်သည်။
ထို့ပြင် အဆိုပါ ကွင်း တွင် ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ် တစ်ပွဲ နှင့် ဆီမီးဖိုင်နယ် ပွဲစဉ် တစ်ပွဲ ကိုလည်း လက်ခံ ကျင်းပမည် ဖြစ်သည်။

ပီဂျီအီး အရီနာ (ပရိသတ် ၀င်ဆန့်မှု – ၄၀၀၀၀)
ပိုလန် နိုင်ငံ ဂျန့်ခ် မြို့တွင် တည်ဆောက် ထားသော ဘောလုံးကွင်း ဖြစ်ပြီး လက်ရှိ တွင်လည်း ပိုလန် ကလပ် ဂျန့်ခ် အသင်း ပိုင်ဆိုင်သော ကွင်း တစ်ကွင်း ဖြစ်သည်။
အဆိုပါ ကွင်းတွင် လက်ရှိ ချန်ပီယံ စပိန် ၊ အီတလီ ၊ အိုင်ယာလန် နှင့် ခရိုအေးရှား တို့ ပါဝင်သော အုပ်စု ပွဲစဉ် အချို့ကို လက်ခံ ကျင်းပမည် ဖြစ် သလို ယူရို ၂၀၁၂ ပြိုင်ပွဲ၏ ကွာတား ဖိုင်နယ် ပွဲစဉ် တစ်ပွဲကိုလည်း လက်ခံ ကျင်းပ သွားမည် ဖြစ်သည်။

ပေါ့ဇ်နန် စတေဒီယန် (ပရိသတ် ၀င်ဆန့်မှု – ၄၀၀၀၀)
ပိုလန် နိုင်ငံ ပေါ့ဇနီ မြို့တွင် တည်ဆောက် ထားသော ကွင်းဖြစ်ပြီး လက်ရှိတွင် ပိုလန် ကလပ် အသင်း ၂ သင်းဖြစ်သော လက်ခ်ျပေါ့ဇနန် နှင့် ၀ါတာ ပေါ့ဇ်နန်တို့ ၂ သင်း ပူးတွဲ ပိုင်ဆိုင်ပြီး ၁၉၈၀ ခုနှစ်တွင် အဆိုပါ ကွင်းကို တည်ဆောက် ခဲ့သည်။
ထိုကွင်း တွင် အီတလီ ၊ စပိန် ၊ အိုင်ယာလန် နှင့် ခရိုအေးရှား တို့ ပါဝင်သော အုပ်စု ပွဲစဉ် အချို့ ကို ကျင်းပမည် ဖြစ်သည်။

မြူနီစပယ် စတေဒီယမ် (ပရိသတ် ၀င်ဆန့်မှု – ၄၀၀၀၀)
အဆိုပါ မြူနီစပယ် စတေဒီယမ် ကို ပိုလန်နိုင်ငံ စလီဗာ မြစ်အနီး အနားတွင် တည်ဆောက် ထားပြီး ယခု ယူရို ၂၀၁၂ ပြိုင်ပွဲ အတွက် ရည်မှန်း ကာ တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကွင်း ကို တရုတ် ဒီဇိုင်း ပညာရှင်များက တည်ဆောက် ထားပြီး တံတားပေါင်း ၁၁၂ ခုပါဝင်ကြောင်း သိရသည်။ ထိုကွင်း တွင် ရှရှား ၊ ပိုလန်၊ ဂရိ ၊ ချက်ရီပဘလစ် တို့၏ အုပ်စု အဆင့် ပွဲစဉ် များကို လက်ခံ ကျင်းပ မည် ဖြစ်သည်။

  
Related Posts Plugin for WordPress, Blogger...